Friday, March 9, 2012

“လုပ်စရာ အများကြီးကျန်သေးတယ်”

မတ်လ ၁ ရက်နေ့ သမ္မတမိန့်ခွန်းအပေါ် ကိုအောင်မိုးဇော်၏ သဘောထားအမြင်
 
ဗွီအိုအေ။ ။ မင်္ဂလာပါခင်ဗျား။ ဗွီအိုအေရဲ့ ဗုဒ္ဓဟူးနေ့မနက် တိုက်ရိုက်လေလှိုင်း အစီအစဉ်ကနေ ကြိုဆိုပါတယ်။ ဒီကနေ့ အစီအစဉ်မှာတော့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က နိုင်ငံတော်သမ္မတက လွှတ်တော်နှစ်ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်ကနေတဆင့် နိုင်ငံတော်ကိုပြောကြားခဲ့တဲ့ မိန့်ခွန်းပါအချက်တွေအပေါ် သောတရှင်တွေက ဘယ်လိုများ မြင်ကြပါသလဲဆိုတာကို ဆွေးနွေးသွားဖို့ ဖြစ်ပါတယ်။ 

ဒီအစီအစဉ်ကို သောတရှင်များ အတော်လေး စိတ်ဝင်စားပုံရပါတယ်။ ကျနော်တို့ကို အီးမေးလ်နဲ့ ပို့ပြီးတော့ ဆွေးနွေးထားသူတွေ စုံစုံလင်လင်နဲ့ အများအပြားကို ရပါတယ်။ ဝင်ရောက်ဆွေးနွေးချင်သူတွေလည်း ကျနော်တို့ဆီကို အကြောင်းကြားတာတွေ ရှိပါတယ်။ 

အတတ်နိုင်ဆုံး ကျနော်တို့ အီးမေးလ်တွေကိုလည်း အကျဉ်းချုပ်ပြီးတော့ တတ်နိုင်သလောက် ဖတ်ပေးသွားမှာဖြစ်သလို ဆွေးနွေးသူတွေကိုလည်းပဲ ကျနော်တို့ အတတ်နိုင်ဆုံး ကြိုးစားဆက်သွယ်သွားပါမယ်။ ထုံးစံအတိုင်း မြန်မာပြည်တွင်း ဖုန်းဆက်သွယ်ရေးများကတော့ ခက်ခဲနေဆဲပဲ ရှိပါသေးတယ်။ သမ္မတမိန့်ခွန်းထဲမှာလည်းပဲ ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ရသူတွေက ပြောတာဆိုတာတွေကိုလည်း ကျနော်တို့ ကြားထားရတာ ရှိပါတယ်။

ဆွေးနွေးပေးဖို့ ဖိတ်ကြားထားသူတွေထဲမှာ တဦးကတော့ လက်ရှိ မြန်မာနိုင်ငံထဲမှာ လုပ်ငန်းတွေ လုပ်ဆောင်နေပြီ ဗဟုဖွံ့ဖြိုးရေးအင်စတီကျုက သုတေသနမှူး ကိုအောင်သူငြိမ်း ရှိပါတယ်။ နောက်တခါ မြန်မာနိုင်ငံထဲက အားကစားဂျာနယ် အယ်ဒီတာတဦးလည်းဖြစ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်တဲ့ ကိုသက်ဇော် (ခ) ကိုဇော်သက်ထွေးကိုလည်း ကျနော်တို့ ဆက်သွယ်ထားပါတယ်။ ဖုန်းကတော့ ဆက်သွယ်ဆဲပါပဲ။

နောက်တခါ ဒီဆွေးနွေးမယ့် လူတွေထဲမှာဆိုရင် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ထိုင်းမြန်မာနယ်စပ်အခြေစိုက် မြန်မာ့အရေး မဟာမိတ်များအဖွဲ့က မခင်ဥမ္မာကိုလည်း ကျနော်တို့ ဖိတ်ခေါ်ထားပါတယ်။ နောက်ပြီးတော့ လောလောဆယ်မှာ အမေရိကန်ပြည်ထောင်စုမှာ ခေတ္တရောက်နေတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်ကိုလည်း ကျနော်တို့ ဖိတ်ခေါ်ထားပါတယ်။ 

