Saturday, September 8, 2012

ပါတီဥက္ကဋ္ဌ နှင့် တွေ့ဆုံခြင်း

“ရန်ကုန်ပဲဖြစ်ဖြစ်၊ အမေရိကပဲဖြစ်ဖြစ် နိုင်ငံရေးလှုပ်ရှားမှုမှာ အုတ်တစ်ချပ် သဲတစ်ပွင့် ပါဝင်လုပ်ဆောင်ကြတာချည်းပဲ …” 

Voice : အကိုတို့ ပြည်တော်ပြန်လာပြီး မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွေကို လေ့လာနေပြီဆိုတော့ လက်ရှိပြောင်းလဲမှုတွေအပေါ်မှာ ဘယ်လိုရှုမြင်ပါသလဲ ခင်ဗျာ။

UAMZ : ဒီမိုကရေစီကို တစ်စုံတစ်ရာ အကျိုးရှိရှိနဲ့ ပြောင်းလဲမှုလို့ မြင်ပါတယ်။ တိုင်းပြည်အတွက် အပြုသဘောဆောင်၊ အပေါင်းလက္ခဏာဆောင်တယ်လို့လည်း ပြောချင်ပါတယ်။ သို့ပေမယ့်လည်း ပြောင်းလဲမှုတွေက မကျဉ်းမြောင်းဖို့ အရေးကြီးပါတယ်။ ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပိုပြီးလုပ်ဆောင်သင့်တယ်လို့ ဆိုချင်ပါတယ်။


ပြောင်းလဲမှုကိုရှုမြင်တဲ့အခါ ဥပမာ-မီဒီယာတွေ ဆင်ဆာ မရှိတော့ဘူး။ ဒါပေမဲ့လည်း မီဒီယာဥပဒေ မရှိသေးဘူး။ ၁၉၆၂ ပုံနှိပ်ဥပဒေတွေ ရှိနေသေးတယ်။ နောက်တစ်ခုက အသင်းအဖွဲ့လှုပ်ရှားမှုတွေပဲဖြစ်ဖြစ်၊ နိုင်ငံရေးလှုပ်ရှားမှုတွေပဲဖြစ်ဖြစ် တချို့ဥပဒေတွေကတော့ အသစ်ပြန်လည်ရေးဆွဲရမယ့်ဟာတွေ ရှိသေးတယ်။ အဲဒီလိုကိစ္စတွေကို လုပ်နိုင်မယ်ဆိုရင်တော့ ပြောင်းလဲမှု ခိုင်မာလာပြီလို့ပြောလို့ရမယ့် အနေအထားတွေ တွေ့ရပါတယ်။

Voice : ဟုတ်ကဲ့ အကိုတို့ ၂၄ နှစ်လောက် ပြည်ပကနေ နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ခဲ့ကြတာဆိုတော့ ဘယ်လောက်အတိုင်းအတာထိ လုပ်နိုင်တယ်ဆိုတာထက် အားနည်းချက်၊ အားသာချက် သိချင်ပါတယ်ခင်ဗျာ။

UAMZ : ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ဖျက်သိမ်းခံရတယ်။ အဲဒါကလည်း ခေါင်းဆောင်ပိုင်းတွေ နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဆီကို တောခိုသွားလို့ပါ။ ကျွန်တော်တို့က ကရင်အမျိုးသားအစည်းအရုံးရဲ့ ဌာနချုပ်ဖြစ်တဲ့ မာနယ်ပလောကိုရောက်တဲ့အချိန်မှာ လူ့ဘောင်သစ်ပါတီကို ပြန်ပြီးထူထောင်တယ်။ လက်နက် မကိုင်ခဲ့ဘူး။ နိုင်ငံရေးအဖွဲ့အဖြစ်နဲ့ လုပ်ခဲ့တယ်။ တိုင်းရင်းသား ညီအစ်ကိုတွေနဲ့ ရဲဘော်ရဲဘက် ကျောင်းသားတွေနဲ့ နိုင်ငံရေးဆက်လက်တဲ့အခါ တိုင်းရင်းသားတွေရဲ့ ဓလေ့စရိုက်တွေကို သိလာတယ်။ တိုင်းရင်းသားတွေ ဘာကြောင့် လက်နက်ကိုင် ခုခံတိုက်ပွဲတွေ လုပ်နေရတယ်ဆိုတာကို သဘောပေါက်လာတယ်။

