Wednesday, April 4, 2012

တိုင်းရင်းသားလူမျိုးများရေးရာနှင့် အနာဂတ်ပြည်ထောင်စုသစ် (ရဲဘော်ဇော်ကိုနိုင်)

တိုင်းရင်းသားလူမျိုးများရေးရာနှင့် အနာဂတ်ပြည်ထောင်စုသစ် 
(သို့မဟုတ်)
တိုင်းရင်းသားလူမျိုးများ၏တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအပေါ်အမြင်


လေ့လာရေးအတွက် ပြုစုထားသည့် စစ်တမ်းဖြစ်ပါသည်။
ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၁၂


မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံနေထိုင်သည့်နိုင်ငံ ( Multi Nation State) ဖြစ်သည်။ ရှမ်း၊ ကချင်၊ ကရင်၊ ကရင်နီ၊ မွန်၊ ဗမာ၊ ရခိုင်၊ ချင်း၊ ဝ၊ ပအိုဝ့်၊ ပလောင်၊ လားဟူ၊ ကယန်း၊ နာဂ စသည့် တိုင်းရင်းသားလူမျိုးများဖြင့် စုပေါင်းနေထိုင်ကြသည့် နိုင်ငံဖြစ်သည်။ တိုင်းရင်းသားလူမျိုးများသည် နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်ရှိပြီး နယ်မြေ ၅ ပုံ/ ၃ ပုံခန့် ကျယ်ဝန်းသည်။ အများအားဖြင့် သီးခြားစု ဝေးနေထိုင်ကြသည်။

တိုင်းရင်းသားလူမျိုးတိုင်းတွင် ပထဝီအနေအထားအရ နယ်နိမိတ် အထင်အရှားရှိခြင်း၊ ကိုယ်ပိုင်ဓလေ့ရိုးရာ ဘာသာစကား၊ ယဉ်ကျေးမှုရှိခြင်း၊ ရာဇဝင်အစဉ်အလာအရ တမျိုးတည်းရှိသော လူစုရှိခြင်း၊ လူဦးရေ သင့်တင်စွာရှိခြင်းနှင့် ထူးခြားချက်မှာ မြန်မာပြည်၏ နိုင်ငံရေး အခြေအနေအရ တိုင်းရင်းသားလူမျိုးများတွင် လူမျိုးများအား ကိုယ်စားပြုသော နိုင်ငံရေးပါတီများ (အမျိုးသားလွတ်မြောက်ရေး တော်လှန်ရေးအင်အားစုများ) ရှိနေခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြသော်လည်း အမျိုးသားစည်းလုံးညီညွတ်မှုပြိုကွဲကာ ပြည်တွင်းစစ်မီး တောက်လောင်နေခဲ့ရသည်။ ပြည်တွင်းစစ်ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းသည် ဒီမိုကရေစီ ဆိတ်သုဉ်းခြင်းနှင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရည်တူအခွင့်အရေးများ ဆုံးရှုံးခြင်းကြောင့်ဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးသည်နှင့် ပြည်တွင်းစစ်ဖြစ်ခဲ့ရခြင်းဖြစ်ပြီး ပြည်တွင်းစစ်၏ တရားခံမှာ အုပ်စိုးသူ အာဏာရ အစိုးရများသာဖြစ်၍ နိုင်ငံရေးပြဿနာများကို မှန်ကန်စွာမဖြေရှင်းနိုင်သည့် ရလာဒ်ပင်ဖြစ်သည်။


နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ နောက်ခံသမိုင်းကြောင်းများသည်လည်း ထူးခြားစွာ ဖြစ်တည်လာခြင်းဖြစ်သည်။ အေဒီ (AD) ၁၀၄၄- ခုနှစ် အနော်ရထာမင်း၏ တိုက်ခိုက်သိမ်းပိုက်ခြင်းအားဖြင့် ပဒေသရာဇ်နိုင်ငံတော် မပေါ်ပေါက်မီ တိုင်းရင်းသားလူမျိုးများသည် ဗမာတိုင်းရင်းသား ဗမာဘုရင်များနှင့် ထီးပြိုင်၊ နန်းပြိုင် သီးခြားနေထိုင်ခဲ့ကြကြောင်း သမိုင်းမှတ်တမ်းများရှိသည်။ တိဘက်ကုန်းမြင့်မှ ဆင်းသက်လာသည့် ပျူလူမျိုးများ၏ ဗိဿနိုး၊ ဟန်လင်း၊ သရေခေတ္တရာ နိုင်ငံတော်များ၊ မွန် တိုင်းရင်းသားများ၏ သုဝဏ္ဏဘူမိ၊ ဟံသာဝတီ၊ ရာမည စသည့် မွန်နိုင်ငံတော်များ၊ ရခိုင်လူမျိုးများ၏ ဒွါရဝတီ၊ ဓညဝတီ၊ ဝေသာလီ၊ ပါးရိန်၊ လောင်းကြတ်၊ မြောက်ဦး စသည့် ရခိုင်နိုင်ငံတော်များ၊ ရှမ်းတိုင်းရင်းသားများ၏ နန်ချောင်နိုင်ငံတော်များ၊ အလားတူ ကရင်နီ၊ ချင်း၊ ကချင်၊ ကရင်များသည်လည်း စော်ဘွား၊ စော်ဖျား၊ စော်ကဲ၊ ဒူးဝါး၊ တောင်ပိုင်၊ တောင်အုပ် စသည့် ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်ကြငှန်းဖြင့် အုပ်ချုပ်ရပ်တည် နေထိုင်ခဲ့ကြခြင်းဖြစ်သည်။ ဗမာတိုင်းရင်းသားများသည်လည်း ပုဂံ၊ အင်းဝ၊ ပင်းယ၊ တောင်ငူ၊ အမရပူရ၊ မန္တလေး ၊ စစ်ကိုင်း စသည့် နိုင်ငံတော်များဖြင့် သီးခြားစီရပ်တည်နေထိုင်ခဲ့ကြသည်။

ထိုသို့ သီးခြားစီ ရပ်တည်နေထိုင်လာခဲ့ကြရာမှ ဗမာဘုရင်များသည် အင်အားကြီးမားလာပြီး စစ်အင်အားကို အသုံးချ၍ အနော်ရထာမင်း (အေဒီ-၁၀၄၄) လက်ထက်မှ သီပေါမင်း (သက္ကရာဇ် - ၁၈၈၅) အထိ တိုင်းရင်းသားလူမျိုးများ၏ တိုင်းပြည် (နိုင်ငံတော်) များအား စစ်ရေးအရ ကျူးကျော်တိုက်ခိုက် သိမ်းပိုက်ကျွန်ပြုပြီး သြဇာခံလုပ်စေကာ အဓမ္မ စုစည်းထားသည့် ‘ပဒေသရာဇ်နိုင်ငံတော်’ ကြီးကို တည်ဆောက်ခဲ့လေသည်။ ဤသည်မှာ မြန်မာနိုင်ငံသမိုင်း အစစ်အမှန်ပင်ဖြစ်သည်။ အုပ်စိုးသူအဆက်ဆက်၏ မြန်မာနိုင်ငံသမိုင်း ပြဌာန်းစာအုပ်များတွင် ဗမာဘုရင်များအား ‘တိုင်းပြည်ကို စုစည်းတည်ထောင်နိုင်သူများ’အဖြစ် ချီးမွှမ်းမှတ်တမ်းတင်ထားခဲ့ပြီး မော်ကွန်းထိုးဂုဏ်ပြုခဲ့ကြသည်။ တိုင်းရင်းသားလူမျိုးများအဖို့မှာ ဤလုပ်ရပ်သည် နယ်ချဲ့ကျူးကျော် သိမ်းပိုက်အုပ်ချုပ်ခြင်းပင်ဖြစ်သည်ဟု သတ်မှတ်သည်။ တိုင်းရင်းသားလူမျိုးများအတွက် လက်မခံနိုင်စရာများဖြစ်သည်။

