Saturday, April 28, 2012

အလုပ်သမားအဖွဲ့အစည်း ဥပဒေ (၂၀၁၁ ခုနှစ် ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၇)ကို ဆန်းစစ်သုံးသပ်ချက်

၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အလုပ်သမားအဖွဲ့အစည်းဥပဒေကို အတည်ပြု ပြဌာန်းပေးလိုက်ပါသည်။ ဤ ဥပဒေကို လေ့လာဆန်းစစ်ကြည့်မည်ဆိုပါက …

၁။ ဤဥပဒေ ပုဒ်မ -၅၆ အရ ၁၉၂၆ ခုနှစ်၊ အလုပ်သမားသမဂ္ဂများ အက်ဥပဒေကို ရုပ်သိမ်း၍ ပြဌာန်းလိုက်ခြင်းဖြစ်သည်။ သို့သော် တခြား အလုပ်သမားဆိုင်ရာ ဥပဒေများကိုကား လုံးဝ ရုပ်သိမ်းခြင်းမပြုသေးဘဲ တည်ဆဲဥပဒေအဖြစ် ဆက်လက်ထားရှိဆဲဖြစ်သည်။ တည်ဆဲ ၁၉၅၄ -ခုနှစ် လူမှုဖူလုံရေး အက်ဥပဒေနှင့် ဤဥပဒေတို့ ဆန့်ကျင်ကွဲလွဲလာလျှင် မည်သို့မည်ပုံ ဆောင်ရွက်ရမည်ကို နည်းဥပဒေ ပြဌာန်းထားချက်များ မပါရှိပါ။

၂။ ဤဥပဒေ ပုဒ်မ -၅၅ (က) တွင် အလုပ်သမားဝန်ကြီးဌာနသည် လိုအပ်သော နည်းဥပဒေများကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့်လည်းကောင်း၊ လိုအပ်သော စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကိုလည်းကောင်း ထုတ်ပြန်နိုင်သည်ဟု ဖော်ပြထားပြီး ပုဒ်မ - ၅၅ (က)တွင် အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနသည် လိုအပ်သောအမိန့်နှင့် ညွှန်ကြားချက်များကို ထုတ်ပြန်နိုင်သည်ဟု ဖော်ပြပါရှိသည်။ နည်းဥပဒေ လုံးဝ မရှိသေးသည့်ကာလတွင် မူရင်း တည်ဆဲ အလုပ်သမားဆိုင်ရာဥပဒေများနှင့် ဆန့်ကျင်ကွဲလွဲနေသည့် အချက်များတွင် မည်သို့ ဤဥပဒေကို အကောင်အထည်ဖော်နိုင်ပါမည်နည်း။ ဥပဒေ၏ကွဲလွဲ လွဲချော်မှုဒဏ်ကို အလုပ်သမားလူတန်းစားတရပ်လုံးခံစားရပါမည်။ လူတန်းစား၊ လူ့အလွှာများကို ဥပဒေဖြင့် ရှုပ်ထွေးပွေလီအောင် မဖြိုခွဲသင့်ပါ။


၃။ ဤဥပဒေအသစ်ပြဌာန်းချက်တွင် ရပ်သိမ်းလိုက်သည့် ၁၉၂၆ ခုနှစ် အလုပ်သမားသမဂ္ဂများ အက်ဥပဒေလောက်မျှ လွတ်လပ်စွာ ဖွဲ့စည်းခွင့်မပါရှိလျှင် ၁၉၅၅ ခုနှစ်ကပင် မြန်မာနိုင်ငံအနေဖြင့် သဘောတူလက်မှတ်ထိုးထားသည့် လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့် ကွန်ဗင်း ရှင်း ၈၇ ကို ဖောက်ဖျက်ရာရောက်ပါမည်။ စုပေါင်းအရေးဆိုခွင့် ကွန်ဗင်းရှင်း ၉၈ အရ အလုပ်သမားများ စုပေါင်းပြီး တသံတည်းအဖြစ် လုပ်ခကိစ္စ၊ လုပ်ငန်းခွင် အခွင့်အရေးကိစ္စတွေမှာ တောင်းဆိုပိုင်ခွင့်ရှိပါသည်။ ယခုပြဌာန်းလာသည့် ဥပဒေမှာ နိုင်ငံတကာ အလုပ်သမားဥပဒေ စံချိန်စံညွှန်းများနှင့် ကိုက်ညီပါ၏လော၊ တည်ဆဲ ပြည်တွင်း အလုပ်သမားဥပဒေများနှင့် ဆန့်ကျင်ကွဲလွဲမှု ရှိမရှိ၊ တခြားတည်ဆဲဥပဒေများအရ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်ရနိုင်သည့် အခြေအနေ ရှိမရှိ သုံးသပ်ရပါမည်။

