Saturday, March 31, 2012

ကလေးဘဝ ... ကျော်ဦး၊ သိန်းညွန့်နဲ့ မြန်မာ့နိုင်ငံရေး ဆက်စပ်ကြည့်မိခြင်း - (ကိုယဉ်ထွန်း - လူ့ဘောင်သစ်)

အခုတလော မြန်မာ့နိုင်ငံရေးကိစ္စတွေ ကြားနေ၊ သိနေရတာတွေဟာ ကျနော်ငယ်ငယ်က တရပ်ကွက်တည်းနေ ရွယ်တူသူငယ်ချင်းတွေနဲ့ ကျနော် ဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးတွေနဲ့ တော်တော်လေးတူနေတယ်။ ငယ်ငယ်က ဖြစ်ပျက်ခဲ့တာလေးတွေဟာ အများစုအနေနဲ့ အသေးစိတ်မမှတ်မိတတ်ကြပေမယ့် ထူးခြားတဲ့အကြောင်းလေးတွေဆို .. လူတိုင်း မှတ်မိတတ်ကြတယ်မလား ... ကဲဗျာ ... ငယ်ဇာတ်ကြောင်းလေးတွေထဲက စွဲနေတဲ့ မှတ်မိစရာလေးတွေ ပြောပြချင်ပါတယ်။

ကျနော်ငယ်ငယ် ကျနော်တို့ခေတ်တုန်းက ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ ကြောက်နေရတဲ့ ဗိုလ်ကလေးတွေ ရှိတယ်။ ထားပါတော့လေ ... ကျနော်နဲ့ ကစားဖော်ထဲက ကျနော် ကြောက်ရတာက ရပ်ကွက်ထဲမှာက ကျော်ဦး ဆိုတဲ့ ကစားဖော်၊ ကျောင်းမှာဆိုရင်တော့ဗျာ သိန်းညွန့် ဆိုတဲ့ ကျောင်းနေဖက်တို့ ၂ ဦးပေါ့။ ကျနော် ကျော်ဦးကို ကြောက်ခဲ့ရတာလေး မှတ်မိသမျှအရင်ပြောရရင် ကျနော် ၅ နှစ်သားလောက်က သရေကွင်း ပစ်တယ်။ လက်မှာ စွပ်တဲ့သားရေကွင်းလေးတွေကို စည်းဝိုင်းလေးထဲမှထားပြီး ဝိုင်းအပြင်ထွက်အောင်ပစ်နိုင်ရင်နိုင်တဲ့ ကစားနည်းပေါ့လေ၊ ကျနော်က လက်တည့်တယ်။ ကျနော့်အဖေကလည်း သားရေကွင်း ပူဆာရင် အဲဒီ့အချိန်က အထုတ်လိုက် ဝယ်ပေးတတ်တယ်။ ကျနော် ပူဆာတာကို အဖေက နားညည်းလို့နေမှာပါ။ ဒီတော့ သားရေကွင်းတွေနဲ့ အိမ်ရှေ့မှာ အမြဲတမ်းပစ်နေတော့တာပဲ။ 

လူ့ဘောင်သစ်လူငယ် ရန်ပုံငွေဈေးရောင်းပွဲ


Dear all,

We, Youth for a New Society (YNS) are going to have a water festival fund raising on Saturday, 14- 4- 2012. Please come and join with us. You all are warmly welcome to play water with us and you will have a chance making friendship with others too.

Oh! The important news is you can have different kinds of vegetable fried snack and thick noodle (Nan Gyee) salad. One ticket for one meal just only 30 Baht.

Wish you happy and auspicious in Thing Gan, Burmese new year!