အခုလောလောဆယ်မှာတော့ ကျနော်တို့ ဆွေးနွေးမယ့်သူတွေကို ဆက်သွယ်တုန်းပါပဲ ခင်ဗျာ။ ကိုအောင်မိုးဇော်ကတော့ အခု လေလှိုင်းပေါ်မှာ ရောက်နေပါပြီ။ ဒီသမ္မတရဲ့ မိန့်ခွန်းက အကြောင်းအရာမျိုးစုံ၊ အခြေအနေမျိုးစုံကို ပြောသွားတာ တွေ့ရပါတယ်။ ဒီတော့ ကဏ္ဍအပိုင်းနဲ့ကို ခွဲပြီးတော့ ပြောသွားတာလည်းပဲ တွေ့ရပါတယ်။ ဆိုတော့ ကဏ္ဍအပိုင်း (၁) လို့ ပြောရမယ့်အထဲမှာတော့ လက်ရှိအစိုးရ တနှစ်အတွင်း လုပ်ခဲ့တဲ့ဟာတွေပါ။ ဒီနေရာမှာ ကျနော် သတိထားမိတာကတော့ အစိုးရအဖွဲ့တဖွဲ့ သက်တမ်းကာလ တနှစ်ပြည့်မြောက်ပြီးတဲ့နောက် နိုင်ငံကိုပြောတဲ့ အနောက်နိုင်ငံတွေဆီမှာတော့၊ ဒီမိုကရေစီနိုင်ငံတွေမှာတော့ ဒီလိုပြောတဲ့ မိန့်ခွန်းမျိုးကို State of the union နိုင်ငံတော်အခြေပြမိန့်ခွန်း ဆိုပြီးတော့ ပြောလေ့ရှိပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုမိန့်ခွန်းမျိုးကို နိုင်ငံတော်အကြီးအကဲ သမ္မတက ပြောတာဟာ ဒါ ပထမဆုံး အကြိမ်ဖြစ်မလားလို့ ကျနော် တွေးမိပါတယ်။ ဆိုတော့ အဲဒီလိုအခြေအနေ ဟုတ်မဟုတ်ဆိုတာကို ဆွေးနွေးသူများကို မေးချင်ပါတယ်။

ဗွီအိုအေ။ ။ ခုနက မေးခွန်းမှာ နိုင်ငံတော်သမ္မတကအစိုးရသက်တ တနှစ်ပြည့်ပြီးနောက် ပြောတဲ့ဟာတွေ၊ တခြားဒီမိုကရေစီနိုင်ငံကြီးတွေမှာ ပြောသလို State of the union နိုင်ငံတော် ခြေပြမိန့်ခွန်းလို့ ခေါ်မယ်ဆိုရင် မှန်သလားခင်ဗျ။

ကိုအောင်မိုးဇော်။ ။ ကျနော်အနေနဲ့ အဲလိုခေါ်မယ်ဆိုရင်လည်း ရကောင်းရနိုင်တယ်လို့ ကျနော့်အနေနဲ့တော့ အဲလို ယူဆပါတယ်။ တပြိုင်နက်ထဲမှာ ကျနော်ပြောချင်တာကတော့ ဒီနိုင်ငံတော်သမ္မတက မိန့်ခွန်းဖြစ်တဲ့အခါကြတော့ နောက် သူပြောတဲ့စကားတွေ၊ သူပြောတာတွေက တကယ်တမ်းကျတော့ ပြောတာတွေက ပြည်ထောင်စုအစိုးရရဲ့ သဘောထားတွေကို ထင်ဟပ်တယ်။ ပြည်ထောင်စု အစိုးရရဲ့ policy ဖြစ်တယ်လို့ ကျနော် အဲဒီလိုပဲ မှတ်ချက်ပြုချင်ပါတယ်။