ဗမာဘုရင်များသည် စစ်ရေးအရ တိုင်းရင်းသားလူမျိုးများ၏ နယ်မြေများ (တိုင်းပြည်များ) ကို သိမ်းပိုက်နိုင်ခဲ့သော်လည်း အင်္ဂလိပ် နယ်ချဲ့များ၏ ကျူးကျော်စစ်ကို ရှုံးနိမ့်ခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့များ၏ ပထမ ကျူးကျော်စစ် (၁၈၂၄-၂၆/ ဘကြီးတော်ဘုရားလက်ထက်)၊ ဒုတိယကျူးကျော်စစ် (၁၈၅၂ - ပုဂံမင်းလက်ထက်)၊ တတိယစစ် (၁၈၈၅ - သီပေါမင်းလက်ထက်) များတွင် တိုင်းရင်းသားလူမျိုးများသည် ဗမာတိုင်းရင်းသားများနှင့်အတူ လက်တွဲတော်လှန်ခဲ့ကြသည်။ အလားတူ ဖက်ဆစ်ဂျပန်များ ဝင်ရောက်လာပြီးနောက် ဖက်ဆစ်တော်လှန်ရေးကာလ (၁၉၄၂-၄၅) တွင်လည်း ဗမာ့တပ်မတော်နှင့်လက်တွဲ၍ ဖက်ဆစ်ဂျပန်တို့အား ပြောင်မြောက်စွာ တော်လှန် တိုက်ခိုက်ခဲ့ကြသည်။

ထင်ရှားသော တိုင်းရင်းသားခေါင်းဆောင်ကြီးများမှာ စောဘဦးကြီး၊ သရာသာထို၊ မန်းဘခိုင် စသည့် ကရင် တိုင်းရင်းသားခေါင်းဆောင်များ၊ သိုင်ဘဟန် (ကယန်း တိုင်းရင်းသားခေါင်းဆောင်)၊ ဗိုလ်ဆွန်ပက်၊ ပူထွမ်ထောင်း၊ ကြွမ်ဘိ၊ ပူဝမ်းသူးမောင်၊ ကပ္ပတိန် မင်းတုန်းနုန်း စသည့် ချင်း/ဇိုမီး တိုင်းရင်းသားခေါင်းဆောင်များ၊ ဒိုင်ဖာဒူးဝါး၊ ဆမားဒူးဝါး၊ ဆင်ဝါးနောင် စသည့် ကချင်တိုင်းရင်းသားခေါင်းဆောင်များ၊ မိုင်းပွန်စော်ဘွား စဝ်စံထွန်း၊ ညောင်ရွှေစော်ဘွား စဝ်ရွှေသိုက် စသည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များ၊ ဆရာတော် ဦးဥတ္တမ (ရခိုင်တိုင်းရင်းသားခေါင်းဆောင်) နှင့် ဂျီစီဘီအေ ဝံသာနုအဖွဲ့ချုပ် ခေါင်းဆောင်ကြီး ဦးချစ်လှိုင် (မွန်တို်င်းရင်းသား ခေါင်းဆောင်) တို့ဖြစ်ကြပြီး ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့သူများ၊ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်သူများဖြစ်ကြသည်။ တိုင်းရင်းသားလူမျိုးများသည် ယခင်က ကိုယ့်ထီးကိုယ့်နန်းနှင့် နေထိုင်လာခဲ့ကြသော်လည်း တပါးရန်ကို ဘုံအကျိုးစီးပွားအတွက် စုပေါင်းလက်တွဲ တိုက်ပွဲဝင်ခဲ့ကြခြင်းဖြစ်သည်၊ ဤသည်မှာ တိုင်းရင်းသားလူမျိုးများ၏ ထူးခြားသည့် သမိုင်းဖြတ်သန်းမှုဖြစ်သည်။

ဗမာတိုင်းရင်းသား ခေါင်းဆောင်ဘက်ကဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းအား ဖော်ပြရပေလိမ့်မည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ပဒေရာဇ်ဗမာဘုရင်များ ကွယ်ပျောက်ပြီးနောက် မြန်မာနိုင်ငံအား မှန်ကန်သော အမျိုးသားရေးစိတ်ဓာတ်နှင့် စစ်မှန်သော အမျိုးသားသွေးစည်းညီညွတ်ရေး (အမျိုးသားပြန်လည်သင့်မြတ်ရေး) အား တည်ဆောက်နိုင်ခဲ့သူဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ၏ ယုံကြည်လေးစားမှုကို ခံခဲ့ရသူဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မဟာလူမျိုးကြီးဝါဒအား ဆန့်ကျင်သူ၊ အမျိုးသားစည်းလုံးညီညွတ်မှုကို လိုလားသူ၊ စစ်မှန်သော ပြည်ထောင်စုကြီးတည်ဆောက်မှုကို လိုလားသူ၊ တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးကို လိုလားသူဖြစ်သည်။

