Friday, March 2, 2012

လက်တလော မြန်မာ့နိုင်ငံရေးအနေအထား စုစည်းသုံးသပ် တင်ပြချက် (ရဲဘော် ဝင်းမြင့်နိုင်)

၁။ ယေဘူယျ အခင်းအကျင်း။

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။

၃။ အစိုးရနဲ့ လွှတ်တော်။

၎။ ကြားဖြတ်ရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးရေး။

၅။ နိုင်ငံတကာ ပါဝင်ပတ်သက်မှု။

၆။ အပစ်အခတ်ရပ်စဲရေး။

၇။ အောက်ခြေလူထု ခံစားနေရတဲ့ အခွင့်ရေးချိုးဖောက်မှုများနဲ့ ဒီကနေ့ နိုင်ငံရေးအပြောင်းအလဲ။

၈။ လက်ရှိအစိုးရက ဘာတွေပြောင်းလဲဖို့ ကြိုးစားနေသလဲ။

၉။ ပြည်ပရောက် အဖွဲ့အစည်းများနဲ့ လူတစ်ဦးချင်းစီ အခြေအနေ။

၁၀။ နောက်ကြောင်းပြန်လှည့် မလှည့်၊ ရှေ့ ဘယ်လိုဆက်ဖြစ်နိုင်သလဲ။

(ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း သတင်းများအား အခြေခံ စုစည်းတင်ပြပါသည်)

၁။ ယေဘူယျ အခင်းအကျင်း

လက်ရှိမြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ ဥပဒေအရ တင်းကြပ်ချုပ်ချယ်ထားတာတွေကို ပြုပြင်ပြောင်းလဲနိုင်တဲ့အဆင့်ကို မရောက်သေးဘဲ၊ ယခင်စစ်အစိုးရလက်ထက်က ခွင့်မပြုခဲ့တဲ့၊ စုဝေးသွားလာခွင့်၊ ပုံနှိပ်ဖော်ပြခွင့် အချို့ရရှိလာတာတဲ့ အဆင့်မှာသာရှိသေးတာ တွေ့ရပါတယ်။ ပဏာမဆင့် အတိုက်အခံနဲ့ စစ်အစိုးရ အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုအဆင့်မှာသာရှိသေးတာ တွေ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်များနှင့် လူထုစုဝေး ဟောပြောခြင်းအား ခွင့်ပြုသလို၊ ပြည်ပသတင်းဌာနများအား အကန့်အသတ်နဲ့ (စာနယ်ဇင်းဗီဇာ တပါတ်) ပြည်ဝင်ခွင့်ပေးပါတယ်။ ပြည်တွင်းသတင်းစာများမှာလည်း နိုင်ငံရေးသတင်း ရေးသားဖော်ပြခွင့်ပြုပါတယ်။ သိုပေမယ့် ဒီခွင့်ပြုမှုဟာ အကန့်အသတ် ရှိပါတယ်။ ဘယ်လို အကန့်အသတ်လဲဆိုရင် စစ်အစိုးရ (လက်ရှိ ဦးသိန်းစိန်အစိုးရရဲ့) သရုပ်မှန်ကိုဖွင့်ချပြီး နိုင်ငံရေးအရ ဆန့်ကျင်ပြောင်းလဲစေလိုတဲ့ရည်ရွယ်ချက် မရှိတဲ့အဆင့်ကိုပဲ ခွင့်ပြုတာ တွေ့ရပါတယ်။ 

လောလောဆယ် အတိုက်အခံတွေဘက်ကလည်း ဒီအချက်ကို ရှောင်ရှားလုပ်ဆောင်တာမျိုး တွေ့ရပါတယ်။
တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အပစ်အခတ်ရပ်စဲဖို့ ကြိုးပမ်းတာ တွေ့ရပါတယ်။ ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်ပြီး လက်နက်ကိုင်အဖွဲ့တွေကို ချဉ်းကပ်ဆွေးနွေးတာ တွေ့ရပါတယ်။ ဒါပေမယ့် ကချင်၊ ကရင်၊ မွန် စတဲ့အဖွဲ့ကြီးတွေနဲ့ နိုင်ငံရေးအရ သဘောတူညီချက်မရတာ တွေ့ရပါတယ်။ ထူးခြားချက်က ကျောင်းသားတပ်မတော်နဲ့ လူ့ဘောင်သစ်လိုအဖွဲ့တွေကို ဆွေးနွေးလာတာ ဖြစ်ပါတယ်။

နောက်တချက်က နိုင်ငံတကာ ထိပ်တန်းခေါင်းဆောင်တွေအများအပြား မြန်မာနိုင်ငံကိုသွားရောက်ပြီး လက်ရှိ အပြောင်းအလဲကို ချီးကျူးအသိအမှတ်ပြုတာ တွေ့ရပါတယ်။

လက်ရှိအပြောင်းအလဲဟာ Elite ခေါ် ထိပ်ပိုင်းခေါင်းဆောင်တွေအကြား ဖြစ်ပျက်လှုပ်ရှားမှုအဆင့်သာဖြစ်ပြီး အစိုးရယန္တယား၊ စစ်တပ်နဲ့ လူ့အဖွဲ့အစည်းအတွင်း အခြေခံကျကျ ပြောင်းလဲတာမျိုး၊ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ရပ်တန့်အောင် ပြုပြင်ပြောင်းလဲတာမျိုး စတဲ့ အခြေခံကျတဲ့အဆင့်ကို မရောက်သေးတာ တွေ့ရပါတယ်။
(အန်အယ်ဒီနဲ့ အစိုးရ တွေ့ဆုံဆွေးနွေးရေးဟာ ပြီးဆုံးသွားတာလား၊ hotline သုံးနေတာလား မသဲကွဲပါ)

၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

အန်အယ်လ်ဒီဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ ပါတီကို ဦးဆောင်တည်ထောင်မယ့်သူ ၂၁ ဦးအမည်စာရင်းကို ရွေးကောက်ပွဲကော်မရှင်ကို တင်ခဲ့ပါတယ်။ အဲဒီနောက် ဒီဇင်ဘာလထဲမှာ ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့တဲ့အတွက် NLD ဟာ တရားဝင်ပါတီ ပြန်ဖြစ်လာပါတယ်။ ၂၀၁၂ ခုနှစ် ဇန္နဝါရီလထဲမှာ ပါတီခေါင်ဆောင်မှုကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ဖေဖော်ဝါရီလထဲမှာ ဒေါ်စုဟာ ရွေးကောက်ပွဲအတွက် စတင်လှုပ်ရှားလာခဲ့ပါတယ်။

ဗဟိုနဲ့တိုင်းနဲ့ ပြည်နယ်က ကိုယ်စားလှယ်တွေနဲ့ တာဝန်ယူတည်ထောင်သူစာရင်းကို ရွေးကောက်ပွဲကော်မရှင်ကို နိုဝင်ဘာလက တင်ခဲ့ပါတယ်။

၁။ ဦးတင်ဦး
၂။ ဒေါ်အောင်ဆန်းစုကြည်
၃။ ဦးဝင်းတင်
၎။ ဦးဉာဏ်ဝင်း
၅။ ဦးဟန်သာမြင့်
၆။ ဒေါက်တာဒေါ်မေဝင်းမြင့်
၇။ ဒါရှိ လဆိုင်း (ကချင်)
၈။ နန်းခင်ထွေးမြင့် (ကရင်)
၉ ။ ပူဇိုပွဲ (ချင်း)
၁၀။ ဒေါ်ခင်စန်းလှိုင် (စစ်ကိုင်း)
၁၁။ ဦးအုန်းကြိုင် (မန္တလေး)
၁၂။ ဒေါ်ခင်စောဌေး (မကွေး)
၁၃။ ဒေါ်ခင်ထွေးကြွယ် (မွန်)
၁၄။ ဒေါက်တာသန်းငွေ (ရှမ်း)
၁၅။ ဒေါ်ခင်မိုးမိုး (ရှမ်း)
၁၆။ ဦးကျော်ခိုင် ( ရခိုင်)
၁၇။ ဒေါ်လှလှမိုး (ပဲခူး)
၁၈။ ဒေါ်ခင်အေးမူ ( တနင်္သာရီ)
၁၉ ။ ဦးမျိုးညွန့် (လူငယ်)
၂၀။ ဦးခင်ဇော်လင်း (ဧရာဝတီ)
၂၁။ ဦးစိုးဝင်း (ရန်ကုန်)

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည် ပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို ၂၀၁၂ ဇန်နဝါရီလထဲမှာ ပြန်လည်ဖွဲ့စည်းခဲ့တယ်။ 

နာယက

ဦးဝင်းတင်၊ ဦးတင်ဦး၊ ဦးသန်းထွန်း၊ ဦးညွန်ဝေ၊ ဦးလှဖေ။

CEC အလုပ်အမှူဆောင်

ဒေါ်အောင်ဆန်းစုကြည် (ဥက္ကဋ္ဌ)
ဦးဉာဏ်ဝင်း
ဦးအုန်းကြိုင်
ဦးဟံသာမြင့်
ဦးထွန်းထွန်းဟိန်
ဦးဝင်းမြင့်
ဒေါ်မေဝင်းမြင့်
တို့ ဖြစ်ပါတယ်။

ဖေဖော်ဝါရီလထဲမှာစတင်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကို အထောက်အကူဖြစ်စေမယ့် နယ်လှည့် စည်းရုံးရေးဆင်းတာတွေ စတင်ခဲ့တယ်။ ပဲခူး၊ ထားဝယ်၊ ပုသိမ်၊ ဖားအံ၊ ကချင်၊ မန္တလေးဒေသတွေကို ခရီးထွက်ခဲ့ပါတယ်။

အန်အယ်ဒီဟာ လွှတ်တော် ၃ မျိုးစလုံးအတွက် နေရာ ၄၈ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ ကော့မှူးမဲဆန္ဒနယ်မြေကနေ ဝင်မှာဖြစ်တယ်။

အန်အယ်ဒီ ရွေးကောက်ပွဲဝင်ရတဲ့ ရည်ရွယ်ချက် ၃ ရပ်ကို ကြေငြာခဲ့ပါတယ်။

၁. ပြည်တွင်းငြိမ်းချမ်းရေး
၂. တရားဥပဒေစိုးမိုးရေး
၃. ၂၀၀၈ ဖွဲ့စည်းပုံစည်းမျဉ်း ပြင်ဆင်ရေး 

ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ပြင်ဆင်ရေးဆိုတဲ့အချက်ဟာ အရေးကြီးပါတယ်။ အန်အယ်ဒီရဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ဦးဉာဏ်ဝင်းက ဦးဆောင်ပါတယ်။

အန်အယ်ဒီ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်တွေကို သက်ဆိုင်ရာမြို့နယ်က ကိုယ်စားလှယ်တွေအပြင် ဗဟိုကနေ ရွေးချယ်သတ်မှတ်ပေးတဲ့သူတွေလည်း ပါဝင်နေတာ တွေ့ရပါတယ်။

