Sunday, March 4, 2012

ဒီမိုကရေစီရေး အထောက်အပံ့၊ ဖွံ့ဖြိုးရေးအကူညီ၊ တွဲမရ ခွဲမရ အစီအစဉ်များ (ရဲဘော် ဝင်းမြင့်နိုင်)

တချိန်က သီးခြားစီရှိခဲ့တဲ့ ဒီမိုကရေစီထောက်ပံ့ရေးနဲ့ ဖွံ့ဖြိုးရေးအကူအညီများအကြားမှာ အခုတော့ ဆက်နွယ်မှုတွေ တိုးပွားလာတာကို မြင်နေရပါပြီ။ သည်နယ်ပယ်နှစ်ခုရဲ့ လက်တွဲဆောင်ရွက်မှုကတော့ တဖက်စောင်းနင်းဖြစ်နေဆဲပါ။ 
တိုင်းပြည်အလှည့်အပြောင်းတခုအတွင်းက သည်နှစ်ခုရဲ့ကွင်းဆက်တွေ၊ အဆင့်ဆင့်ပြောင်းလဲမှုနဲ့ အကျိုးဆက်ရလဒ်တွေအကြောင်းကို လေ့လာဖို့ ဒီမိုကရေစီဂျာနယ်နဲ့ ကာနယ်ဂျီအထောက်အကူပြုအဖွဲ့တို့က ဆွေးနွေးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီမိုကရေစီရေး အထောက်အပံ့နှင့် ဖွံ့ဖြိုးရေးအကူအညီများ အတူတကွတိုးတက်ခြင်းသို့

ကာရိုသားစ် က သည်နှစ်ခု ဒွေးရောယှက်တင် ဖြစ်ပေါ်တိုးတက်နေတာတွေကို နှစ်၂၀ စာ ခြေရာခံကြည့်ပါတယ်။

(တူညီဦးစားပေး အစီအစဉ်များ) - ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးဟာ အပြန်အလှန် ဖြည့်ဆည်းပေးနိုင်မယ်ဆိုတဲ့ အတွေးခေါ်ကို နိုင်ငံတကာအလှူရှင်တွေက ၁၉၉၀ နှစ်များအတွင်းမှာ စဉ်စားလက်ခံလာကြတယ်။ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးကို ဖော်ဆောင်မယ့် အင်အားစုနှစ်ခုလုံးကလည်း တရားဥပဒေစိုးမိုးရေး၊ လူလတ်တန်းစားပေါ်ထွန်းရေး စတာတွေကို တူညီတဲ့ ဦးတည်ချက်တွေအဖြစ် အသိအမှတ်ပြုလာကြတယ်လို့ လဲဗီးက မှတ်ချက်ချပါတယ်။

(နိုင်ငံရေးလုပ်ငန်းစဉ်တွင်ထည့်သွင်းခြင်း) - အုပ်ချုပ်ရေးကောင်းမွန်မှုကဏ္ဍဟာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အခရာကျတယ် ဆိုတာကို တချိန်က နိုင်ငံရေးနဲ့ မပတ်သက်ဘူးဆိုတဲ့ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးသမားတွေကိုယ်တိုင် အသိအမှတ်ပြုလာကြပါပြီ။ အစိုးရကောင်းတရပ်ရဲ့ အခြေခံလိုအပ်ချက်တွေထဲက ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနဲ့ တာဝန်ယူမှုတွေကို ဌာနဆိုင်ရာတိုင်းမှာ တိုးမြှင့်ဆောင်ရွက်ဖို့ နိုင်ငံရေးပန်းတိုင်တွေအဖြစ် ထည့်သွင်းလာကြပါပြီ။

(ဒီမိုကရေစီဖော်ဆောင်ရေးကိုကူညီခြင်း) - တချိန်တည်းမှာပဲ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေပေါ်ပေါက်အောင် ကူညီရာကနေတဆင့် ဒီမိုကရေစီအစိုးရတွေပေါ်ထွက်လာဖို့ကို တိုးမြှင့်ဆောင်ရွက်လာကြတယ်။ ဒီအကူးအပြောင်းမှာ အုပ်ချုပ်ရေးယန္တယားတွေကို အာရုံစိုက်ဆောင်ရွက်ရာကနေ အခြေခံလူမှုစီးပွား ပြဿနာတွေကို စတင် ကိုင်တွယ်လာရတော့တာပါပဲ။ ပြည်သူတွေရဲ့ အခြေခံလူမှုစီးပွားရေး တောင်းဆိုချက်တွေနဲ့ မကိုက်ညီတဲ့ ဒီမိုကရေစီ အခွင့်အရေးသစ်တွေဟာ ကျဆုံးသွားတတ်တယ်လို့ ဆိုပါတယ်။ ‘ရည်ညွန်း ဒီမိုကရေစီရေးအကူအညီ-၂၀၀၅ အန်ဒီအိုင်’