ဗွီအိုအေ။ ။ ဒီမိန့်ခွန်းကို အပြည့်အစုံ ကြားပြီး၊ ဖတ်ပြီးပြီးချင်းပေါ့ ကြားတာ တိုက်ရိုက်ကြားဖို့ကတော့ အပြင်ဘက်ကနေ မလွယ်ဘူး။ ဖတ်ပြီးပြီးချင်း ဆိုကြပါစို့။ ကိုအောင်မိုးဇော် ခင်ဗျ။ ဖတ်ပြီးပြီးချင်းမှာ ကိုအောင်မိုးဇော် စိတ်ထဲမှာ ပထမဦးဆုံးဖြစ်တဲ့ စိတ်ရဲ့ တုံ့ပြန်ချက်ကို ပြောပြပါလားခင်ဗျ။
ကိုအောင်မိုးဇော်။ ။ ကျနော် ဒီမိန့်ခွန်းကို ဖတ်ပြီးတဲ့အခါမှာတော့ အရင့်အရင် အခုနလို တိုင်းပြည် အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေပြောခဲ့တဲ့ စကားတွေ၊ ပြောခဲ့တဲ့ မိန့်ခွန်းတွေနဲ့ အရမ်းကြီး ကွာခြားသွားတယ်။ Tone တော်တော်ကို ပြောင်းသွားတယ်။ ကျနော့်အနေနဲ့ ယူဆမိတယ်၊ တပြိုင်နက်ထဲမှာပဲ ဒီမိန့်ခွန်းဟာ ကျနော်တို့ တိုင်းပြည်ထဲမှာ ငြိမ်းချမ်းရေးရလိုတဲ့ သဘောထား၊ ကျနော်တို့ တိုင်းပြည်ထဲမှာ ခုနလို နိုင်ငံရေးဖြစ်စဉ်ထဲမှာ အားလုံးပါဝင်နိုင်မယ်ဆိုတဲ့ နိုင်ငံရေးအရ ပြေလည်လိုတဲ့ သဘောထားတွေ အတော်ကို ထင်ဟပ်နေတယ်။ နောက်တပြိုင်နက်ထဲမှာပဲ တိုင်းရင်းသားတွေအပေါ်မှာကို ပြောတယ်ပြောဆိုတဲ့ကိစ္စ၊ ဆိုတာက ဗမာလည်း ပြည်ထောင်စုထဲက တိုင်းရင်းသားလူမျိုးတွေထဲက တခုဖြစ်တယ်ဆိုတဲ့ အသုံးအနှုန်းမျိုးပေါ့။ ဒီလိုအသုံးအနှုန်းမျိုးဟာ အခုနလို ဒီ စစ်ခေါင်းဆောင်အဆက်ဆက်၊ အရင် စစ်ခေါင်းဆောင်အဆက်ဆက် ပြောလေ့ပြောထ၊ သုံးလေ့သုံးထ တရားဝင် မရှိခဲ့တဲ့ အသုံးအနှုန်းမျိုး ဖြစ်တယ်။ ဒါကြောင့်မို့လို့ Tone က တော်တော်ပြောင်းသွားတဲ့လို့ ကျနော့်အနေနဲ့ ရုတ်တရက် ချက်ချင်း ကျနော် အဲဒီလို တွေးလိုက်မိပါတယ်။

ဗွီအိုအေ။ ။ ကိုအောင်မိုးဇော် ဒီမိန့်ခွန်းထဲမှာ ဝန်ထမ်းတွေ လစာတိုးပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ သမ္မတက ပြောပါတယ်။ လွှတ်တော်ဥက္ကဋ္ဌက တင်ပြတဲ့ဟာကို သူက ပြန်ပြီးတော့ ဒါ ပြန်ဖြေတယ်လို့ ကျနော် အဲလို နားလည်ပါတယ်။ ကိုအောင်မိုးဇော်ကော ဘယ်လိုနားလည်ပါသလဲ။

ကိုအောင်မိုးဇော်။ ။ ကျနော်လည်း လွှတ်တော်ဥက္ကဋ္ဌကို ပြန်ပြီးတော့ ပြန်လည်ဖြေရှင်းမှုတခုဖြစ်တယ်လို့ ကျနော်အနေနဲ့ နားလည်ပါတယ်။ မိန့်ခွန်းတခုလုံးကို ကျနော် ခြုံကြည့်မယ်ဆိုရင် ကျနော် စိတ်အဝင်စားဆုံးကိစ္စက နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးပါဝင်ရေး၊ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေး ဒီကိစ္စတွေက ကနေ့ ကျနော်တို့တိုင်းပြည်မှာ အရမ်းကို ... ဘယ်လိုခေါ်မလဲ Urgently အမှန်တကယ် လိုအပ်နေတဲ့ အချက်တွေ၊ ကိစ္စတွေဖြစ်တယ်။ ဒီကိစ္စတွေကို သမ္မတက ပြောတယ်ပြောဆိုတဲ့အခါကျတော့ ဒါ သူတို့ ပြည်ထောင်စု အစိုးရရဲ့ သဘောထားပေါ်လစီဖြစ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ မှတ်ယူပါတယ်။ ဒါပေမယ့် လက်တွေ့ ဒီကိစ္စတွေကို ဘယ်လိုအကောင်အထည်ဖော်မလဲလို့ ကျနော်တို့ မေးကြမယ်ဆိုလို့ရှိရင်တော့ ခုနက သမ္မတ ကိုယ်နှိုက်ကလည်း ပြောထားတာရှိတယ်။ အများကြီးလုပ်စရာ ကျန်သေးတယ်လို့ ပြောသွားတာ ရှိတယ်။