ဒီအချက်ဟာ ဝင်ရမယ့်ကိုယ်စားလှယ်အရေအတွက် နည်းတာတကြောင်း၊ ပါတီရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအတွက် ပါသင့်တဲ့လူတွေ ဆက်လက်လိုက်ပါနိုင်အောင် ရွေးချယ်လိုတာတကြောင်းကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် တဖက်ကကြည့်ရင်လည်း အန်အယ်ဒီဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံထားရတဲ့အတွက် အားအင်ကုန်ခမ်းနေပြီး အလျင်အမြန် ပြန်လည်မဖြည့်တင်းနိုင်တဲ့အချက်ကိုလည်း တွေ့နေရပါတယ်။ ဥပမာ ရေတိုစည်းရုံးရေးပုံစံဖြစ်တဲ့ ပြည်နယ်တိုင်းအသီးသီးက လူငယ်တွေကို ခေါ်ယူတွေ့ဆုံခဲ့တာ၊ မင်းသား မင်းသမီး အဆိုတော်တွေကို ခေါ်ယူစည်းရုံးခဲ့တာ၊ ဒါတွေအပြင် အခြားအန်အယ်ဒီ ပါတီဝင်မဟုတ်တဲ့ လူငယ်တချို့ကိုပါ ရွေးကောက်ပွဲ ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့တာတွေ တွေ့နေရပါတယ်။ အမှန်တကယ်က သေချာ လေ့ကျင့်သင်ကြားပေးထားတဲ့ တိကျတဲ့အရေအတွက်ရှိတဲ့ ပါတီကေဒါတွေကို မြို့နယ်အလိုက် တိုင်းအလိုက် ပေါ်ထွက်လာအောင် အစီအစဉ်တရပ်ကို ချမှတ်လုပ်ဆောင်သင့်ပါတယ်။ ဥပမာ ဦးဝင်းတင် ထောင်က လွတ်လာကတည်းကစလို့ လုပ်ဆောင်နိုင်ပါတယ်။ ဒါပေမယ့် အန်အယ်ဒီဟာ ဝါဒဖြန့်ချိရေးနဲ့ လူထုလှုပ်ရှားမှုပုံစံကိုသာ အားသန်နေခဲ့ပါတယ်။

ဒါပေမယ့်လည်း အားကောင်းချက်အဖြစ်အနေနဲ့ မြို့နယ်ပါတီရုံးတွေ အတော်များများ ဆက်တိုက် ပြန်လည် ဖွင့်လာနိုင်တာကို တွေ့ရပါတယ်။ ပါတီဝင်တစ်သန်းအထိ ပြန်လည်စုစည်းမယ်လို့ အန်အယ်ဒီက ကြေငြာထားပါတယ်။ လောလောဆယ်အချိန်အထိ ပါတီဝင်လျှောက်လွှာ ၅ သိန်းကျော် ရောင်းခဲ့ရပေမယ့် ဌာနချုပ်ကို ပြန်လည်ပေးပို့တဲ့ ပါတီဝင်လျှောက်လွှာဟာ ၅ သောင်းပဲရှိသေးကြောင်း ပါတီတာဝန်ရှိသူတွေက ပြောဆိုထားပါတယ်။ ပါတီ တည်ဆောက်ရေးနဲ့ ပါတီစွမ်းရည်မြင့်တင်ရေးဟာ အန်အယ်ဒီရဲ့ လတ်တလောမှာရော၊ ရေရှည်အတွက်မှာပါ ကြိုးပမ်းရမယ့်အချက် ဖြစ်နေပါတယ်။

၃။ အစိုးရနဲ့ လွှတ်တော်

သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရမှာ ဝန်ကြီးဌာန ၃၄ ရှိပါတယ်။ အဲဒီဌာနတွေအတွက် သမ္မတက ဝန်ကြီး ၃၀ ရွေးချယ်ခန့်ထားခဲ့ပါတယ်။ အဲဒီ ဝန်ကြီးစာရင်းက အောက်ပါအတိုင်းဖြစ်ပါတယ်။

List of Ministers
1.Major General Hla Min (Ministry of Defence)
2.Lieutenant General Ko Ko (Ministry of Home Affairs)
3.Major General Thein Htay (Ministry of Border Affairs and Ministry of Myanma Industrial Development)
4.Wunna Maung Lwin (Ministry of Foreign Affaris)
5.Kyaw Hsan (Ministry of Information and Ministry of Culture)
6.Myint Hlaing (Ministry of Agriculture and Irrigation)
7.Win Tun (Ministry of Forestry)
8. Hla Tun (Ministry of Finance and Revenue)
9.Khin Maung Myint (Ministry of Construction)
10. Tin Naing Thein (Ministry of National Planning and Economic Development, Ministry of Livestock and Fisheries)
11. Win Myint (Ministry of Commerce)
12. Thein Tun (Ministry of Posts and Telecommunications)
13. Aung Kyi (Ministry of Labour, Ministry of Social Welfare, Relief and Resettlement)
14. Thein Htike (Ministry of Mines)
15. Ohn Myint (Ministry of Cooperatives)
16. Nyan Tun Aung (Ministry of Transportation)
17. Tint San (Ministry of Hotels and Tourism, Ministry of Sports)
18. Kyaw Swar Khine (Ministry of Industry (1))
19. Soe Thein (Ministry of Industry (2))
20. Aung Min (Ministry of Rail Transportation)
21. Than Htay (Ministry of Energy)
22. Zaw Min (Ministry of Electric Power (1))
23. Khin Maung Soe (Ministry of Electric Power (2))
24. Dr. Mya Aye (Ministry of Education)
25. Dr. Pe Thet Khin (Ministry of Health)
26. Thura Myint Maung (Ministry of Religious Affairs)
27. Aye Myint (Ministry of Science and Technology)
28. Khin Yi (Ministry of Immigration and Man Power)
29. Thein Nyunt (Ministry of President Office)
30. Soe Maung (Ministry of President Office)

ဒီ ဝန်ကြီးဌာနအသီးအသီးရှိပေမယ့် နှစ်ပေါင်းများစွာ နှုတ်မိန့်နဲ့ တိုက်ရိုက်အုပ်ချုပ်ခဲ့တဲ့အတွက် ဝန်ကြီးဌာနအလိုက် သူ့ကဏ္ဍ အပိုင်းအခြားအလိုက် အရည်အချဉ်းပြည့်ဝစွာ ဆောင်ရွက်နိုင်တာမျိုး မတွေ့ရပါဘူး။ 

