လယ်ယာမြေ ဥပဒေ
(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁) ကို ဥပဒေရေးရာ ဝေဖန်သုံးသပ်ခြင်း
မြန်မာနိုင်ငံ ပြည်ထောင်စု လွှတ်တော်မှ ဤ လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့က ပြဋ္ဌာန်းလိုက်ပါသည်။
ဤလယ်ယာမြေ ဥပဒေပုဒ်မ ၃ (က) တွင်- “လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်းကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေ ဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေ ဟုသော်လည်းကောင်း သတ်မှတ်သည့် မြေများကို ဆိုလိုသည်။” ဟူ၍လည်းကောင်း၊ ပုဒ်မ ၃ (ခ) တွင်- “လယ်မြေ ဆိုသည်မှာ သဘာဝအရသော်လည်းကောင်း၊ လူတို့ဖန်တီးသော နည်းလမ်းအရ သော်လည်းကောင်း၊ စိုက်ပျိုးရေ ရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့် စပါးသီးနှံ အဓိက စိုက်ပျိုးသော မြေကို ဆိုလိုသည်။” ဟူ၍လည်းကောင်း ဖော်ပြထားပါသည်။ လယ်ယာမြေကို စပါးသီးနှံ အဓိက စိုက်ပျိုးသောမြေဟုသတ်မှတ်ချက်မှာ တောင်သူလယ်သမားများ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် အဟန့်အတား ဖြစ်နေပါသည်။ ထုတ်လုပ်မှုကို အကျိုးပြုမည့် မည်သည့် သီးနှံကိုမဆို လွတ်လွတ်လပ်လပ် စိုက်ပျိုးခွင့် ပြုရပါမည်။
ဤဥပဒေ ပုဒ်မ ၃ (ဃ) တွင်- “လယ်ယာမြေ လုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်း ပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန် အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကို ဆိုလိုသည်။ သို့ရာတွင် မြေပေါ် မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံနှင့် ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများ ထုတ်ယူအသုံးချခွင့် မပါဝင်။” ဟုပြဋ္ဌာန်းထားပါသည်။ လယ်ယာမြေကို လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ကိုသာပေးပါသည်။ တောင်သူလယ်သမားများ လယ်လုပ်သူ လယ်ပိုင်ခွင့် မရှိပါ။ ကိုယ်ပိုင်ဆိုင်ခဲ့သည့် လယ်ယာမြေပေါ်တွင် ကိုယ်ကိုယ်တိုင် လယ်ယာသူရင်းငှားဘဝသို့ ကျရောက်သွားစေရန် ပြဋ္ဌာန်းလာသည့် ဥပဒေဖြစ်ကြောင်း တွေ့ရှိရပါသည်။
ဤဥပဒေ ပုဒ်မ ၁၂ (ခ) တွင် “လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိသူသည်- လယ်ယာမြေနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနက စည်းကြပ်သော မြေခွန်နှင့် အခြားအခွန်အခများကို ပေးဆောင်ရမည်။” ဟုသတ်မှတ်ထားပါသည်။ မြေခွန်နှင့် အခြားအခွန်အခများမှာ သီးစားခနှင့် တထပ်တည်း ဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရ မြေရှင်ချုပ်ကြီးသို့ တောင်သူလယ်သမားများက တိုက်ရိုက်ပေးဆောင်ရမည့် အဿပြာ သီးစားခ ဖြစ်ပါသည်။ ကိုယ့်နိုင်ငံ ကိုယ့်မြေကို နယ်ချဲ့ ကိုလိုနီအင်္ဂလိပ်အစိုးရက သိမ်းပိုက်ခဲ့စဉ်က ပေးဆောင်ခဲ့ရသော သီးစားခကို လွတ်လပ်ရေးရလာပြီးခေတ်တွင်ပင် ထပ်မံပေးဆောင်နေရဦးမည်ဆိုလျှင် တိုင်းနိုင်ငံ၏ လွတ်လပ်ရေးအဓိပ္ပာယ် ပီပြင်ပါဦးမည်လော။ သီးစားခ ပေးရသည့် စနစ်ကို လုံးဝ (လုံးဝ) ဖျက်သိမ်းသင့်ပါသည်။