Friday, March 30, 2012

မြန်မာ-တရုတ်ဆက်ဆံရေး အလှည့်အပြောင်းဟာ အာဆီယံဥက္ကဋ္ဌနေရာအတွက် ပြင်ဆင်ခြင်းလော။ (မူဝါဒရေးရာ သုံးသပ်တင်ပြချက်) - ဝင်းမြင့်နိုင်

မြန်မာအစိုးရဟာ အာဆီယံဥက္ကဋ္ဌရာကိုရယူဖို့ ပြင်ဆင်မှုတွေပြုလုပ်လာနေချိန်မှာ တရုတ်နဲ့ဆက်ဆံရေးကို ပြန်လည် ချိန်ဆလာပါတယ်။ ဒီအာဆီယံဥက္ကဋ္ဌနေရာဟာ လွန်ခဲ့တဲ့ ၂၀၀၆ တုန်းက တစ်ကြိမ်အလှည့်ကျခဲ့ပေမယ့် မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အနောက်ကမ္ဘာက ဖိအားပေးကန့်ကွက်ခဲ့တဲ့အတွက် လက်လွှတ်လိုက်ရတဲ့ နေရာဖြစ်ပါတယ်။

မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်တဲ့အချက်ကိုကြည့်ရင် တရုတ်နဲ့ဆက်ဆံရေးမှာ မြန်မာအစိုးရဟာ ပြန်လည် ချိန်ခွင့်လျှာညှိလာတဲ့သဘောကို အထင်အရှား တွေ့နိုင်ပါတယ်။ တဖက်မှာ တရုတ်နဲ့ မဟာဗျူကျတဲ့ဆက်ဆံရေးကို သတိကြီးစွာ ထိန်းသိမ်းရင်း၊ တဖက်မှာလည်း တရုတ်လောင်းရိပ်အောက်က ထွက်ပြလိုက်ပုံရပါတယ်။ ဒီအချက်ဟာ ၂၀၁၄ ခုနှစ်မှာ မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ တရုတ်-မြန်မာ ဆက်ဆံရေး အနေအထားကို အချက်ပြနေတာပဲ ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုဟာ တရုတ်အတွက်လည်းဖြစ်သလို၊ အာဆီယံအတွက်လည်း သင့်တော်မယ့် အပြောင်းအလဲဖြစ်ပါတယ်။


ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသများ ဆိုပါလား - ဦးမျိုး (ဥပဒေ)

မြန်မာနိုင်ငံတွင် ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေဟူ၍ နိုင်ငံလွတ်လပ်ရေးရကတည်းက ယနေ့ထိ တခါမှ မပေါ်ပေါက်ခဲ့ဖူးသေးချေ။ ၁၉၄၇ ခုနှစ် အခြေခံဥပဒေသည်ပင်လျှင် ပြည်ထောင်စု ဥပဒေ မစစ်ခဲ့သေးပေ။ လွတ်လပ်ရေး အရယူနိုင်ရန် ပင်လုံစိတ်ဓာတ်ဖြင့် ရေးဆွဲခဲ့ရခြင်းဖြစ်သည်။

၎င်းကို ပြင်ဆင်ရန် (ဝါ) ပြည်ထောင်စု အခြေခံဥပဒေရေးဆွဲရန် ပြည်သူ့လွတ်တော် ပါလီမန် အစည်းအဝေးက ၁၉၆၀ ပြည့်နှစ် နိုဝင်ဘာ ၁၀ ရက်နေ့တွင် အဖွဲ့ဝင် ၂၉ ဦးပါသော အခြေခံဥပဒေပြင်ဆင်ရေးကော်မတီကို ဥပဒေအရ နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးခဲ့သည်။ အခြေခံဥပဒေပြင်ဆင်ရေးကော်မတီ၏ တာဝန် ၃ ရပ်ကိုလည်း ချမှတ်ပေးခဲ့သည်။