၎။ မြန်မာနိုင်ငံတွင် လွတ်လပ်စွာ အသင်းအပင်း ဖွဲ့စည်းပိုင်ခွင့်ကို ကန့်သတ်ပိတ်ပင်ထားသည့် တည်ဆဲဥပဒေများရှိနေသေးသည်၊ အတည်ပြုထားသည်များကိုလည်း သတိမူရပါမည်။ ၁၉၅၀ ခုနှစ် အရေးပေါ်စီမံမှု အက်ဥပဒေ၊ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောက်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ ၁၉၆၂ ခုနှစ် ပုံနှိပ်သူများနှင့် ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ၊ ၁၉၀၈ ခုနှစ် မတရားသင်း အက်ဥပဒေ၊ ၁၉၈၈ ခုနှစ် နဝတ ဥပဒေအမှတ်-၆ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေများ တည်ဆဲ ဖြစ်နေသေးပါသည်။ ယခုဖော်ပြပါ ဥပဒေများအားလုံးကို ဖျက်သိမ်းပစ်ပါမှ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့် ရှိလာနိုင်ပါမည်။ တည်ဆဲဥပဒေများ ၏ ကန့်သတ်ပိတ်ပင်ချက်များကို ရင်ဆိုင်ရမည့် လွတ်လပ်မှုမှာ တကယ်တန်း လွတ်လပ်မှုမဟုတ်ပါ။ သို့ဖြစ်ပါ၍ ယခုပြဌာန်းလာသည့် အလုပ်သမား အဖွဲ့အစည်းများ ဥပဒေမှာ အရာထင်နိုင်စရာ ဥပဒေအကြောင်းခြင်းရာ ပါမလာပါ။

၅။ ဤဥပဒေ ပုဒ်မ ၄၆ တွင် မည်သည့်အလုပ်သမားမျှ- (က) အငြင်းပွားမှု တရပ်ရပ်အတွက် ၀ါဏိဇ္ဇ ပဋိပက္ခမှု ဖြေရှင်းနေစဉ်အတွင်း ယင်း အငြင်းပွားမှုကို အကြောင်းပြု၍ သပိတ်မှောက် ခြင်း မပြုရ၊ (ခ) ပုဒ်မ ၄၀ ပါ ပြဋ္ဌာန်းချက် တစ်ရပ်ရပ်နှင့် အကျုံးဝင်သော ဥပဒေနှင့်ဆန့်ကျင်၍ သပိတ်မှောက်ခြင်း မပြုရ၊ ဟုဖော်ပြထားရာ ပုဒ်မ ၄၀ ပါပြဋ္ဌာန်းချက် (က) မှ (င) အထိ အားလုံးမှာ ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်း (သို့မဟုတ်) ဥပဒေနှင့် ဆန့်ကျင်သော သပိတ်မှောက်ခြင်း ဖြစ်သည် ဟုပြဋ္ဌာန်းထားသဖြင့် အလုပ်သမား လှုပ်ရှားမှုများ အားလုံးကို ပိတ်ပင်တားမြစ်ပြီး ထောင်ထဲထည့်ရန် ခြိမ်းခြောက်သည့် ဥပဒေပုဒ်မ ဖြစ်ကြောင်းထင်ထင်ရှားရှားတွေ့ရပါ သည်။ ပုဒ်မ ၄၁ တွင်လည်း ဥပဒေနှင့် ဆန့်ကျင်သော အလုပ်ပိတ်ခြင်း သို့မဟုတ် ဥပဒေနှင့် ဆန့်ကျင်သော သပိတ်မှောက်ခြင်း ဖြစ်ပါက တည်ဆဲဥပဒေနှင့် အညီ တားဆီးနိုင်သည် ဟုလည်းဖော်ပြချက်မှာ အသင်းအဖွဲ့အစည်း ဖွဲ့စည်းခြင်းဆိုင်ရာ လွတ်လပ်မှုကို အထက်အပိုဒ် ၄ တွင်ဖော်ပြထားသည့် မတရားဥပဒေများဖြင့် အရေးယူမည်ဟု ခြိမ်းခြောက်ထားခြင်း ဖြစ်ပါသည်။