ဤဥပဒေပုဒ်မ ၁၂ (စ) တွင် “သက်ဆိုင်ရာ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ တရားဝင်ချထားခြင်း မရှိဘဲ ကျူးကျော်လုပ်ကိုင် ခြင်းမပြုရ။” ဟု ဖော်ပြချက်မှာ စစ်အစိုးရအဆက်ဆက်က မြေယာကော်မတီများအတိုင်းပင် ဖြစ်မြဲဖြစ်နေပါသည်။ တစုံတရာ ပြောင်းလဲမှုရှိသည့် လယ်ယာမြေစီမံခန့်ခွဲမှုစနစ် မဟုတ်သည့်အပြင် ထိုထက်ပင် ပိုမိုဆိုးဝါးသည့် ဥပဒေပုဒ်မများ တိုးလာသည်ကိုသာ တွေ့ကြုံနေရပါသည်။ ပုဒ်မ ၁၂ (ဆ) တွင် “လယ်ယာမြေကို ခွင့်ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲခြင်း မပြုရ။” ဟုလည်း လုပ်ကိုင်သုံးစွဲခွင့်၏ လွတ်လပ်မှုကိုတားဆီး ပိတ်ပင်ထားသည်ကို တွေ့ရပါသည်။
ဤဥပဒေ ပုဒ်မ ၁၂ (ဇ) တွင် “လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံ အမျိုးအစားသို့ ခွင့်ပြုချက်မရရှိဘဲ ပြောင်းလဲစိုက်ပျိုးခြင်း မပြုရ။”ဟု ပြဋ္ဌာန်းသတ်မှတ်လာပါသည်။ ဈေးကွက်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်မည်ဆိုလျှင် စီးပွားရေးအရ ထုတ်လုပ်မည့် သီးနှံအမျိုးအစားကို ကန့်သတ်ပိုင်ခွင့် မရှိရပါ။ လွတ်လပ်စွာ စိုက်ပျိုးထုတ်လုပ်ပိုင်ခွင့် လူ့အခွင့်အရေးကို တောင်သူလယ်သမားများ ရရှိနိုင်ရန် အထူးလိုအပ်ပါသည်။ သို့မှသာ ဆင်းရဲမွဲတေမှုကို လျော့ချနိုင်ပါမည်။ တောင်သူလယ်သမားများ ဘဝမြှင့်တင်ရေးလိုအပ်ချက်များကို လုံးဝ မပိတ်ပင်သင့်ပါ။ တောင်သူလယ်သမားများ မိမိတို့ကြိုက်နှစ်သက်ရာ သီးနှံကို လွတ်လပ်စွာ ရွေးချယ်စိုက်ပျိုးခွင့်နှင့် ထွက်ရှိလာသော သီးနှံများကို သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းများ လွတ်လပ်စွာ လုပ်ကိုင်ဆောင်ရွက်ပိုင်ခွင့် ရှိရပါမည်။
စကားရပ်များ အဓိပ္ပာယ် သတ်မှတ်ချက်များနှင့် ပတ်သက်၍ ဤဥပဒေ ပုဒ်မ- ၃(င) တွင် “ဤဥပဒေတွင် ပါရှိသော အောက်ပါစကားရပ်များသည် အောက်ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည်- တောင်သူလယ်သမား ဆိုသည်မှာ အောက်ဖော်ပြပါ တရပ်ရပ်နှင့် ကိုက်ညီသူကို ဆိုသည် ဟု နံပါတ်- ၁ မှ ၅ အထိ ဖော်ပြထားပါသည်။ ထိုအထဲတွင် နှစ်ရှည် သီးနှံများ စိုက်ပျိုးရန် (သို့မဟုတ်) စီးပွားဖြစ်မွေးမြူရန် ကြီးကြပ်လုပ်ကိုင်သူ၊ အရင်းအနှီးမတည်သူ သို့မဟုတ် ကြီးကြပ်စီမံ လုပ်ကိုင်သူများကိုပါ တောင်သူလယ်သမား စာရင်းထဲထည့်ထားသည်ကို တွေ့ရပါသည်။ ၎င်းတို့ကို ကြည့်လိုက်လျှင် စစ်အစိုးရ၊ စစ်ဗိုလ်ချုပ်ကြီးများနှင့် ဆွေမျိုးနီးစပ်သူများ၊ လက်ဝေခံ ကုမ္ပဏီကြီးများ၊ မြေရှင် အရင်းရှင်များ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများ ဖြစ်နေသည်ကို နေ့စဉ် သတင်း စာနယ်ဇင်းမီဒီယာများတွင် အထောက်အထား ခိုင်မာစွာ တွေ့မြင်နေရပါသည်။ တောင်သူလယ်သမားများကိုအကြောင်းပြု၍ အထူးအခွင့်ရေးရယူနိုင်ရန် လမ်းဖွင့် ပြဋ္ဌာန်းလာခြင်း ဖြစ်ပါသည်။ ဦးသိန်းစိန်အစိုးရ၏ နိုင်ငံတော် လက်ဝါးကြီးအုပ်မြေရှင်ကြီးစနစ်ကို အထင်အရှား တွေ့မြင်ရပါသည်။