စုပေါင်းညှိနှိုင်းဆွေးနွေးပြီး ပြင်ဆင်ရန်ကြိုးပမ်းနေသည့်အချိန်ကာလမှာပင် ဗိုလ်နေဝင်း စစ်အုပ်စုက ၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းကာ ပြည်ထောင်စုကို ဖျက်ဆီးခဲ့သည်။ ဗိုလ်နေဝင်း၏ ၁၉၇၄ ခုနှစ် မဆလ ပြည်ထောင်စု အခြေခံဥပဒေနှင့် ယခု ဗိုလ်သန်းရွှေ၏ ၂၀၀၈ ခုနှစ် နအဖ ပြည်ထောင်စုအခြေခံဥပဒေမှာလည်း အတူတူနှင့် အနူနူပင်ဖြစ်သည်။ အဘယ်ကြောင့်နည်း။ ဗိုလ်နေဝင်း၏ ၁၉၇၄ ခုနှစ် အခြေခံဥပဒေပုဒ်မ ၃၁ အရနှင့် ဗိုလ်သန်းရွှေ၏ ၂၀၀၈ ခုနှစ် အခြေခံဥပဒေပုဒ်မ ၄၉ အရ - တိုင်းဒေသကြီး ၇ ခုနှင့် ပြည်နယ် ၇ ခု ပိုင်းခြားသတ်မှတ်ချက်မှာ တထပ်တည်းတူနေကြ၍ ဖြစ်ပါသည်။ အားလုံး တပြည်ထောင်ဖွဲ့စည်းပုံ အခြေခံဥပဒေချည်း ဖြစ်နေသောကြောင့်ပင်တည်း။ မည်သည့် စစ်အာဏာရှင်စနစ်ကမျှ ပြည်ထောင်စုကို လုံးဝ မလိုလားကြောင်း တိုင်းရင်းသားအားလုံးက သိနှင့်နေကြပြီး ဖြစ်သည်။

Saturday, March 24, 2012

လူ့ဘောင်သစ်လူငယ်အကြောင်း တစေ့တစောင်း


မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနှင့် ပတ်သက်မှုမရှိဟု ဆို

နိုင်ငံရေးပါတီသစ်အဖြစ် မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပါတယ်။

မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဟာ ပြည်ပအခြေစိုက်ပြီး ၁၉၈၈ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီနဲ့ ပတ်သက်မှုမရှိဘူးလို့ ပါတီဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ပြောပါတယ်။


Friday, March 23, 2012

ပြည်တွင်းစစ် တိုင်းရင်းသားလူမျိုးများအရေးနှင့် ဒီမိုကရေစီ ပြဿနာများ - အောင်မြင့်ဦး (မဟာဝိဇ္ဇာ)

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လုံးဝ လွတ်လပ်ရေးရရှိခဲ့သည်။ ရရှိခဲ့သော လွတ်လပ်ရေးနှင့်အတူ ပေါ်ထွက်လာခဲ့သော ပြဿနာများမှာ ပြည်တွင်းစစ်၊ တိုင်းရင်းသားလူမျိုးများအရေးနှင့် ဒီမိုကရေစီပြဿနာများပင် ဖြစ်ကြသည်။ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ရသော ပထမအကြောင်းရင်းသည် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးမှုက စတင်ခဲ့သည်။ 

ဗိုလ်ချုပ်အောင်ဆန်းသည် လက်ဝဲအင်အားစုများ ညီညွတ်ရေးနှင့် တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းကာကွယ်ပြီး မြန်မာနိုင်ငံတွင် တည်ရှိနေသော နယ်ချဲ့စနစ်ကို အပြီးတိုင် စာရင်းရှင်း မောင်းထုတ်၍ ပြီးပြည့်စုံသော အမျိုးသား စီးပွားရေးစနစ်ကို ချီတက်သွားနိုင်သည့် အလားအလာများကို နယ်ချဲ့သမားက သိရှိခဲ့သည်။ ထိုသို့ ချီတက်သွားနိုင်ပါက နယ်ချဲ့သမားသည် သန်းပေါင်း ၂၀ မျှရှိသော မြန်မာလူထု၏ ဈေးကွက်တွင်ရှိနေသည့် သူတို့၏ စီးပွားရေးအားလုံးကို လက်လွှတ်ဆုံးရှုံးသွားရမည် ဖြစ်သည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးကြီး ပြိုကွဲသွားအောင် အမျိုးသားသစ္စာဖောက်များ နှင့် ပူးပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။