အကြောင်းအရာ ပြဿနာတခုခုရှိလာတဲ့အခါ သမ္မတကိုချဉ်းကပ်ပြီး ပြောဆိုရတာမျိုး၊ သမ္မတက လုပ်မှရတာမျိုးတွေ ဆက်လက်ဖြစ်ပေါ်နေဆဲ ဖြစ်ပါတယ်။ ယခင် မဆလ အစိုးရပုံစံမျိုးနဲ့ သိပ်မကွာလှပါဘူး။ ပြည်တွင်းပြည်ပ သုံးသပ်သူတွေရဲ့သဘောအရကတော့ ကောင်းမွန်စွာ လည်ပတ်နိုင်ပြီး အရည်အချည်း ပြည့်ဝတဲ့ အစိုးရတစ်ရပ် မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

ဝန်ကြီးဌာနအလိုက် ကျွမ်းကျင်စွာ အကောင်အထည် ဖော်နိုင်တာမျိုးမဟုတ်ဘဲ မြေစမ်းခရမ်းပျိုးတဲ့ ပုံစံတွေများတယ်လို့ သုံးသပ်ချက်တွေလည်း ရှိပါတယ်။ နောက်တခုက ဝန်ကြီးဌာနတွေနဲ့ အလုပ်တွေဟာလည်း မဆီလျော်တာတွေ အများအပြားရှိတယ်လို့ ဆိုပါတယ်။ ဥပမာ ရထားဝန်ကြီးက ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ လိုက်လံဆောင်ရွက်နေတာ စသည်ဖြင့် လွဲချော်မှုတွေလည်း အများကြီးရှိနေပါတယ်။

ဒီအစိုးရကို ပြုပြင်ပြောင်းလဲရေးလုပ်မယ့် အစိုးရလား၊ အိမ်စောင့်အစိုးရလားလို့ မေးခွန်းထုတ်လာတာလည်း ရှိပါတယ်။

ဒါပေမယ့် အရင် ဦးသန်းရွှေအစိုးရထက်စာလျှင် နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာဖို့အတွက် အလားအလာကောင်းတဲ့ အစိုးရအဖြစ် အတော်များများက လက်ခံကြပါတယ်။ အာစီယံနဲ့ နိုင်ငံတကာက ထောက်ခံအားပေးလာတာ တွေ့ရပါတယ်။

နောက်တစ်ခုက လွှတ်တော်ပါ။

လွှတ်တော်ဟာ အများစုသဘောနဲ့ မဲခွဲဆုံးဖြတ်တဲ့ ဒီမိုကရေစီလွှတ်တော်မျိုးနဲ့တော့ အတော်ကွာပါတယ်။ အားလုံး ဟန်ပြသဘောသာဖြစ်ပြီး မဆလ လွှတ်တော်မျိုးသာ ဖြစ်ပါတယ်။
လောလောဆယ် ၂၀၀၈ ဖွဲ့စည်းပုံပါ ဥပဒေတွေနဲ့ တိုင်းပြည်အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေတွေကို အသေးစိပ် ရေးသား ပြဌာန်းနေပါတယ်။

ဥပမာ မြေယာ ဥပဒေ၊ သွင်းကုန်ထုတ်ကုန် ဥပဒေ၊ ငွေကြေးဆိုင်ရာ ဥပဒေ၊ ရပ်ကွက်ကျေးရွာမြို့ပြအုပ်ချုပ်ရေး ဥပဒေ၊ စီတန်းလှည်လည်ခွင့် ဥပဒေ စတဲ့ ဥပဒေတွေကို ရေးဆွဲပြဌာန်းခဲ့ပါတယ်။

ဒီဥပဒေတွေကို ဝန်ကြီး ဒါမှမဟုတ် လက်ရှိအစိုးရ အာဏာပိုင်တွေကသာ မူကြမ်းရေးသားတင်သွင်းတာ ဖြစ်ပါတယ်။ (ဘယ်သူ ရေးပေးတယ်ဆိုတာတော့ အတိအကျ မသိပါဘူး)၊ ဒါကို လွှတ်တော်မှာဖတ်ပြပြီး အတည်ပြုတဲ့အဆင့်ပဲ ဖြစ်ပါတယ်။

ဒီ ပြဌာန်းလိုက်တဲ့ ဥပဒေတွေအားလုံးဟာ လက်ရှိအာဏာပိုင်တွေနဲ့ ငွေရှင်ကြေးရှင်တွေ ရေရှည်အကျိုးဖြစ်ထွန်းနိုင်မယ့် ဥပဒေတွေအဖြစ်သာ ယျေဘူယျတွေ့နေရပါတယ်။ ဥပမာ မြေပိုင်ခွင့်ဥပဒေ၊ လက်ရှိ မြေသိမ်းထားသူတွေဟာ တရားဝင် မြေပိုင်ရှင်ဖြစ်လာတော့မှာဖြစ်သလို၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးဥပဒေမှာလည်း ယယက ဥက္ကဋ္ဌဟာ ရပ်ကွက်တွင်း နေထိုင်သူတစ်ဦးကို ကောင်းမွန်စွာ မနေထိုင်ဘူးလို့ယူဆရင် တရားစွဲဆိုပြီး ထောင်ဒဏ် တစ်လနဲ့ ဒဏ်ငွေ တစ်သောင်း ချမှတ်နိုင်တော့မှာ ဖြစ်ပါတယ်။ တဖက်မှာ အန်အယ်ဒီ ရွေးကောက်ပွဲအတွက် အလုပ်ရှုပ်နေချိန်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နယ်လှည့်ခရီးစဉ်တွေကို ပြည်သူတွေက အာရုံစိုက်နေချိန်မှာ ဒီ ဖေဖော်ဝါရီလအတွင်း လွှတ်တော်မှာ နောက်ထပ်ဥပဒေတွေ ဆက်တိုက်ပြဌာန်း အတည်ပြုနေပါတယ်။