(အဖွဲ့အစည်းများ ပေါင်းစည်းခြင်း) - ဒီအပြောင်းအလဲမှာ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး အင်အားစုနှစ်ခုလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်နဲ့ ကဏ္ဍတွေအလိုက် ပေါင်းလုပ်ကြဖို့ ဦးတည်လာပါတယ်။ အဓိကကျတဲ့ ဖွံ့ဖြိုးရေး အေဂျင်စီကြီးတွေဟာ ဒီမိုကရေစီအခြေခံအစိတ်အပိုင်းတွေကို လုပ်ငန်းစဉ်တွေအဖြစ် ထည့်သွင်းလုပ်ကိုင်လာကြပါတယ်။ ဆွီဒင် နိုင်ငံတကာ ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီဟာ ဒီမိုကရေစီရေးနဲ့ ဖွံ့ဖြိုးရေးကိုပေါင်းစပ်ရာမှာ အတော်ခရီးရောက်တဲ့အဖွဲ့ပါ။ ဆင်းရဲမွဲတေမှုကို လူမှုစီးပွားကျဆင်းမှုအဖြစ်သာမက နိုင်ငံရေးလွတ်လပ်ခွင့် ကင်းမဲ့မှုကြောင့်လို့ သတ်မှတ်ပါတယ်။


စဉ်ဆက်မပြတ်ကဏ္ဍများ

အဆင့်ဆင့်ပြောင်းလဲနေသော်လည်း ဒီမိုကရေစီမြှင့်တင်ရေးနဲ့ ဖွံ့ဖြိုးရေး အင်အားစုတွေအကြားမှာ အပြင်းစား ခြားနားမှုတွေ ကျန်ရှိနေပါသေးတယ်။

(သဘောထားတိုက်ဆိုင်မှုချို့တဲ့) - ဖွံ့ဖြိုးရေးအုပ်စုများက ၎င်းတို့ဖော်ဆောင်မယ့်အစီအစဉ်တွေမှာ နိုင်ငံရေးလုပ်ငန်းအချို့ ဆက်စပ်မှုရှိနေတာကို ထည့်သွင်းစဉ်းစားပေမယ့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီမိုကရေစီဟာ အသုံးပြုရမယ့် ကိရိယာတခုအဖြစ် မဖော်ပြကြပါဘူး။ ဥပမာ တရုတ်အာဏာပိုင် အစိုးရအောက်မှာ တဟုန်ထိုးတိုးတက်လာတဲ့ စီးပွားရေးကို သီးခြားနမူနာအဖြစ်ပြသပြီး ဒီမိုကရေစီနဲ့ဆက်စပ်မှ ဖွံ့ဖြိုးတိုးတက်မယ်ဆိုတာကို သံသယထားလာကြတာပါ။

(တရားသေ ပုံစံသေ) - အသားကျနေတဲ့အခြေအနေတွေက ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးသမားတွေအကြားက ဆွေးနွေးညှိနှိုင်းမှုကို အဟန့်အတား ဖြစ်နေပါတယ်။ ဥပမာ ဒီမိုကရေစီသမားတွေက ပုံမှန်အားဖြင့် အုပ်ချုပ်ရေးယန္တရား ထူထောင်ရေးကို အလေးပေးချိန်မျိုးမှာ ဖွံ့ဖြိုးရေးသမားတွေက တော်လှန်အုံကြွရေးသွားနေတယ်လို့  သုံးသပ်ကြတာမျိုးပေါ့။

(နိုင်ငံပိုင်ကိစ္စ) - ဖွံ့ဖြိုးရေးအဖွဲ့အစည်းတွေဟာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနဲ့ တိုက်ရိုက်လုပ်ကိုင်ကြရတာ များပါတယ်။ နိုင်ငံရေးကိစ္စတွေ ဖွံ့ဖြိုးရေးထဲထည့်လိုက်ခြင်းအားဖြင့် အဲဒီအာဏာပိုင်တွေနဲ့ ဆက်ဆံရေးပျက်မှာကို မလိုလားကြပါဘူး။