Wednesday, March 21, 2012

ရေဆန်လမ်းသို့ လှုံ့ဆော်စည်းရုံးကြခြင်း

  
မြန်မာနိုင်ငံ၌ မတရားဖမ်းဆီးခံကြရပြီး အကျဉ်းထောင်းအသီးသီး၌ ဆက်လက်အကျဉ်းကျခံနေကြရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၎င်းတို့၏ ထောင်တွင်းဘဝများ၊ နှိပ်စက်ညှဉ်းပမ်းခံရမှုများနှင့် လူသားဖြစ်မှု ဆုံးရှုံးခဲ့ကြရပုံများကို ဒါရိုက်တာ မစ္စ်ဂျင်နီ ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်ပြသခြင်းနှင့်အတူ နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသော ကိုဘိုကြည် (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ) နှင့် နိုင်ငံရေးအကျဉ်းသူတဦးဖြစ်သူ မစန်းစန်မော် (NLD) တို့မှ ၎င်းတို့၏ ထောင်တွင်းဘဝနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများအား တင်ပြဆွေးနွေးခြင်း အစီအစဉ်ကို ‘ရေဆန်လမ်းသို့’ ဟူသော ခေါင်းစဉ်ဖြင့် ယခုလ မတ်လ ၁၆ ရက်နေ့ ၂၀၁၂ ခုနှစ် ညနေ ၆ နာရီတွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် စီရယ်တဲလ်မြို့၌ ကျင်းပခဲ့ပါသည်။

Monday, March 19, 2012

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့အခါ အလုပ်သမား၊ လယ်သမားတွေရဲ့အကျိုးကို မထိခိုက်ရန်လို

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့အခါ အလုပ်သမား၊ လယ်သမားတွေရဲ့အကျိုးကို မထိခိုက်ရန်လို
ကျနော်တို့ ဒီညဆွေးနွေးမယ့် အကြောင်းအရာကတော့ ဒီအလုပ်သမားအခွင့်အရေးကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ အခုမြန်မာနိုင်ငံ အပြောင်းအလဲဖြစ်လာတာနဲ့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါတယ်။ နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ဥပဒေတွေ ထုတ်ပြန်ဖို့ကိုလဲ ပြင်ဆင်နေတာတွေ ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလိုမျိုး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်လာမယ်။ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာမယ်ဆိုလို့ရှိရင် အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးကိစ္စနဲ့ပတ်သက်လို့ ဘယ်လို ကာကွယ်ပေးမလဲဆိုတဲ့ကိစ္စကို ကျနော်ဆွေးနွေးမှာ ဖြစ်ပါတယ်။ 

တလောကပဲ လှိုင်သာယာမှာရှိတဲ့ တိုင်ရီ တရုတ်အမျိုးသားပိုင် တိုင်ရီစက်ရုံ ဖိနပ်စက်ရုံမှာ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြားမှာ ပဋိပက္ခတွေ ဖြစ်ပါတယ်။ ပဋိပက္ခ ဖြစ်မှုဟာ ရက်တော်တော်ကြာတဲ့အထိ မပြေမလည်ဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုးရက်အတော်ကြာအထိ ဖြစ်နေတာက တဖက်ကကြည့်ရင် အလုပ်သမားတွေဘက်မှာလည်း တော်တော်လေး နစ်နာမှုရှိပါတယ်။ လက်ရှိ ဒီလိုမျိုး အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ တဖက်မှာ အလုပ်ရှင် အလုပ်သမားဖြစ်တဲ့အခါမှာ အစိုးရတွေဘက်ကနေပြီးတော့ ဥပဒေအရ ပြဌာန်းတာ၊ ကာကွယ်ပေးတာ ရှိသလိုပဲ၊ လူ့အဖွဲ့အစည်းတွေဘက်က လူမှုအဖွဲ့အစည်းတွေဘက်က ဘယ်လို ကာကွယ်ပေးကြမလဲ၊ အစိုးရဘက်က ဘယ်လို ကာကွယ်ပေးနိုင်မလဲ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ သုံးသပ်ဆွေးနွေးမှာ ဖြစ်ပါတယ်။ 