တိုင်းရင်းသားလူမျိုးများသည် ကိုယ်ပိုင်ပြဌာန်းခွင့်ရထိုက်ကြောင်း၊ တန်းတူအခွင့်အရေး ရသင့်ကြောင်း စည်းလုံး ညီညွတ်စွာ အတူတကွ စုပေါင်းနေထိုင်သည့် ပြည်ထောင်စုကြီးဖြစ်လိုကြောင်း မှန်ကန်သော အမျိုးသားရေးဝါဒနှင့် စည်းရုံးမှုကြောင့် ၁၉၄၇၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ပင်လုံစာချုပ်အား ချုပ်ဆိုနိုင်ခဲ့ခြင်းဖြစ်သည်။

ပင်လုံစာချုပ် ချုပ်ဆိုရာတွင် တိုင်းရင်းသားလူမျိုးများအားလုံး မတက်ရောက်နိုင်ခဲ့သော်လည်း၊ ထိုကာလတွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးအတွက် ရပ်တည်တိုက်ပွဲဝင်နေသည့် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ) (The Supre me Council Of the United Hill People- SCOUHP)မှ ကိုယ်စားလှယ်ခေါင်းဆောင်များ ပါဝင်လက်မှတ်ရေးထိုးခဲ့ကြသည်။ (SCO UHP)တွင် ရှမ်း၊ ချင်း၊ ကချင် စသည့် တိုင်းရင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ (KNU)မှ ကရင်တိုင်းရင်းသားများမှ လေ့လာသူအဖြစ် တက်ရောက်ခဲ့ကြသည်။ မတက်ရောက်နိုင်သော အခြားတိုင်းရင်းသား ခေါင်းဆောင်များမှလည်း ပင်လုံညီလာခံအား ထောက်ခံခဲ့ကြသည်။ ပင်လုံညီလာခံ၏ သဘောတူညီချက်များကို ပြန်လည်လေ့လာကြည့်သောအခါ အောက်ပါ အချက်များကို တွေ့ရသည်။

ထိုကာလ ကြားဖြတ်မြန်မာအစိုးရနှင့် ချက်ချင်းပူးပေါင်းခြင်းအားဖြင့် ရှမ်း၊ ကချင်နှင့် ချင်းတို့သည် လွတ်လပ်ရေးကို ပိုမို လျင်မြန်စွာရရှိလိမ့်မည်ဟု ယုံကြည်ကြပြီး အစည်းအဝေးတက်ရောက်သူ အဖွဲ့ဝင်များအနေဖြင့် ကန့်ကွက်သူမရှိဘဲ သဘောတူညီကြလေသည်။ သဘောတူညီချက်များမှာ ...။

(၁) တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ)၏ ကြိုးကိုင်အဖွဲ့ ကိုယ်စားလှယ်များ၏ ထောက်ခံချက်အရ တောင်တန်းသားများ၏ ကိုယ်စားလှယ်တဦးကို ဘုရင်ခံကရွေးချယ်၍ နယ်စပ်ဒေသများကိစ္စနှင့် ပတ်သက်၍ ဆောင်ရွက်ရန်အတွက် ဘုရင်ခံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်ထားရမည်။

(၂) ဤအတိုင်ပင်ခံပုဂ္ဂိုလ်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီတွင် ဌာနလက်ကိုင်မရှိ ကောင်စီဝင်တဦးအဖြစ်ခန့်ထား၍ ကာကွယ်ရေးနှင့် ပြည်ပကိစ္စရပ်များတွင် ထုံးနည်းဥပဒေအရ အမှုဆောင်ကောင်စီ၏ အာဏာလက်အောက်သို့ ရောက်ရှိသည့်နည်းတူ နယ်စပ်ဒေသကိစ္စများကိုလည်း အမှုဆောင်ကောင်စီ၏အာဏာအောက်သို့ ရောက်ရှိစေရမည်။ ဤနည်းလမ်းများအတိုင်း နယ်စပ်ဒေသဆိုင်ရာ အတိုင်ပင်ခံပုဂ္ဂိုလ်အား အုပ်ချုပ်ခွင့်အာဏာကို ပေးအပ်ရမည်။

