Monday, March 5, 2012

အော်ရီဂွန်ပြည်နယ်၌ နှီးနှောဖလှယ်ပွဲကျင်းပနိုင်ရန် ပြင်ဆင်

အော်ရီဂွန်ပြည်နယ်၌ရောက်ရှိနေကြသည့် ပြည်ထောင်စုမြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပါဝင်သည့် နှီးနှောဖလှယ်ပွဲကြီးတရပ်ကျင်းပနိုင်ရေးအတွက် အော်ရီရွန်ပြည်နယ်သို့ ရောက်ရှိနေကြသော မြန်မာ့ဒီမိုကရေစီ အင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ၊ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများ၊ စိတ်ပါဝင်စားသူများပါဝင်သည့် ပဏာမညှိနှိုင်းပွဲတရပ်ကို အော်ရီဂွန်ပြည်နယ် ပေါ့တလန်းမြို့ရှိ ပြောင်းရွှေ့အခြေချနေထိုင်သူများအား အကူအညီပေးလျှက်ရှိနေသည့် လူသာရမ် ကွန်မြူနတီရုံး (Lutheran Community Services) 605 SE 39th- Ave, Portland- OR- 97214) ၌ မတ်လ ၃ ရက်နေ့ နေ့လည် ၂ နာရီမှ ၅ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။


၎င်းဆွေးနွေးပွဲသို့ သက်ဆိုင်ရာအဖွဲ့ကိုယ်စားပြုသူများ တသီးပုဂ္ဂလများ စုစုပေါင်း ၂၅ ဦးခန့်တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲ၏သဘာပတိများအဖြစ် ဦးကင်းမိုင်ဇန်၊ ဦးဌေးအဲရယ်၊ ဦးမျိုးလွင်တို့မှဆောင်ရွက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးထွန်းထွန်းနှင့် မှတ်တမ်းတင်ခြင်းကို ဦးပံသုနှင့် ဦးရှိုင်းကိုကိုဦးတို့မှ ဆောင်ရွက်ခဲ့ကြပါသည်။

တက်ရောက်လာသော အော်ရီဂွန်ပြည်နယ်ရောက်မြန်မာပြည်သားများမှ လက်ငင်းပြည်ထောင်စုမြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေး၊ လူမှုရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးအခြေအနေများအပေါ်၌ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်ခဲ့ကြပြီး လူမျိုးပေါင်းစုံပါဝင်သည့် နှီးနှောဖလှယ်ပွဲတရပ်ကို အော်ရီဂွန်ပြည်နယ်၌ စုပေါင်းကျင်းပသွားကြရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါသည်။

ဆက်လက်၍ ညှိနှိုင်းဆောင်ရွက်မှုများကို ယနေ့အစည်းအဝေးပွဲသို့မတက်ရောက်နိုင်သည့် အခြားသော စိတ်ပါဝင်စားသူ ပြည်ထောင်စုမြန်မာနိုင်ငံသားများဖြင့် လာမည့် မတ်လ ၂၄ ရက်နေ့တွင် ထပ်မံပြုလုပ်သွားမည်ဖြစ်ပြီး ပြည်ထောင်စု မြန်မာနိုင်ငံလူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲ (အော်ရီဂွန်ပြည်နယ်) ၏ ဖြစ်မြောက်ရေးကော်မတီတရပ်ကို ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။

နှီးနှောဖလှယ်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ လုပ်ဆောင်သွားမည့် ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်များကို လာမည့် မတ်လ ၂၄ ရက်နေ့တွင် ထပ်မံပြုလုပ်မည့် အစည်းအဝေးအပြီး၌ အသေးစိတ် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

(ဓာတ်ပုံ - အော်ရီဂွန်ပြည်နယ်မှ မြန်မာဒီမိုကရေစီအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများ နှင့် မြန်မာ့အရေးစိတ်ဝင်စားသူများ)


No comments:

Post a Comment