Friday, March 16, 2012

ပါတီ ဥက္ကဋ္ဌ နှင့် ပါတီဝင်ရဲဘော်များ တွေ့ဆုံဆွေးနွေးပွဲ

အမေရိကန်ပြည်ထောင်စုသို့ ခေတ္တရောက်ရှိနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ရဲဘော်အောင်မိုးဇော် နဲ့ အမေရိကားမှာရောက်ရှိနေတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်ရဲဘော်များ ပါဝင်တဲ့ တယ်လီဖုန်းဆွေးနွေးပွဲတရပ်ကို အခုလာမယ့် တနင်္ဂနွေနေ့ (မတ်လ ၁၈ ရက်၊ ၂၀၁၂ ခုနှစ်၊ နယူးယောက် စံတော်ချိန် နေ့လည် ၁ နာရီ) မှာ ပြုလုပ်မယ်လို့ ဆွေးနွေးပွဲ ဖိတ်ကြားစာအရ သိရပါတယ်။


သမ္မတ ဦးသိန်းစိန်၏မိန့်ခွန်းအပေါ် လူ့ဘောင်သစ် လူငယ် ဥက္ကဋ္ဌ နော်မေဘယ်ထူး၏ ဆွေးနွေးချက်

(အပိုင်း - ၁)


(အပိုင်း - ၂)

Friday, March 9, 2012

“လုပ်စရာ အများကြီးကျန်သေးတယ်”

မတ်လ ၁ ရက်နေ့ သမ္မတမိန့်ခွန်းအပေါ် ကိုအောင်မိုးဇော်၏ သဘောထားအမြင်
 
ဗွီအိုအေ။ ။ မင်္ဂလာပါခင်ဗျား။ ဗွီအိုအေရဲ့ ဗုဒ္ဓဟူးနေ့မနက် တိုက်ရိုက်လေလှိုင်း အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ အစီအစဉ်မှာတော့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က နိုင်ငံတော်သမ္မတက လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်ကနေတဆင့် နိုင်ငံတော်ကိုပြောကြားခဲ့တဲ့ မိန့်ခွန်းပါအချက်တွေအပေါ် သောတရှင်တွေက ဘယ်လိုများ မြင်ကြပါသလဲဆိုတာကို ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ 

ဒီအစီအစဉ်ကို သောတရှင်များ အတော်လေး စိတ်ဝင်စားပုံရပါတယ်။ ကျနော်တို့ကို အီးမေးလ်နဲ့ ပို့ပြီးတော့ ဆွေးနွေးထားသူတွေ စုံစုံလင်လင်နဲ့ အများအပြားကို ရပါတယ်။ ဝင်ရောက်ဆွေးနွေးချင်သူတွေလည်း ကျနော်တို့ဆီကို အကြောင်းကြားတာတွေ ရှိပါတယ်။ 

အတတ်နိုင်ဆုံး ကျနော်တို့ အီးမေးလ်တွေကိုလည်း အကျဉ်းချုပ်ပြီးတော့ တတ်နိုင်သလောက် ဖတ်ပေးသွားမှာဖြစ်သလို ဆွေးနွေးသူတွေကိုလည်းပဲ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားဆက်သွယ်သွားပါမယ်။ ထုံးစံအတိုင်း မြန်မာပြည်တွင်း ဖုန်းဆက်သွယ်ရေးများကတော့ ခက်ခဲနေဆဲပဲ ရှိပါသေးတယ်။ သမ္မတမိန့်ခွန်းထဲမှာလည်းပဲ ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ရသူတွေက ပြောတာဆိုတာတွေကိုလည်း ကျနော်တို့ ကြားထားရတာ ရှိပါတယ်။

Wednesday, March 7, 2012

ကျေးရွာဝါဒ ပြောင်းလဲနိုင်ပါ့မလား? - ဦးမျိုး (ဥပဒေ)

၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁) ဖြစ်သော “ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး ဥပဒေ” ကို နိုင်ငံတော် သမ္မတ က ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ပြဋ္ဌာန်းခဲ့သည်။
ဤဥပဒေ၏ အခန်း (၄) ။ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ခန့်အပ်တာဝန်ပေးခြင်း။ ပုဒ်မ – ၆ တွင် “မြို့နယ်အုပ်ချုပ်ရေးမှူးသည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ယင်းတာဝန်ကို ထမ်းဆောင်ရန်ဆန္ဒရှိသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအတွင်းရှိ အများကြည်ညိုလေးစားပြီး သြဇာတိက္ကမ ရှိသည့် ရပ်မိရပ်ဖ ငါးဦးကိုရွေးချယ်၍ ကြီးကြပ်ရေးအဖွဲ့အဖြစ် တာဝန် ပေးအပ်ရမည်။” ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။ 