အခြားတဖက်မှာ ဒီမိုကရေစီအင်အားစုက မကြာခဏဆိုသလိုပဲ တိုင်းပြည်ကိုယ်စား အာဏာပိုင်တွေရဲ့ တရားဝင် လုပ်ပိုင်ခွင့်တွေကို မေးခွန်းထုတ်တာ၊ ဝေဖန်ထောက်ပြတာ၊ တောင်းဆိုတာတွေလုပ်ကြရပါတယ်။

(အကျိုးဆက်ကို ဆင်ခြင်) - ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေက အာဏာပိုင်တွေရဲ့ အုပ်ချုပ်မှုကို တရားဝင်အောင် အသက်သွင်းပေးခြင်းအားဖြင့် ဒီမိုကရေစီကို ထိခိုက်စေပါတော့တယ်။ ဒီတော့ ဖွံ့ဖြိုးရေးကို ကျွမ်းကျင်သူတွေ အသေအချာ စဉ်းစားရမှာက ဖြစ်နိုင်ခြေရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေပဲ၊ ဒီမိုကရေစီဖော်ဆောင်သူတွေရဲ့ ဆန့်ကျင်ဘက်ကို တွန်းအားပေးရာ မရောက်အောင်လည်း ဂရုပြုရမယ်။

(အတွေးအခေါ်ကောင်းများမှ လက်တွေ့သို့) - ဒီမိုကရေစီအင်အားစုနဲ့ ဖွံ့ဖြိုးရေးအင်အားစု တဖက်ကိုတဖက် စိုးရိမ်မှုတွေရှိနေပေမယ့် အများသိသာအောင် အတူတကွ ဖော်ထုတ်ပြောဆိုလာတဲ့ကိစ္စမျိုးတွေ မမြင်ရသေးပါဘူး။

တဆင့်ချင်းပြောင်းလဲရေး အမြင်

လဲဗီးက ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးအကြား အကန့်အသတ်ဇယားတွေ မထားမိစေဖို့ သတိပေးပါတယ်။ ကြွယ်ဝပွင့်လင်းတဲ့ လူ့အဖွဲ့ အစည်းကို ရည်ရွယ်ချက်ပန်းတိုင်အဖြစ် အတူထားဖို့ တိုက်တွန်းပါတယ်။

(ဆုံးရှုံးမှုလမ်းများ) - မဟာဗျူဟာ အကွဲအလွဲတွေနဲ့စတဲ့နိုင်ငံတွေမှာ ကပ်ပါလာတဲ့ အကွဲအလွဲလမ်းကြောင်းတွေက ပန်းတိုင်အဖြစ်သတ်မှတ်ထားခဲ့တဲ့ လူလတ်တန်းစား ပေါ်ပေါက်ရေး၊ ပုဂ္ဂလိကစီးပွားရေးကဏ္ဍ ပေါ်ထွန်းရေး၊ ဒီမိုကရေစီ အဆောက်အဦများ ထူထောင်ရေးတို့မှာ သွားအဆုံးသတ်ပါတယ် တဲ့။

(အသေးစိတ်လုပ်) - ခုလိုခြားနားတဲ့အမြင်တွေအပေါ်မှာ လဲဗီး အကြံပြုတင်ပြပါတယ်။ နိုင်ငံတကာ အေဂျင်စီတွေအနေနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကို ဆုံချက်ထားပြီး အားပေးကူညီသင့်တယ်။ ဥပမာ အခြားကဏ္ဍအသီးသီးမှာ ထိရောက် အောင်မြင်မှုမရှိတဲ့အချိန်မျိုးမှာ အစိုးရယန္တရားတွေ ပိုမိုကောင်းမွန်ရေးဘက်မှာ အားဖြည့်တာက အဓိက ပိုကျတယ်လို့ ဆိုပါတယ်။

(လူမှုရေး တာဝန်ခံမှု) - ဖွံ့ဖြိုးရေးသမားတွေက အဆင့်မြင့်ဌာနယန္တရားတွေ ပြန်လည်တည်ဆောက်ရေးထက် အောက်ခြေမှာ ဝင်ရောက်ဆောင်ရွက်ရေးကို တိုးတက်ဆောင်ရွက်ချင်ကြပါတယ်။ ဒီအပြောင်းလဲက လူထုနည်းနဲ့
အစိုးရရဲ့တာဝန်ခံမှုကို မြှင့်တင်နိုင်မယ်လို့ ပြောပါတယ်။ အစိုးရအဖွဲ့ဌာနဆိုင်ရာတွေ လည်ပတ်မှုမရှိတဲ့အချိန်မျိုးမှာ လူထုအဖွဲ့အစည်းတွေရဲ့စွမ်းအား ဘယ်လောက်ပြနိုင်မလဲဆိုတဲ့ မေးခွန်းမျိုးလည်းရှိနေပါတယ်။