(၃) အဆိုပါအတိုင်ပင်ခံပုဂ္ဂိုလ်ကို ၎င်းနှင့်လူမျိုးချင်းမတူသော ဒုတိယအတိုင်ပင်ခံ ၂ ဦးက ကူညီစေရမည်။ ရှေးဦးစွာ ဒုတိယ အတိုင်ပင်ခံပုဂ္ဂိုလ်နှစ်ဦးတို့သည် ၎င်းတို့အသီးသီးသက်ဆိုင်သည့်နယ်များ၏ ကိစ္စရပ်များကို ဆောင်ရွက်ရန်ဖြစ်၍ အတိုင်ပင်ခံပုဂ္ဂိုလ်မှာ အခြားနယ်စပ်ဒေသအားလုံးတို့၏ကိစ္စရပ်များကို ဆောင်ရွက်စေရန် ဖြစ်သည်။ ၎င်းတို့သည် ထုံးနည်းဥပဒေအရ တွဲဖက်တာဝန်ယူရသည့်မူအတိုင်း ရွက်ဆောင်စေရမည်။

(၄) အတိုင်ပင်ခံပုဂ္ဂိုလ်သည် အမှုဆောင်ကောင်စီတွင် အဖွဲ့ဝင်လူကြီးအနေဖြင့် နယ်စပ်ဒေသများ၏ တဦးတည်းသော ကိုယ်စားလှယ်အဖြစ် ပါဝင်ရမည်ဖြစ်သော်လည်း ဒုတိယအတိုင်ပင်ခံပုဂ္ဂိုလ်များသည် နယ်စပ်ဒေသများနှင့် သက်ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးကြသည့်အခါ အမှုဆောင်ကောင်စီတွင် တက်ရောက်နိုင်ခွင့်ရှိစေရမည်။

(၅) အထက်တွင် သဘောတူညီသည့်အတိုင်း ဘုရင်ခံ၏အမှုဆောင်ကောင်စီကို တိုးချဲ့မည်ဖြစ်သော်လည်း နယ်စပ်ဒေသများ၏ နယ်တွင်းအုပ်ချုပ်ရေးတွင် ယခုခံစားနေရသော ကိုယ်ပိုင်အုပ်ချုပ်ရေးကို မည်သည့်နည်းနှင့်မဆို တစုံတရာ လက်လွတ်စေရန် အဆိုပါကောင်စီက ပြုလုပ်ခြင်းမရှိစေရ။ နယ်စပ်ဒေသများအတွက် နယ်တွင်း အုပ်ချုပ်ရေးတွင် ကိုယ်ပိုင်အုပ်ချုပ်ရေးရာခိုင်နှုန်း အပြည့်ရှိစေရမည်ဟူသောမူကို သဘောတူညီကြသည်။

(၆) ပူးပေါင်းထားပြီးသည့် မြန်မာပြည်အတွင်း သီးသန့် ကချင်ပြည်နယ်တခု နယ်နိမိတ်သတ်မှတ်၍ တည်ထောင်ရန် ပြဿနာမှာ တိုင်းပြုပြည်ပြုလွှတ်တော်က ဆုံးဖြတ်ရန်ဖြစ်သော်လည်း ဤကဲ့သို့ သီးခြားပြည်နယ်တခု ထားရှိသင့်ကြောင်းကို သဘောတူညီကြသည်။ ဤရည်ရွယ်ချက် အထမြောက်ရန်အလို့ငှာ ပထမခြေလှမ်းအနေဖြင့် ၁၉၃၅ ခုနှစ် မြန်မာနိုင်ငံတော်အစိုးရ အက်ဥပဒေအရ နောက်ဆက်တွဲစာရင်းပါ အပိုင်း ၂ ဒေသများကဲ့သို့ မြစ်ကြီးနားနှင့်ဗန်းမော်ခရိုင်တို့၏ အုပ်ချုပ်ရေးတွင် နယ်စပ်ဒေသ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒုတိယအတိုင်ပင်ခံ ပုဂ္ဂိုလ်အား ဆွေးနွေးတိုင်ပင်ရမည်။

(၇) နယ်စပ်ဒေသများ၏ နယ်သူနယ်သားတို့သည် ဒီမိုကရေစီနိုင်ငံများတွင် အခြေခံများအဖြစ် အသိအမှတ်ပြုထားသော အခွင့်အရေးများတို့ကို ခံစားနိုင်ခွင့်ရှိစေရမည်။