ဤဥပဒေ၏ လယ်ယာမြေကို စီမံခန့်ခွဲခြင်း ပုဒ်မ ၃၄ တွင် “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် လုပ်ပိုင်ခွင့် -သို့မဟုတ်- အသုံးပြုခွင့်ပေးထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့်စပ်လျဉ်း၍ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်သည့်အခါ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပြီး ဤဥပဒေတွင် အကျုံးဝင်စေရမည်။” ဟုကြိုတင် အကွက်ဆင် ပြဋ္ဌာန်းလာပါသည်။ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့က ပြဋ္ဌာန်းထားသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ (၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် – ၁၀)နှင့် ပူးတွဲ လေ့လာ သုံးသပ်ရန် လိုအပ်ပါသည်။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို လယ်ယာမြေအဖြစ်ပြောင်းလဲနိုင်ရန် ဤဥပဒေတွင် အကျုံးဝင်စေရမည် ဟု တဆက်တည်း ပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ -၁၀ တွင် “ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းနှင့်ဆက်နွယ်လျက်ရှိသော စီးပွားရေး လုပ်ငန်းများအတွက် ခွင့်ပြုသည့်အခါ မြေဧရိယာနှင့် စပ်လျဉ်း၍-
(က) စိုက်ပျိုးရေး လုပ်ငန်းတွင်-
(၁) နှစ်ရှည်ပင်ဖြစ်ပါက စုစုပေါင်း ဧက ၅၀၀၀၀ (ငါးသောင်း) အထိ ခွင့်ပြုနိုင်သည်။
(၂) ဥယျာဉ်ခြံ သီးနှံ ဖြစ်ပါက ဧက ၃၀၀၀ (သုံးထောင်) ထက်မပိုစေဘဲ ခွင့်ပြုနိုင်သည်။
(၃) စက်မှုကုန်ကြမ်း ရာသီသီးနှံဖြစ်ပါက စုစုပေါင်း ဧက ၅၀၀၀၀ (ငါးသောင်း) အထိ ခွင့်ပြုနိုင်သည် ဟု သတ်မှတ်ထားပါသည်။ ကြံ့ဖွံ့ ဦးသိန်းစိန် အစိုးရနှင့် အပေါင်းပါ လက်ဝေခံ ကုမ္ပဏီကြီးများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများက မြေဧက ငါးသောင်းအထိ မြေယာအမြောက်အများ ပိုင်ဆိုင်နိုင်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်ကြောင်း မျက်ခြေမပြတ် အာရုံစိုက် သတိထားကြရန် လိုပါသည်။
ဤ လယ်ယာမြေ ဥပဒေ၏ ပုဒ်မ-၃၅ တွင် “ချမှတ်သော အမိန့်နှင့် ဆုံးဖြတ်ချက်ကိုဖြစ်စေ လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခံရလျှင် ထိုသူကို အနည်းဆုံး ၆ လမှ အများဆုံး ၂ နှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်ပြင် အနည်းဆုံး ကျပ် ၃ သိန်းမှ အများဆုံး ကျပ် ၅ သိန်းအထိ ငွေဒဏ် ချမှတ်နိုင်သည်။” ဟုလည်းကောင်း၊ ပုဒ်မ ၃၇ တွင် “အများဆုံး ၃ -နှစ်အထိ ထောင်ဒဏ်အပြင် ကျပ် ၁၀ သိန်းအောက် မနည်းသော ငွေဒဏ်ကိုလည်း ချမှတ်ရမည်။” ဟုလည်းကောင်း ပြစ်ဒဏ်သတ်မှတ်ထားပါသည်။ တောင်သူလယ်သမားများဖက်မှ ကာကွယ်စောင့်ရှောက်ပေးမည့်အစား အကျဉ်းထောင်ထဲထည့်ရန် အစိုးရကကျင့်သုံးမည့် လယ်ယာမြေအုပ်ချုပ်ရေးစနစ်ကို ရှုမကောင်း မြင်မကောင်း တွေ့မြင်နေရသည်မှာ နိုင်ငံ့ ဂုဏ်ကျက်သရေကို ရုတ်လျော့စေပါသည်။