၆။ အလုပ်ပိတ်ခြင်းနှင့် သပိတ်မှောက်ခြင်း အခန်း (၁၁) ပါ ပုဒ်မ-၃၆ နှင့် ပုဒ်မ ၃၇ တွင်သက်ဆိုင်ရာ အလုပ်ရှင်နှင့် သက်ဆိုင်ရာ ညှိနှိုင်းဖျန်ဖြေရေးသို့ သပိတ်မှောက်ရက် မတိုင်မီ အနည်းဆုံး ၁၄ ရက်ကြိုတင် အကြောင်းကြားရမည်၊ဟုဖော်ပြပါရှိပါသည်။ မည်သည့် အလုပ်သမားလှုပ်ရှားမှုမျိုးတွင် ကိုယ်ဆန့်ကျင် သပိတ်မှောက်မည့် အဖွဲ့အစည်းမျှ အသိပေး အကြောင်းကြသည့် အဖြစ်အပျက်မျိုး နိုင်ငံ တကာတွင် တကြိမ်တခါမျှ မရှိဘူးပါ။ သဘာဝ တရားမျှတမှုနှင့် လုံးဝဆန့်ကျင်နေပါသဖြင့် မလွတ်မလပ်ချုပ်ချယ်မှုကို အတိအလင်း ဖော်ပြ ချက်ကိုက သွေးစုပ်ချယ်လှယ်သူ အုပ်ချုပ်သူလူတန်းစား၏ အလေ့အထကို ထင်သာမြင်သာဖြစ်စေပါသည်။

၇။ ဤဥပဒေ ပုဒ်မ ၃၅ (က) တွင် အလုပ်သမား အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန် လျှောက်ထားချက်ကို သတ်မှတ်ချက်နှင့်အညီ စိစစ်၍ မှတ်ပုံတင်အရာရှိချုပ်ထံတင်ပြခြင်း၊ ဟုဖော်ပြထားပြီး၊ ပုဒ်မ -၃၄ တွင် အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပေးရန် ငြင်းပယ် ကြောင်း သို့မဟုတ် အလုပ်သမားအဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ခြင်းကို ပယ်ဖျက်ကြောင်း မှတ်ပုံတင်အရာရှိချုပ်က ချမှတ်သည့် အမိန့်ကို မကျေနပ်သူသည် တည်ဆဲဥပဒေနှင့်အညီ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လျှောက်ထားနိုင်သည်။ဟု ဖော်ပြထားချက်မှာ မှတ်ပုံတင် ခြင်းကိစ္စ၏ သံသယာကို ရှည်စေပါသည်။ လွတ်လပ်သည့် အလုပ်သမားအဖွဲ့အစည်း လှုပ်ရှားမှုတိုင်းတွင် မည်သည့်အဖွဲ့အစည်းတွင်မှာမျှ မှတ်ပုံတင်ခြင်း မရှိခဲ့ပါ။ မြန်မာနိုင်ငံသမိုင်းတွင် အထင်အရှားဖြစ်သည့် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားအစည်းအရုံး ဌာနချုပ်ဥက္ကဋ္ဌ သခင် လေးမောင်နှင့် အထွေထွေအတွင်းရေးမှုး သခင်ဗတင်(သံတွဲ) တို့မှာ မည်သူထံတွင်မှ မှတ်ပုံမတင်ခဲ့သည်ကို အမှတ်ရကောင်းပါသည်။ ၁၉၄၅ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းတည်ထောင်ခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဌ သခင်ဗဟိန်းနှင့် အထွေထွေ အတွင်းရေးမှုး သခင် ဗတင် (သံတွဲ) တို့လည်း မည်သူ့ထံတွင်မျှ မှတ်ပုံမတင်ဘဲ ဖွဲ့စည်းလှုပ်ရှား ခဲ့သည်များကို အတုယူသင့်ပါသည်။