လောလောဆယ် မြန်မာနိုင်ငံရဲ့ အာဏာအဆောက်အဦဟာ သမ္မတ ဦးသိန်းစိန်အစိုးရ၊ ဦးရွှေမန်းရဲ့ လွှတ်တော်နဲ့ ဦးတင်အောင်မြင့်ဦးရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ၊ အဲဒီနောက် ကာကွယ်ရေးဦးစီချုပ်တို့ဟာ အဓိက အာဏာမဏ္ဍိုင်တွေဖြစ်နေတာ တွေ့ရပါတယ်။

(အဆိုးဆုံးအချက်ကတော့ ပုဒ်မ ၁၈၈ (၂၀၀၈ ဖွဲ့စည်းပုံ)အရ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်အစိုးရတိုင်းမှာ တိုင်းဒေသကြီးလွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုခေါ်ယူပြီး ဥပဒေပြုရမှာကို မလုပ်ခဲ့ကြတာပါပဲ)

လွှတ်တော်ဆိုရင် ဦးရွှေမန်းပါတဲ့ လွှတ်တော်တမျိုးတည်းနဲ့သွားနေတာဟာ ပြည်ထောင်စုစနစ်နဲ့ ဒေသန္တရ အုပ်ချုပ်ရေးစနစ် မရှိသေးဘူး၊ မလုပ်နိုင်ဘူးလို့ ပြသနေတာပါပဲ၊။


၎။ ကြားဖြတ်ရွေးကောက်ပွဲ၊ မဲဆွယ်စည်းရုံးရေး

ကြားဖြတ်ရွေးကောက်ပွဲမှာ စုစုပေါင်း ၄၈ နေရာအတွက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ အောက်လွှတ်တော် ခေါ် ပြည်သူ့လွှတ်တော်မှာ နေရာ ၄၀၊ အမျိုးသားလွှတ်တော် ခေါ် အထက်လွှတ်တော်မှာ ၆ နေရာ၊ တိုင်းဒေသကြီးမှာ ၂ နေရာ၊ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါတီစုစုပေါင်း ၃၄ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ အခုလာမယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲကိုတော့ ပါတီ ၁၇ ပါတီ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပါတယ်။

ရွေးကောက်ပွဲအတွက် အန်အယ်ဒီရဲ့လှုပ်ရှားမှုတွေကို ဝန်ကြီးဌာနတချို့က ဟန့်တားနှောက်ယှက်တာတွေရှိတယ်လို့ အန်အယ်ဒီ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မရှင် အကြီးအကဲ ဦးဉာဏ်ဝင်းက ၂၇ ရက်နေ့တုန်းက ပြောပါတယ်။ ဟန့်တားနှောက်ယှက်ရင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်မှာ မဟုတ်ဘူးလို့ အန်အယ်ဒီက ပြောထားပါတယ်။

အန်အယ်ဒီရဲ့ ကန့်ကွက်မှုတွေရှိတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်ကတော့ ပိတ်ဆို့ဟန့်တားတာတွေ မလုပ်ဖို့ ပြောဆိုခဲ့ပါတယ်။

အန်အယ်ဒီရဲ့ အဓိကပြိုင်ဘက်ဖြစ်မယ့် အာဏာရ ကြံ့ဖွံ့ပါတီကလည်း ၄၈ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပြီး အားလုံးအနိုင်ရဖို့ မျှော်လင့်ထားကြောင်း အတွင်းရေးမှူး ဦးဌေးဦးက ပြောဆိုခဲ့ပါတယ်။ 

ဒီကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့သဘောထားကတော့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးရေစီးကြောင်းမှာ ပါဝင်လာနိုင်ရေးဖြစ်ပါတယ်။ ဒီအချက်ဟာလည်း အမေရိကန်နဲ့ အနောက်တိုင်းနိုင်ငံတွေက တောင်းဆိုထားတဲ့ အချက် ၄ ချက်ထဲက တချက်ဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ အစိုးရရဲ့ကြေငြာချက်ကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။


၅။ နိုင်ငံတကာ ပါဝင်ပတ်သက်မှု

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စတင်နေပြီဖြစ်ကြောင်းနဲ့ သမ္မတ ဦးသိန်းစိန်ဟာ ပုဂ္ဂိုလ်ရေးအရ ရိုးသားပြီး အမှန်တကယ် ပြုပြင်ပြောင်းလဲလိုတယ်လို့ ယုံကြည်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုချက်နဲ့အတူ နိုင်ငံတကာရဲ့ လက်ရှိအပြောင်းအလဲအပေါ် နိုင်ငံတကာရဲ့ ထောက်ခံတွန်းအားပေးမှုဟာ အတော်ကိုမြင့်တက်ခဲ့ပါတယ်။
အရေးပါတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကိုသွားရောက်ခဲ့သလို ဗြိတိန်၊ ပြင်သစ်၊ ဥရောပသမဂ္ဂ၊ အာစီယံ နဲ့ နိုင်ငံတကာ အစိုးရအဆင့်မြင့်ခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံကို ဆက်တိုက်သွားရောက်ခဲ့ကြပါတယ်။

ဥရောပသမဂ္ဂ နဲ့ အမေရိကန်အစိုးရတို့က သံတမန် ဖိအားပေးတာတွေကို လျှော့ပေးခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေးပိတ်ဆို့မှုကိုတော့ လုံးလုံးလျှော့မပေးသေးပါဘူး။ လာမယ့် ဧပြီရွေးကောက်ပွဲနဲ့ ဒေါ်အောင်ဆန်းစုကြည် အာဏာစက်ဝန်းအတွင်း ပါဝင်လာပြီးနောက် ဖြစ်ပေါ်လာတဲ့ ပြုပြင်ပြောင်းလဲရေး အခြေအနေတွေအပေါ် မူတည်နိုင်ပါတယ်။ အစိုးရဘက်ကလည်း နိုင်ငံရေးအကျဉ်းသား ၄၀၀ လောက်ကို ဆက်လက်ချန်ထားပါတယ်။