မြို့အုပ်က ရပ်/ကျေး ကြီးကြပ်ရေး အဖွဲ့ဝင် ၅ ဦးကို တာဝန်ပေးအပ်ရမည် - ဖြစ်ပါသည်။ ထိုအဖွဲ့ဝင် ၅ ဦးကို ရပ်/ကျေးနေ ပြည်သူလူထုများက ကြိုက်နှစ်သက်ခြင်း ရှိ/မရှိ နှင့် ပတ်သက်၍ ဆန့်ကျင်ခြင်း၊ ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းပြုနိုင်ပါရန် ဤဥပဒေတွင် ပြဋ္ဌာန်းချက်များ ပါရှိမလာပါ။ ကြီးကြပ်ရေး အဖွဲ့ဝင် ၅ ဦးကို မြို့အုပ်တဦးတည်းက တာဝန်ပေးအပ်သူသာ ဖြစ်ရပါတော့မည်။ အဖွဲ့ဝင် ၅ ဦးထဲမှ မည်သူ့ကိုမဆို ပြည်သူလူထုက သဘောထားပေးပိုင်ခွင့် ပေးအပ်ထားရပါမည်။ သို့မှသာ ပြည်သူ့ဆန္ဒနှင့်အညီ ရွေးချယ်မည့် ပြည်သူ့ကိုယ်စားလှယ်များ အမှန်အကန် ရရှိနိုင်ပါမည်။ လူထုပါဝင်မှုကို ဖိတ်ခေါ်သင့်ပါသည်။

Monday, March 5, 2012

အော်ရီဂွန်ပြည်နယ်၌ နှီးနှောဖလှယ်ပွဲကျင်းပနိုင်ရန် ပြင်ဆင်

အော်ရီဂွန်ပြည်နယ်၌ရောက်ရှိနေကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် နှီးနှောဖလှယ်ပွဲကြီးတရပ်ကျင်းပနိုင်ရေးအတွက် အော်ရီရွန်ပြည်နယ်သို့ ရောက်ရှိနေကြသော မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ၊ စိတ်ပါဝင်စားသူများပါဝင်သည့် ပဏာမညှိနှိုင်းပွဲတရပ်ကို အော်ရီဂွန်ပြည်နယ် ပေါ့တလန်းမြို့ရှိ ပြောင်းရွှေ့အခြေချနေထိုင်သူများအား အကူအညီပေးလျှက်ရှိနေသည့် လူသာရမ် ကွန်မြူနတီရုံး (Lutheran Community Services) 605 SE 39th- Ave, Portland- OR- 97214) ၌ မတ်လ ၃ ရက်နေ့ နေ့လည် ၂ နာရီမှ ၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။


Sunday, March 4, 2012

ဒီမိုကရေစီရေး အထောက်အပံ့၊ ဖွံ့ဖြိုးရေးအကူညီ၊ တွဲမရ ခွဲမရ အစီအစဉ်များ (ရဲဘော် ဝင်းမြင့်နိုင်)

တချိန်က သီးခြားစီရှိခဲ့တဲ့ ဒီမိုကရေစီထောက်ပံ့ရေးနဲ့ ဖွံ့ဖြိုးရေးအကူအညီများအကြားမှာ အခုတော့ ဆက်နွယ်မှုတွေ တိုးပွားလာတာကို မြင်နေရပါပြီ။ သည်နယ်ပယ်နှစ်ခုရဲ့ လက်တွဲဆောင်ရွက်မှုကတော့ တဖက်စောင်းနင်းဖြစ်နေဆဲပါ။ 
တိုင်းပြည်အလှည့်အပြောင်းတခုအတွင်းက သည်နှစ်ခုရဲ့ကွင်းဆက်တွေ၊ အဆင့်ဆင့်ပြောင်းလဲမှုနဲ့ အကျိုးဆက်ရလဒ်တွေအကြောင်းကို လေ့လာဖို့ ဒီမိုကရေစီဂျာနယ်နဲ့ ကာနယ်ဂျီအထောက်အကူပြုအဖွဲ့တို့က ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဦးသိန်းစိန် ဖတ်ပေးပါ … ကိုယဉ်ထွန်း (လူ့ဘောင်သစ်)