၈။ အလုပ်သမားအဖွဲ့အစည်းများ၏ အခွင့်အရေးနှင့်တာဝန်များကို ဖော်ပြထားသော ပုဒ်မများမှာ ၁၉၆၄ ခုနှစ် ပြည်သူ့အလုပ် သမားများ၏ အခြေခံရပိုင်ခွင့်နှင့်တာဝန်များ ပြဋ္ဌာန်းသည့်ဥပဒေလောက်မျှ ပြည့်စုံမှုမရှိသည်ကို တွေ့ရှိရပါသည်။ တည်ဆဲဥပဒေ၏ အခွင့်အရေး များကို မြန်မာတနိုင်ငံလုံရှိ အလုပ်သမားများ မခံစားရသဖြင့် လှိုင်သာယာစက်မှုဇုံ အလုပ်သမားသပိတ်မှောက်မှုများ၊ တိုင်ရီအလုပ်သမားများ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သည်ကို အလုပ်သမားလှုပ်ရှားမှုမှတ်တမ်းများ အထင်အရှား ဖြစ်ပါသည်။ မဆလခေတ်ကရှိခဲ့သည့် လူမှုဖူလုံရေး အခွင့်အရေးများကို ယခုအစိုးရတဖြစ်လဲ န၀တ၊ နအဖ စစ်အစိုးရခေတ်တွင် ဘာတခုမျှ မခံစားရသည်ကို တွေ့မြင်နိုင်ပါသည်။ ယခင်ရှိခဲ့သည့် ရန်ကုန်နှင့် သံလျင်က အလုပ်သမားဆေးရုံကြီးများကို သတင်းမေးကြည့်ရုံမျှဖြင့် တွေ့မြင် နိုင်ပါသည်။

၉။ အလုပ်သမား အဖွဲ့အစည်းများ ဖွဲ့စည်းခြင်းအခန်း (၂) ပုဒ်မ ၄ (က) (ခ) (ဂ)(ဃ) (င) တွင်ဖော်ပြထားသော အခြေခံ အလုပ်သမားအဖွဲ့အစည်း၊ မြို့နယ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ အလုပ်သမားအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့များ ဆိုသည်မှာလည်း မဆလ ခေတ်က ပြည်သူ့အလုပ်သမားကောင်စီအဆင့်ဆင့် ဖွဲ့စည်းပုံနှင့် ဆင်တူသည်ကိုမမေ့သင့်ပါ။ ၁၉၇၄ ခုနှစ် ဂျွန် (၆) အထွေထွေအလုပ်သမား သပိတ်တိုက်ပွဲကြီးက အလုပ်သမားကောင်စီ ဖျက်သိမ်းပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည့် သမိုင်းမှတ်တိုင်ကိုလည်း ပြန်လည်သတိရသင့်ပါသည်။ ထိုပြင် ကိုလိုနီ အစိုးရက လေဘာဗျူရိုကို ဖွဲ့စည်းပေးပြီး အလုပ်သမားလူတန်းစားအား ဖြိုခွဲခဲ့သည့် သမိုင်းသင်္ခဏ်းစာများကိုလည်း အမှတ်ရသင့်ပါသည်။

၁၀။ သို့ဖြစ်ပါ၍ အလုပ်သမားများ၏အခွင့်အရေး၊လူမှုဖူလုံရေး၊လူမှုဘ၀မြှင့်တင်ပေးရေးအတွက် မည့်သည့်အချက်အလက် ဖော်ပြ ချက်မှ မပါရှိသည့် ဤ အလုပ်သမားအဖွဲ့အစည်း များဥပဒေသည် အလုပ်သမားလူတန်းစား လွတ်မြောက်ရေးအတွက် တင်းပုတ်ကြီးတခုသာ ဖြစ်နေခြင်းကြောင့် လုံးဝဆန့်ကျင် ကန့်ကွက်သင့်ကြောင်း ဆန်းစစ်သုံးသပ်အပ်ပါသည်။

ဦးမျိုး(ဥပဒေ) 
၁၈ – ၁၀ – ၂၀၁၁


 

No comments:

Post a Comment