Friday, September 2, 2016

ငြိမ်းချမ်းရေးဆိုတာ သေနတ်ကိုင်နေတဲ့သူတွေနဲ့တင် ပတ်သက်တာ မဟုတ်ဘူး ...



- ၂၁ ရာစုပင်လုံညီလာခံ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပါတယ်။ အဲဒီအပေါ် ဦးအောင်မိုးဇော်ရဲ့ အမြင်သဘောထား သိချင်ပါတယ်။ 

- ကြိုတင်ပြင်ဆင်မှုနဲ့ပတ်သက်လို့တော့ များများစားစား ပြောစရာမရှိပါဘူး။ ၂၁ ရာစုပင်လုံညီလာခံဆိုတာ အရင်အစိုးရ လက်ထက်ကစခဲ့တဲ့ NCA စာချုပ်အပေါ်မူတည်ပြီးလုပ်ခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံရဲ့အဆက်လို့ နားလည်ပါတယ်။ ဒါကြောင့် အစိုးရသစ်အနေနဲ့ လုပ်စရာအလုပ်တွေ အများကြီးထဲက ဒီအလုပ်ကို အချိန်အကန့်အသတ်တွေကြားက ပြင်ရဆင် ရတာဖြစ်ပုံရတယ်။ သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ၊ သဘောတူညီထားတဲ့ အချိန်အတွင်းမှာ မဖြစ်ဖြစ်အောင် ပါဝင်သင့်ပါဝင်ထိုက်သူတွေ စုံနိုင်သမျှစုံအောင် ကြိုးစားဆောင်ရွက်ရပုံပေါ်တယ်။ နောက်တချက်က အရင်စီစဉ်ခဲ့တဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပြင်ဆင်ရတာမဟုတ်ဘဲ လူသစ်တွေ၊ အဖွဲ့သစ်တွေနဲ့ ပြင်ရဆင်ရတာ ဖြစ်တယ်လို့ နားလည်ပါတယ်။


Wednesday, October 23, 2013

ပါတီဥက္ကဋ္ဌအား နိုင်ငံသား စိစစ်ရေးကဒ် ထုတ်မပေးသေး

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် နိုင်ငံသားစိစစ်ရေးကဒ် ယခုထိ မရရှိသေးတဲ့အတွက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ မှတ်ပုံတင်ရန်ကိစ္စမှာ နှောင့်နှေးနေကြောင်း သိရသည်။ 

"လူဝင်မှုကြီးကြပ်ရေးဌာနက ကျွန်တော့်မှတ်ပုံတင်ကိစ္စကို အချိန်ဆွဲနေတဲ့အတွက် ပါတီမှတ်ပုံတင်ဖို့ အချိန်ကြန့်ကြာနေပါတယ်'' ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ 

၎င်းက ၂၀၁၃ သြဂုတ်လကတည်းက မှတ်ပုံတင်ကိစ္စကို လူဝင်မှုကြီးကြပ်ရေးမှာ လျှောက်ထားတာပါ။ ယခုအချိန်ထိ ဘာအကြောင်းမှ မထူးသေးဘူးဟု ထပ်မံဖြည့်စွက်ပါတယ်။ 


Saturday, October 19, 2013

ကဗျာသဝဏ် (မောင်လွမ်းဏီ)

အတုအယောင်ဆို 
မုန်းတာကြောင့် 
လူ့ဘောင်ကိုတဲ့ သစ်ချင်။ 

တိုင်းတစ်ခွင် 
မှိုင်းသင်တဲ့ တို့ပြည်ရေး 
သွေးရောင်မှာ ရွှေဘောင်ခတ်ပေရော့
မွေးနေ့ကြယ်များ။      ။

မောင်လွမ်းဏီ 
၁၄ - ၁၀ - ၂၀၁၃

Sunday, October 13, 2013

ကြယ်လေးလုံး (မောင်လွမ်းဏီ)

ရွှေရောင်ကြယ်လေးလုံး 
အနီရဲဆုံး
နှလုံးသားပေါ်မှာ။ 

ညအခါလွန်မြောက် 
မိုးသောက်ကျူးသောအခါ။ 

ရဲရင့်သွေးတို့ 
နီစွေးပျိုမျစ် 
လူ့ဘောင်သစ်ကို တည်ဆောက်အံ့။ ။ 

မောင်လွမ်းဏီ


 

(၂၅) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထား ထုတ်ပြန်ကြေညာချက်

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့တွင် ပါတီ သက်တမ်း (၂၅) နှစ် ပြည့်ပြီ ဖြစ်ပါသည်။ 

ပါတီသက်တမ်း (၂၅) နှစ်တွင် မိမိတို့ပါတီသည် မြေပေါ်တွင် တရားဝင်ပါတီအဖြစ် (၃) နှစ်စွန်းစွန်းသာ ရပ်တည်လှုပ်ရှား ခွင့် ရရှိခဲ့ကြပြီး ကျန် (၂၂) နှစ်မှာ အခက်အခဲ အကြပ်အတည်းမျိုးစုံ၊ စိန်ခေါ်ချက်အဖုံဖုံကို ရင်ဆိုင်ကျော်လွှားရင်း နေရာဒေသ အမျိုးမျိုးတွင် သဏ္ဌာန်အမျိုးမျိုးနှင့် ရပ်တည်လှုပ်ရှားခဲ့ကြရသည်။ 

ပါတီရဲဘော် မျိုးဆက်အသီးသီးသည် အခက်အခဲမည်မျှပင် ကြုံရသည်ဖြစ်စေ၊ မည်သည့်နေရာတွင် ရောက်ရှိနေသည်ဖြစ်စေ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ဟူသော ပါတီဆောင်ပုဒ်ကို အခိုင်အမာစွဲကိုင်လျက် ပါတီ၏အလံတော်ကို မတ်မတ်ခိုင်ခိုင် လွှင့်တင်စိုက်ထူခဲ့ကြသည်။