၆။ အပစ်အခတ်ရပ်စဲရေး

အပစ်အခတ်ရပ်စဲရေးမှာ ခိုင်မာတဲ့ မဟာဗျူဟာနဲ့ တိကျတဲ့ နိုင်ငံရေး အာမခံချက်မရှိတဲ့အတွက် တည်ငြိမ်မှုမရှိတာကို တွေ့ရပါတယ်။

ဥပမာ စစ်မှန်တဲ့ အပစ်အခတ်ရပ်ဆဲရေးဖြစ်ဖို့ဆိုရင် အစိုးရဘက်က အပတ်အခတ်ရပ်စဲကြောင်း အရင်ကြေငြာရပါမယ်။ အဲဒီနောက် ဘယ်လိုနိုင်ငံရေးရည်မှန်းချက်နဲ့ ဘယ်အချိန် အထွေထွေ ဆွေးနွေးညှိနိုင်းမှုလုပ်မယ်ဆိုတာမျိုး ကြေညာပြီး တဖွဲ့ချင်းဖြစ်စေ၊ အစုလိုက်ဖြစ်စေ အစိုးရက ဖိတ်ခေါ်ဆွေးနွေးဖို့ လိုပါတယ်။ ဒီကနေ့ အပစ်အခတ်ရပ်စဲရေးဟာ ဦးနေဝင်း အာဏာရလာပြီးလုပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးလောက်တောင် အဆင့်မရှိတာ တွေ့နိုင်ပါတယ်။

ယခင် ဦးအောင်သောင်းတို့ ဦးဆောင်တဲ့ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့အစား ရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ကို သမ္မတက တာဝန်ပေးလာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မွန်ပြည်သစ်ပါတီနဲ့ အချက် ၄ ချက်အပေါ်အခြေခံပြီး အပစ်အခတ်ရပ်စဲရေးကို လက်မှတ် ရေးထိုးခဲ့ပါတယ်။ ဒါပေမယ့် တဖက်မှာ SSA တောင်ပိုင်းနဲ့ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေပြီး DKBA နဲ့ အပစ်အခတ်ရပ်စဲရေးဟာ ပြန်လည်ပျက်ပြားသွားပါတယ်။ ဒါ့အပြင် KNU ကလည်း သူတို့နယ်မြေအတွင်းက အစိုးရတပ်တွေ ပြန်ဆုတ်ပေးဖို့ တောင်းဆိုနေပါတယ်။ KIA နဲ့ကတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဦးအောင်မင်းဟာ တဖက်မှာ အဖွဲ့ကြီးတွေနဲ့ဆွေးနွေးနေသလို တဖက်မှာ အဖွဲ့ငယ်တွေ၊ ၈၈ မျိုးဆက်အဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးနေပါတယ်။ ဥပမာ လူ့ဘောင်သစ်၊ အေဘီ တို့လိုအဖွဲ့တွေ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲရေးကနေ တဆင့် ပြည်တွင်းငြိမ်းချမ်းရေးကို သွားနိုင်မသွားနိုင်ကတော့ မသိနိုင်သေးပါ။ ထိုင်း-မြန်မာနယ်စပ်က အဖွဲ့တွေအကြောင်းတော့ ဦးအောင်မင်း အတော်အချက်အလက် စုဆောင်းပြီး ဖြစ်နိုင်ပါတယ်။ ဦးအောင်မင်း ကို ရိုးသားပွင့်လင်းတယ်လို့ ပြောဆိုတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူဟာ ကြံ့ဖွံ့ပါတီတွင်း တာဝန်ပေးချက်အရ စွမ်းအားရှင်ကို ဦးဆောင် တည်ထောင်ခဲ့သူဖြစ်တယ်ဆိုတဲ့ နောက်ကြောင်းသမိုင်းတွေလည်း ရှိနေပါတယ်။

၇။ အောက်ခြေလူထု ခံစားနေရတဲ့ အခွင့်ရေးချိုးဖောက်မှုများနဲ့ ဒီကနေ့ နိုင်ငံရေးအပြောင်းအလဲ

အောက်ခြေလူထု ခံစားနေရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကတော့ ယခင်အတိုင်း အပြောင်းအလဲ မရှိတာကို တွေ့ရပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ တချိန်ထဲမှာပဲ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေ၊ ရေရှည် စီးပွားရေးအခွင့်အလမ်းတွေ ပွင့်လင်းလာတော့မှာဖြစ်တဲ့အတွက် အာဏာရှိသူနဲ့ ငွေရှိသူတွေက တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို အလုအယက်ရယူနေကြပါတယ်။

အခုနောက်ပိုင်းအဖြစ်များတာကတော့ မြေယာတွေ သိမ်းယူတဲ့ကိစ္စ ဖြစ်ပါတယ်။ ကုမ္ပဏီတွေအမည်ခံနဲ့ လယ်မြေ၊ ဖုန်းဆိုးမြေ၊ နွားစားကျက်မြေ၊ တောင်ယာမြေနဲ့ မြေလွတ်မြေရိုင်းမျိုးစုံကို မြေစာရင်းနဲ့ အာဏာပိုင်တွေကို လာဘ်ထိုးပြီး မြေဧက ရာနဲ့ထောင်နဲ့ချီ သိမ်းယူနေတဲ့အတွက် လယ်သမားတွေ လယ်မဲ့ဘဝကို ရောက်ရှိမှုများ နေရာအနှံ့ ဖြစ်ပွားနေပါတယ်။