ဤဥပဒေ၏ နောက်ဆုံးပုဒ်မ - ၄၃ တွင် “အောက်ပါဥပဒေများကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည် -
(၁) ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ။
(၂) ၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေ။
(၃) ၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ။ -တို့ဖြစ်သည်ဟု ဖော်ပြထားပါသည်။
ရုပ်သိမ်းခံရသည့် အထက်ပါ တည်ဆဲဥပဒေများတွင် နိုင်ငံတော်နှင့် အများပြည်သူ တောင်သူလယ်သမားများအတွက် အကျိုးရှိစေနိုင်သည့်ပြဋ္ဌာန်းချက်များ ပါရှိခဲ့ပါသည်။ ယခုပြဋ္ဌာန်းလာသည့် လယ်ယာမြေဥပဒေအသစ်တွင် အလားတူ ပြဋ္ဌာန်းချက်များ ထည့်သွင်းပြဋ္ဌာန်းထားခြင်းမရှိသည်ကို နှိုင်းယှဉ်လေ့လာ တွေ့ရှိရပါသည်။ ယခု လယ်ယာမြေဥပဒေသစ်၏ ပျော့ကွက် ဟာကွက် ဆိုးကွက်များကြောင့် အငြင်းပွားမှု ပဋိပက္ခများကြီးထွားလာရုံမက နောက်ဆုံး တောင်သူလယ်သမား သပိတ်တိုက်ပွဲများနှင့် ကြုံတွေ့လာနိုင်ပါ သည်။
ဤဥပဒေ ပုဒ်မ -၃၈ တွင် “တောင်သူလယ်သမား အဖွဲ့အစည်းကို ဖွဲ့စည်းနိုင်သည်။” ဟုလည်းကောင်း၊ ပုဒ်မ -၃(ည) တွင် “၎င်းအဖွဲ့အစည်းဆိုသည်မှာ ကျေးလက် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန် ထုတ်ပြန်ထားသော ဥပဒေ တစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်းထားသော တောင်သူလယ်သမား အဖွဲ့အစည်းကို ဆိုသည်။”ဟုလည်းကောင်း ပြဋ္ဌာန်းပါရှိသည်ကို တွေ့ရပါသည်။ “ထုတ်ပြန်ထားသော ဥပဒေတစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်းထားသော” -ဟု ဖော်ပြထားသည့်အချက်မှာ သံသယဖြစ်ဖွယ်ရာများစွာ ရှိပါသည်။ ထိုဥပဒေများသည် လွတ်လပ်စွာ ဖွဲ့စည်း တည်ထောင်ခွင့်ကို တနည်းမဟုတ်တနည်း ပိတ်ပင်တားမြစ်ထားသော ဥပဒေများသာဖြစ်ခဲ့သည်ကို ခေတ်အဆက်ဆက်က အတွေ့အကြုံနှင့် သင်ခန်းစာများအရ များစွာ သတိချပ်ကြရမည် ဖြစ်ပါသည်။ တောင်သူလယ်သမားများအနေဖြင့် “မိမိကိုယ်သာ ကိုးကွယ်ရာ” စိတ်ဓာတ်ဖြင့် လယ်သမားသမဂ္ဂများကို အကျယ်အပြန့် ကိုယ့်ဖာသာကိုယ် ဖွဲ့စည်းနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည်။ ဗြောင် ဖွဲ့မရလျှင် လျှို့ဝှက်ဖွဲ့။ တချို့နေရာတွေမှာ ဗြောင် တပိုင်း လျှို့ဝှက်တပိုင်း ဖွဲ့စည်းနိုင်ရပါမည်။ ခေတ်အဆက်ဆက်က တောင်သူလယ်သမားတိုက်ပွဲတွေမှာလို တောင်သူလယ်သမားတွေဘက်က ပြတ်ပြတ်သားသား မားမားမတ်မတ် ရပ်တည်ပေးသည့် နိုင်ငံရေး အဖွဲ့အစည်းတွေရှိခဲ့လျှင် အကောင်းဆုံးဖြစ်ပါသည်။ ထိုအဖွဲ့အစည်းသည် တောင်သူလယ်သမားများအတွက် ယုံကြည်စွာ လက်တွဲဆောင်ရွက်နိုင်သော မဟာမိတ်အင်အားစုတရပ် ဖြစ်လာလိမ့်မည် ဖြစ်ပါသည်။
ဦးမျိုး (ဥပဒေ)
၁၂ – ၄ – ၂၀၁၂
× × × × ×
No comments:
Post a Comment