(၈) ဤစာချုပ်တွင် သဘောတူကြသည့် အစီအစဉ်မှာ ပဒေသရာဇ် ရှမ်းပြည်နယ် နယ်မြေစုတွင် ယခု အပ်နှင်းထားပြီးသော ဘဏ္ဍာရေးနှင့်ပတ်သက်သည့် ကိုယ်ပိုင်အုပ်ချုပ်ရေးကို ထိခိုက်ခြင်းမရှိစေရန်။

(၉) ဤစာချုပ်တွင် သဘောတူညီကြသည့် အစီအစဉ်မှာ မြန်မာပြည်အခွန်တော်ငွေများမှ ကချင် တောင်တန်းနယ်များနှင့် ချင်းတောင်တန်းနယ်များက ရသင့်ရထိုက်သော ဘဏ္ဍာရေးအကူအညီကို ထိခိုက်ခြင်း မရှိစေရ၊ မြန်မာပြည်နှင့် ပဒေသရာဇ် ရှမ်းပြည်နယ်မြေစု၏ ဘဏ္ဍာရေးအစီအစဉ်များကဲ့သို့ ကချင်တောင်တန်းနှင့် ချင်းတောင်တန်းများအတွက် အလားတူ အစီအစဉ်များကို ထားရှိကျင့်သုံးရန်ဖြစ်နိုင်မည်၊ မဖြစ်နိုင်မည်ကို ဘုရင်ခံ၏ အမှုဆောင်ကောင်စီက နယ်စပ်ဒေသများ၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဒုတိယ အတိုင်ပင်ခံပုဂ္ဂိုလ်တို့နှင့်အတူ စစ်ဆေးကြည့်ရှုရမည်။

ပုံ

၁။ ဗိုလ်ချုပ်အောင်ဆန်း (မြန်မာနိုင်ငံတော်အစိုးရ)
၂။ စဝ်ခွန်ပန်းစိန် (တောင်ပိုင်းစော်ဘွား)
၃။ စဝ်ရွှေသိုက် (ညောင်ရွှေစော်ဘွား)
၎။ စဝ်ဟုန်ဖ (မြောက်ပိုင်းသိန္နီစော်ဘွား)
၅။ စဝ်နွံ (လဲချားစော်ဘွား)
၆။ စဝ်စံထွန်း (မိုင်းပွန်စော်ဘွား)
၇။ ခွန်ဖုန်း (မြောက်ပိုင်းသိန္နီ လူထုကိုယ်စားလှယ်)
၈။ စဝ်ထွန်းအေး (သာမိုင်းခမ်းစော်ဘွား)
၉။ ဦးတင်အေး (တောင်ကြီး လူထုကိုယ်စားလှယ်)
၁၀။ ဦးကြာပု (သီပေါ လူထုကိုယ်စားလှယ်)
၁၁။ စဝ်ယိင်ဖ (သီပေါလူထု ကိုယ်စားလှယ်)
၁၂။ ဆမားဒူဝါဆင်ဝါနောင် (မြစ်ကြီးနား ကချင်ကိုယ်စားလှယ်)
၁၃။ ဒူဝါဇော်ရစ် (မြစ်ကြီးနားကချင်ကိုယ်စားလှယ်)
၁၄။ ဦးခွန်ထီး (ပင်လုံ လူထုကိုယ်စားလှယ်)
၁၅။ ဦးထွန်းမြင့် (မောက်မယ် လူထုကိုယ်စားလှယ်)၊
၁၆။ ဦးခွန်စော (ပင်းတယ လူထုကိုယ်စားလှယ်)
၁၇။ ဦးဖြူ (ဆီဆိုင်စော်ဘွား ကိုယ်စားလှယ်)
၁၈။ ဦးဒိန်ရတန် (ဗန်းမော် ကချင်ကိုယ်စားလှယ်)
၁၉။ ဒူဝါး ဇော်လွန်း (ဗန်းမော် ကချင်ကိုယ်စားလှယ်)
၂၀။ ဦးလဘန်းဂရောင် (ဗန်းမော် ကချင်ကိုယ်စားလှယ်)
၂၁။ ဦးလူမုန်း (ဖလမ်း ချင်းကိုယ်စားလှယ်)
၂၂။ ဦးသောင်ဇာခုတ် (တီးတိန် ချင်းကိုယ်စားလှယ်)
၂၃။ ဦးကီယိုမာန် (ဟားခါး ချင်းကိုယ်စားလှယ်) ဟူ၍ဖြစ်သည်။

ဆက်လက်ဖော်ပြပါမယ်။

No comments:

Post a Comment