လာဘ်စားမှု၊ ကလေးစစ်သားဖမ်းဆီးမှု၊ လာဘ်ငွေယူတဲ့ တရားစီရင်ရေးအောက်မှာ လူသတ်မှု၊ မုဒိန်းမှုတွေကိုလည်း ငွေရှိသူတွေနဲ့ အာဏာရှိသူတွေက ကျူးလွန်နေကြပါတယ်။ 

အလုပ်အကိုင်ရှားပါးမှုကြောင့် လောင်းကစားလုပ်ငန်းများ ကြီးထွားလာသလို ပြည့်တန်ဆာရုံများ နေရာအနှံ့ ပေါ်ပေါက်လာနေပါတယ်။

အဆိုးဆုံးကတော့ နှစ်ပေါင်းများစွာ အကျင့်ပျက်လာတဲ့ စစ်တပ်ဟာ ဘာပြုပြင်ပြောင်းလဲရေး အစီအစဉ်အောက်မှာမှ ပါဝင်ခြင်းမရှိတဲ့အတွက် လူသတ်၊ မုဒိန်းကျင့်ကိစ္စတွေ တိုင်းရင်းသားနယ်မြေတွေနဲ့ အခြားကျေးလက်တောရွာတွေမှာ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ပါတယ်။

ဒီကနေ့ အာဏာရှိသူနဲ့ ငွေရှိသူတွေက တိုင်းပြည်ရဲ့ အရင်းအမြစ်အားလုံးကို တရားဝင်ပိုင်ဆိုင်တော့မှာဖြစ်ပြီး သားစဉ်မြေးဆက် ချမ်းသာသူ၊ အုပ်စိုးသူလူတန်းစားရယ်လို့ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

ဆင်းရဲဒုက္ခရောက်နေတဲ့ လူများစုကိုကူညီဖို့ တဖက်မှာ တရားဝင်နဲ့ တရားမဝင် NGO အဖွဲ့အစည်းများ တိုးတက်လာတာကိုတော့ တွေ့ရပါတယ်။ ဒီဖြစ်စဉ်တွေဟာ ဆင်းရဲတဲ့ တတိယနိုင်တွေရဲ့ အသွင်ကူးပြောင်းမှုမှာ ဖြစ်လေ့ရှိပါတယ်။ ဥပမာ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား။

၈။ လက်ရှိအစိုးရက ဘာတွေပြောင်းလဲဖို့ ကြိုးစားနေသလဲ

လက်ရှိအစိုးရ ပြောင်းလဲဖို့ ကြိုးစားနေတာကတော့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့အညီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ရေရှည်အာဏာရမယ့် နိုင်ငံရေး အခင်းအကျင်းသစ်ကိုရောက်ရှိရေးကို ပြုလုပ်နေပါတယ်။ တဖက်မှာ စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ IMF နဲ့ World Bank ရဲ့ နည်းပညာအကူအညီကိုရယူပြီး စီးပွားရေးနဲ့ ငွေကြေးစနစ်ဆိုင်ရာ ပြောင်းလဲမှုတွေကို လုပ်နေပါတယ်။ Sanction ရုတ်သိမ်းနိုင်ရေးကိုလည်း ကြိုးပမ်းနေပါတယ်။ လွန်ခဲ့တဲ့ ၁၉၈၈ ခုနှစ်ကတည်းက အခွင့်ထူးယူခဲ့တဲ့ စစ်ခေါင်းဆောင်နဲ့ အပေါင်းအပါတွေရဲ့ ကုမ္ပဏီတွေ၊ ပိုင်ဆိုင်တဲ့ငွေကြေးနဲ့ ချမ်းသာကြွယ်ဝမှုတွေ နိုင်ငံတကာမှာ တရားဝင်လာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ ဈေးကွက်နဲ့ချိတ်ဆက်ပြီး စီးပွားရေးလုပ်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။

ဒီအချက်တွေအောင်မြင်ဖို့အတွက် တဖက်မှာ အမေရိကန်နဲ့ နိုင်ငံတကာက တောင်းထားတဲ့ အချက် ၄ ချက်ကို လုပ်ဆောင်နေပါတယ်။

၁. နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး
၂. အပစ်အခတ်ရပ်စဲရေးနဲ့ တိုင်းရင်းသားများပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး
၃. နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရေး
၎. တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး စတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒီအချက်တွေကို အခြေခံအရ စစ်မှန်မှန်လုပ်တာလား၊ ဟန်ပြလုပ်ဆောင်နေတာလားဆိုတာကတော့ စောင့်ကြည့်လေ့လာဖို့ လိုပါတယ်။

၉။ ပြည်ပရောက် အဖွဲ့အစည်းများနဲ့ လူတစ်ဦးချင်းစီ အခြေအနေ

ပြည်တွင်းနိုင်ငံရေးအရှိန်အဟုန် တက်လာတာနဲ့အမျှ ပြည်ပအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ ကျဆင်းလာမှာ ဖြစ်ပါတယ်။ 

ပြည်တွင်းနိုင်ငံရေးကို ပြန်လည်ချိတ်ဆက်နိုင်ပြီး နိုင်ငံရေးအနာဂတ်ရှိတဲ့ အဖွဲ့အစည်းများသာ တန်ဖိုးဆက်လက်ရှိမှာ ဖြစ်ပါတယ်။

ယျေဘူယျအားဖြင့်တော့ နိုင်ငံရေးအဖွဲ့အစည်းနဲ့ နိုင်ငံရေးသမားများ တန်ဖိုးပြန်တက်လာတဲ့အချိန် ဖြစ်ပါတယ်။

ဖိအားပေးရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းများ အခန်းကဏ္ဍကျဆင်းလာမှာ ဖြစ်ပါတယ်။ ပြည်တွင်းပြန်လည် တည်ဆောက်ရေးနဲ့ လူမူကယ်ဆယ်ရေးလုပ်ငန်းတွေကို တိုက်ရိုက်လုပ်ဆောင်လာနိုင်ပါက project proposal နဲ့ ရပ်တည်နေရတဲ့အဖွဲ့အစည်းတွေ ဝင်ငွေကျဆင်းလာမှာ ဖြစ်ပါတယ်။ NED လို အဖွဲ့အစည်းတွေတောင် မြန်မာနိုင်ငံအတွင်း သွားရောက်နေပြီ ဖြစ်ပါတယ်။

လူတစ်ဦးချင်းစီအလိုက် မြန်မာပြည်ကို ပြန်လိုကပြန်နိုင်တဲ့အခြေအနေ ဖြစ်ပါတယ်။ နိုင်ငံရေး ဆက်မလုပ်ဘူးလို့ ဆုံးဖြတ်ပါက ပြည်ပမှာ ဆက်လက်နေနိုင်သလို မြန်မာပြည်မှာလည်း ပြန်လည်နေထိုင်နိုင်ပါတယ်။ 

နိုင်ငံရေးရည်မှန်းချက်ရှိပါက အဖွဲ့အစည်းအလိုက်သာ တန်ဖိုးရှိနိုင်မှာ ဖြစ်ပါတယ်။ ဒီကနေ့ ပြည်တွင်းမှာ အမှန်တကယ်သာပြောင်းလဲခဲ့ရင် ဒီကနေ့အောင်ပွဲဟာ စွန့်လွှတ်တိုက်ပွဲဝင်ခဲ့သူ တစ်ဦးချင်းစီနဲ့ ပြည်သူတရပ်လုံးရဲ့ အောင်ပွဲဖြစ်ပါတယ်။

၁၀။ နောက်ကြောင်းပြန်လှည့် မလှည့်၊ ရှေ့ ဘယ်လိုဆက်ဖြစ်နိုင်သလဲ

ဒီကနေ့အပြောင်းအလဲဟာ တိုင်းပြည်အတွက်လား၊ စစ်အုပ်စုရဲ့ထွက်ပေါက်အတွက်လားဆိုတာ ရှင်းရှင်းလင်းလင်းသိဖို့ လိုပါတယ်။

တိုင်းပြည်အကျိုးစီပွားထိခိုက်လို့တော့ နောက်ကြာင်းပြန်လှည့်မယ် မထင်ပါဘူး။ ဒီကနေ့စစ်အုပ်စုရဲ့ အကျိုးစီးပွားကို ထိခိုက်တယ်ဆိုရင်တော့ နောက်ကြောင်းပြန်လှည့်နိုင်ပါတယ်။

ဥပမာ ၂၀၁၅ မှာ အန်အယ်ဒီ အပြတ်အသတ်နိုင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံကို စတင်ပြင်ပြီဆိုရင် ပြဿနာ စနိုင်ပါတယ်။

နောက်တခုက ၈၈ ကနေ ဒီကနေ့အထိ လူ့အခွင့်ရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ တာဝန်ရှိမှုတွေကို စတင် စကားပြောလာခဲ့ရင် ပြဿနာတက်နိုင်ပါတယ်။

ဦးသိန်းစိန် အစိုးရဟာ ၂၀၁၅ ပြီးနောက် ဆက်လက်ရှိမှာ မဟုတ်တော့ပါဘူး။ ဦးသိန်းစိန် အစိုးရဟာ ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းကို အကောင်အထည်ဖော်ပေးရုံသာ ဖြစ်ပါတယ်။ ဒါကြောင့် စစ်တပ်ရဲ့ သဘောထားဟာ အလွန်ရေးကြီးပါတယ်။ စစ်တပ် ၂၅ ရာနှုန်းဟာ စစ်တပ်ကိုယ်တိုင် ပြန်ဆုတ်သွားတာ၊ လျှော့ချလာတာမျိုးဖြစ်လာရင် အကောင်းဆုံးပါ။

၂၀၀၈ ဖွဲ့စည်းပုံပြင်ရေးဟာ ဒီမိုကရေစီအင်အားစုတွေရဲ့ ဘုံရည်မှန်းချက် ဖြစ်လာမှာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ စည်းမျဉ်းကို မပြင်ဘဲ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာတာကို ဒီကနေ့ စစ်အုပ်စုနဲ့ ကြံ့ဖွံ့က လိုလားမှာပါ။ 

၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ပြီး ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်လာရေးဟာ ဒီကနေ့ အန်အယ်ဒီ နဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ လုပ်ငန်းစဉ်ပါ။ ဒီနှစ်ခုဟာ ဘယ်နည်းနဲ့မဆို ထိပ်တိုက်တွေ့မှာပါ။ ဒီတခါ ထိပ်တိုက်တွေ့မှာက ပါလီမန်နဲ့ လမ်းပေါ် နှစ်ခုလုံးမှာ ဖြစ်မှာပါ။

အခု အလုပ်သမားတွေရဲ့ ဆန္ဒပြပွဲတွေကို ကြည့်ပါ။ သူတို့အကျိုးအတွက် သူတို့တိုက်ရပါတယ်။ ဒီလိုပါပဲ ကျန်တဲ့သူတွေလည်း ကိုယ့်အကျိုးစီးပွားအတွက် ကိုယ်တိုက်ရပါလိမ့်မယ်။ တိုက်ပွဲပုံစံသာ ပြောင်းသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံတွေရဲ့ဗျူဟာဟာ လက်ရှိခွင့်ပြုတဲ့ အခြေအနေအောက်ကနေ တဖြည်းဖြည်း ပြောင်းလဲယူသွားရေး ဖြစ်နေပါတယ်။

သုတေသနနှင့် လေ့လာရေးလုပ်ငန်းကော်မတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ) မှ ရဲဘော် ဝင်းမြင့်နိုင် စုစည်းသုံးသပ် တင်ပြပါတယ်။ 

No comments:

Post a Comment