(ဒီမိုကရေစီကို ဘယ်လောက်စောင့်မလဲ) - မေးခွန်းကတော့ အာဏာရှင်တွေက လမ်းမဖွင့်ပေးသမျှကာလကို
ဖွံ့ဖြိုးရေးသမားတွေက ဘယ်လောက်ကြာကြာစောင့်နေကြမှာလဲ၊ တိုးတက်တဲ့နိုင်ငံတွေမှာ အောင်မြင်ခဲ့တဲ့ မှတ်တမ်းတွေအရတော့ ဆင်းရဲနိမ့်ကျတဲ့အလွှာထက် လူလတ်တန်းစားအလွှာကသာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို ဦးစီးရှေ့ဆောင်ကြတာပါတဲ့။

နိုင်ငံရေး ဖွံ့ဖြိုးရေး အတွဲအခွဲ

(အခက်အခဲနဲ့ မညီမျှမှုများ) - သည်နယ်ပယ်နှစ်ခုကလူတွေ တွဲလုပ်ကြဖို့ခက်ခဲသလို တန်းတူရည်တူဖြစ်ဖို့လည်း မလွယ်ကူချေ။ ဒီမိုကရေစီအဝန်းအဝိုင်းက ကြီးမားတဲ့ ဖွံ့ဖြိုးရေးအကူအညီတွေကြားမှာ နိုင်ငံရေး ထိခိုက်နစ်နာမှာမျိုးတွေကို မလိုလားပါဘူး၊ ဖွံ့ဖြိုးရေးဘက်ကလည်း အုပ်ချုပ်ရေးပန်းတိုင်ကို ဒီမိုကရေနည်းနဲ့ တိုးတက်အောင် ဆောင်ကျဉ်းနေချိန်မှာတောင် ဖွံ့ဖြိုးရေးဆိုင်ရာ ဒီမိုကရေစီစံတွေ မရှိတော့ဘူးလားလို့ မေးခွန်း ထုတ်ပါတယ်။

(အထူးပြုမှု ကွဲလွဲချက်များ) - ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေးအစီအစဉ်နှစ်ခုမှာ နှိုင်းယှဉ်ကြည့်ရမယ့် အထူးတလည်
မတူကွဲပြားတဲ့ အရာတွေရှိပါတယ်။ ဥပမာ၊ ဒီမိုကရစီဖွံ့ဖြိုးရေး အကူအညီတွေကို လူလတ်တန်းစားတွေအတွက် အဓိက အခန်းကဏ္ဍတရပ်အဖြစ် ဖော်ဆောင်ရတဲ့အခါ ဖွံ့ဖြိုးရေးကဏ္ဍအတွက် နည်းနည်းပဲလိုပါတယ်။

(နှီးနှောဖလှယ်) - နှစ်ဖက်လုံးက ထုတ်ဖော်ညှိနှိုင်းချင်စိတ်မရှိပေမယ့် ဒီမိုကရေစီရဲ့ သြဇာသက်ရောက်မှုနဲ့ ဖွံ့ဖြိုးရေးရဲ့ စွမ်းဆောင်ရည်ကြားမှာ နှီးနှောဖလှယ်နိုင်တဲ့အချက်တွေ ရှိပါတယ်တဲ့။ အီရတ်နိုင်ငံကိုကြည့်ရင် နိုင်ငံရေးမှာ အားလုံးပါဝင်ခွင့်ကို ဖွင့်ပေးထားပေမယ့် ဒီအချက်က နိုင်ငံရေးတည်ငြိမ်မှုနဲ့ ခိုင်မာတဲ့အသင်းအဖွဲ့ တည်ဆောက်မှုတွေကို သယ်ဆောင်နိုင်ခြင်း မရှိပါဘူး။

The Elusive Synthesis: Exploring the Changing Relationship Between Democracy Support and Development Aid ကို ကောက်နုတ်ပြန်ဆိုပါသည်။


No comments:

Post a Comment