ဦးသိန်းစိန်အနေနဲ့ တိုင်းပြည်ကို တရားဝင်စကားပြောလိုက်တာ နားထောင်ရပါတယ်။ ဒီတော့ ကျနော် မိန့်ခွန်းကို သေသေချာချာ နားထောင်ပါတယ်။ အခုလိုပြောလိုက်တော့ ပိုပြီးရှင်းရှင်းလင်းလင်းလေး သိလာရတာတွေ ရှိပါတယ်။ စကားစပြောပြောခြင်း အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်အပြင်ကိုရောက်ရှိနေတဲ့ နိုင်ငံသားတွေကို ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေလို့ ဆုတောင်းသွားပါတယ်။

ဦးသိန်းစိန်ခင်ဗျာ ကျနော်တို့ ... တိုင်းပြည်အတွက် အင်မတန်မှ စိတ်ပူနေခဲ့ကြတာ ၂၄ နှစ်ရှိပါပြီ။ ကျနော်တို့က တိုင်းပြည်အပြင်ကို နိုင်ငံရေးကြောင့် ရောက်ကြရပါတယ်။ ဒီမိုကရေစီစံနစ်ကို တည်ဆောက်ချင်တဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့်ပါ။ ဒီယုံကြည်ချက်အရ ဘယ်သူနဲ့ အတိုက်အခံဖြစ်ခဲ့ပါသလဲဆိုတော့ စစ်အာဏာရှင်တွေနဲ့ပါ။ ဘယ်လိုစစ်အာဏာရှင်တွေလဲဆိုတော့ ကတိ လုံးဝ မတည်တဲ့၊ ဗိုလ်ကျတတ်တဲ့၊ လူအများစုကြီးကို ဖိနှိပ်အုပ်ချုပ်တတ်တဲ့၊ ကိုယ်ကျိုးစီးပွား အကြီးအကျယ် မတရားရှာတတ်တဲ့သူတွေပါ စိတ်မထင်ရင်ဘုန်းကြီးတောင်သေနတ်နဲ့ပစ်တဲ့သူတွေပါ။ အမှန်အတိုင်းပြောတာ ပါဗျာ လွန်တာရှိရင်ဝန်တာမိပါလို့ဆိုလိုက်ပါရဲ့ ...။

Friday, March 2, 2012

လက်တလော မြန်မာ့နိုင်ငံရေးအနေအထား စုစည်းသုံးသပ် တင်ပြချက် (ရဲဘော် ဝင်းမြင့်နိုင်)

၁။ ယေဘူယျ အခင်းအကျင်း။

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

၃။ အစိုးရနဲ့ လွှတ်တော်။

၎။ ကြားဖြတ်ရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးရေး။

၅။ နိုင်ငံတကာ ပါဝင်ပတ်သက်မှု။

၆။ အပစ်အခတ်ရပ်စဲရေး။

၇။ အောက်ခြေလူထု ခံစားနေရတဲ့ အခွင့်ရေးချိုးဖောက်မှုများနဲ့ ဒီကနေ့ နိုင်ငံရေးအပြောင်းအလဲ။

၈။ လက်ရှိအစိုးရက ဘာတွေပြောင်းလဲဖို့ ကြိုးစားနေသလဲ။

၉။ ပြည်ပရောက် အဖွဲ့အစည်းများနဲ့ လူတစ်ဦးချင်းစီ အခြေအနေ။

၁၀။ နောက်ကြောင်းပြန်လှည့် မလှည့်၊ ရှေ့ ဘယ်လိုဆက်ဖြစ်နိုင်သလဲ။

(ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း သတင်းများအား အခြေခံ စုစည်းတင်ပြပါသည်)