တိုင်းရင်းသားတွေနဲ့ ဗမာဖြစ်တဲ့ ကျွန်တော်တို့တွေ နားလည်မှုတွေ တည်ဆောက်နိုင်ခဲ့တယ်။ တခြားနိုင်ငံတွေမှာ မှီခိုလာတဲ့အခါမှာ နိုင်ငံတကာဆက်ဆံရေးကို သိလာတယ်။ တစ်ဦးချင်းစီရဲ့ စွမ်းရည်မြှင့်တင်မှု ပညာရပ်တွေကို သင်ကြားနိုင်ခဲ့တယ်။ အဲဒါတွေကတော့ အားသာချက်ပေါ့။ အားနည်းချက်ကတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ကျွန်တော်တို့ ဦးဆောင်လှုပ်ရှားတဲ့အခါမှာ တကယ်လက်တွေ့မှာတော့ ဖြစ်မလာဘူး။ ဒါကြောင့် ခုပြန်လာတဲ့အခါမှာလည်း အစိုးရရဲ့ ဒီမိုကရေစီပြောင်းလဲမှုတွေ လုပ်ဆောင်နေတာကို အခွင့်အရေးတစ်ရပ်လို့ ရှုမြင်ပါတယ်။ ပြီးတော့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်ဖို့အတွက် ပြန်လာပြီးလေ့လာနေတာပါ။

Voice : ပြောင်းလဲမှုတွေလုပ်ဆောင်နေတာကို အခွင့်အရေးတစ်ရပ်အနေနဲ့ရှုမြင်ပြီး ပြန်လာတာဆိုတော့ ဘယ်လိုအချက်တွေကို အခြေခံပြီး ဆိုလိုတာလဲ။ ပါတီပြန်ထူထောင်ဖို့အတွက်လားခင်ဗျာ။

UAMZ : ကျွန်တော့်အမြင်ကတော့ အပြောင်းအလဲလုပ်ဖို့အတွက် နှစ်ပိုင်းရှိတယ်။ ပြောင်းလဲချင်တဲ့လူတွေ အပိုင်းနဲ့ အုပ်ချုပ်တဲ့ အာဏာပိုင်တွေရဲ့အပိုင်း။ အရင်အစိုးရ လက်ထက်တုန်းကဆိုရင် ပြောင်းလဲချင်တဲ့ဆန္ဒ လုံးလုံးမတွေ့ရဘူး။ တစ်ဖက်ကလည်း ပြောင်းလဲဖို့အတွက် အော်နေကြတယ်။ အုပ်ချုပ်တဲ့အစိုးရဘက်က ပြင်းပြင်းထန်ထန် ဖိနှိပ်ထားတော့ အပြောင်းအလဲတစ်ခုကို တွန်းတင်လို့မရဘူး။ ခု စနစ်ပြောင်းသွားတဲ့အချိန်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ချင်တယ်။ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲမှုအပေါ်မှာ ပါဝင်ပူးပေါင်းဆောင်ရွက်ချင်တယ်။ အကယ်၍ ခွင့်ပြုမယ်ဆိုရင် တိုင်းပြည်ဖွံ့ဖြိုးရေးပဲဖြစ်ဖြစ်၊ နိုင်ငံရေးပြောင်းလဲမှုပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးတည်ဆောက်ရေးပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။

Voice : ဟုတ်ကဲ့ခင်ဗျာ။ ခုလို ပြည်တော်ပြန်ဝင်လာတဲ့အချိန်မှာ အစ်ကိုတို့ကတော့ ပြည်ပကနေ နိုင်ငံရေးလှုပ်ရှားပြီး အေးအေးဆေးဆေး ပြန်လာကြတယ်။ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကတော့ အဖမ်းခံထောင်ကျပြီး ဒီမိုကရေစီပြောင်းလဲမှုကို လုပ်ဆောင်တယ် ဆိုကြတယ်။ အဲဒီလို နှိုင်းယှဉ်တဲ့ဝေဖန်ချက်တွေကလည်း တော်တော်များနေတော့ အစ်ကို့အနေနဲ့ကရော ဘာများပြောချင်သလဲခင်ဗျာ။

UAMZ : ကျွန်တော့်အနေနဲ့ကတော့ ဒီမိုကရေစီရေးလှုပ်ရှားကို ကြည့်တဲ့အခါမှာ သူက အတွင်း၊ သူက အပြင် အဲလိုမကြည့်ဘူး။ မြန်မာပြည်ရဲ့ဒီမိုကရေစီရေးလှုပ်ရှားမှုက တစ်ခုတည်းပဲ။ ရန်ကုန်ပဲဖြစ်ဖြစ်၊ အမေရိကပဲဖြစ်ဖြစ် နိုင်ငံရေးလှုပ်ရှားမှုမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်လှုပ်ဆောင်ကြတာချည်းပဲ။ ခု ကျွန်တော်တို့ ပြန်လာတယ်ဆိုတာလည်း ဘယ်သူနဲ့မှ ပြိုင်ဖို့မဟုတ်ဘူး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေအနေကလည်း ယှဉ်ပြိုင်ရမယ့် အနေအထားမဟုတ်ဘူး။ ကျွန်တော်တို့တွေအားလုံး စုစည်းပြီးတော့ ရှိနေတဲ့ ဒီမိုကရေစီကို များလာအောင် ပူးပေါင်းလုပ်ဆောင်ဖို့ပဲ ရှိတယ်။ သူ့ထက်ငါ ပြိုင်ရမယ့်အနေအထား မဟုတ်ဘူးလို့ ရှုမြင်ပါတယ်။ နောက်တစ်ခုက နိုင်ငံတော်သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာလည်း ပြင်ပရောက် နိုင်ငံသားတွေကို ပြန်လာနိုင်တယ်လို့ ခေါ်တယ်။ ကျွန်တော်တို့ကလည်း ခုလက်ရှိအနေထားက လက်တွဲဆောင်ရွက်လို့ရတဲ့ အနေထားဖြစ်နေပြီလို့ ယူဆတဲ့အတွက် ပြန်လာတာပါ။

Voice : ၂၄ နှစ်လုံးလုံး အတိုက်အခံလုပ်လာခဲ့ပြီးမှ ခုလက်တွဲဆောင်ရွက်လို့ရပြီဆိုတာက အစိုးရသစ်ကို လုံးဝ ယုံကြည်ပြီး လုပ်ဆောင်တော့မယ်လို့ ဆိုလိုတာလား။

UAMZ : သေချာတာတစ်ခုက နိုင်ငံတော် သမ္မတကြီးကိုယ်တိုင် ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတာကို ယုံကြည်လို့ရတဲ့အထိ မြင်ရပါတယ်။ ပြီးတော့ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်းတို့၊ ဦးစိုးသိန်းတို့ကလည်း တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ လုပ်နေတာတွေကို မြင်ရတယ်။ ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးတယ်။ ကချင်စစ်ပွဲနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးတယ်။ ပြီးတော့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့လည်း ဆွေးနွေးခဲ့ပါတယ်။ ဒါကြောင့် ခုနကပြောခဲ့သလို နိုင်ငံဖွံ့ဖြိုးရေးကပဲဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးကိစ္စပဲဖြစ်ဖြစ် ပါဝင်ဆောင်ရွက်ခွင့်ရချင်ပါတယ်။ ။

၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းသည့်အစိုးရက ကျင်းပပေးသည့် ၁၉၉၀ ရွေးကောက်ပွဲအပြီးတွင် တောခိုပြီး ကရင်အမျိုးသားအစည်းအရုံး ဌာနချုပ်နယ်မြေ မာနယ်ပလောတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ပြန်လည် အသက်သွင်းကာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ၂၄ နှစ်တိုင်လုပ်ဆောင်ခဲ့ပြီးနောက် လက်ရှိသမ္မတ ဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့သစ်၏ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှုတို့ကို ပူးပေါင်းလက်တွဲဆောင်ရွက်နိုင်ရန် ပြည်တော်ပြန်လာသူ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် The Voice Weekly တို့ တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြပါသည်။ 

(မင်းထက်စံ)

The Voice Weekly (Vol.8 / No36) မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 

 

No comments:

Post a Comment