အဲတော့ တိုင်းရင်းသားအင်အားစုတွေ၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ ဒေါ်အောင်ဆန်းစုကြည်တို့ လူထုခေါင်းဆောင်တွေနဲ့ ဆွေးဆွေးနွေးနွေး တိုင်တိုင်ပင်ပင်နဲ့ ဒီကိစ္စတွေကို ဆက်လက်ဖြေရှင်းသွားမယ်ဆိုလို့ရှိရင် တခြား ကျနော်တို့ တပြိုင်နက်ထဲဖြေရှင်းသွားမယ့် စိတ်ဆန္ဒတကယ်ရှိမယ်ဆိုလို့ရှိရင် ကျနော်တို့တိုင်းပြည်ဟာ အလွယ်တကူပဲ ကျနော်တို့ အနှေးနဲ့အမြန် ဒီမိုကရေစီနိုင်ငံအသွင် ကူးပြောင်းရေးလမ်းကြောင်းပေါ်ကို ရောက်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ဒီလိုပဲ ကျနော်ယူဆပါတယ်။

အရေးကြီးဆုံးကတော့ သူတို့ပြောသွားတဲ့၊ သမ္မတကိုယ်နှိုက် ပြောသွားတဲ့ နိုင်ငံရေးဖြစ်စဉ်မှာ အားလုံးပါဝင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေး၊ ဘယ်လိုပြင်မယ် အားလုံးပါဝင်နိုင်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ကိစ္စတွေကတော့ သမ္မတကိုယ်တိုင် အသိအမှတ်ပြုထားတယ်။ နောက် Stakeholder အကုန်လုံးနဲ့ ဆွေးဆွေးနွေးနွေး ညှိညှိနှိုင်းနှိုင်းနဲ့ ပြင်ဆင်ဆောင်ရွက်သွားသင့်တယ်လို့ ကျနော့်အနေနဲ့တော့ အဲဒီလိုပဲ ယူဆပါတယ်။

ဗွီအိုအေ။ ။ ဆိုတော့ ကျနော် အစီအစဉ်ကို အဆုံးသတ်ဖို့ သုံးမိနစ်လောက် လိုပါသေးတယ်။ ကိုအောင်သူငြိမ်းရော၊ ကိုအောင်မိုးဇော်ရော၊ မခင်ဥမ္မာရော ဒီမိုကရေစီလှုပ်ရှားမှုကြီးမှာ ဝါရင့်အတွေ့အကြုံများစွာ ရှိသူတွေဖြစ်ပါတယ်။ လူပေါင်းများစွာနဲ့ တွေ့ဆုံခဲ့ဖူးပါတယ်။ နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ကြသူတွေ ဖြစ်ပါတယ်။ တခါ နိုင်ငံခြားတိုင်းပြည် အတွေ့အကြုံတွေကိုလည်း အများကြီး သိထားကြသူတွေပါ။ ဆိုတော့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ မိန့်ခွန်းပါ အချက်တွေ၊ မိန့်ခွန်းပြောဆိုပုံ၊ မိန့်ခွန်းတင်ပြပုံ၊ မိန့်ခွန်းကို စီစဉ်ထားပုံ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ဒီမိန့်ခွန်းနဲ့ ဆက်စပ်ပြီးတော့ သမ္မတကို အမှတ်ပေးမယ်ဆိုရင် သုံညကနေပြီးတော့ တဆယ်ထိကို ကိုအောင်မိုးဇော်ကရော ဘယ်နှစ်မှတ်ပေးမလဲခင်ဗျ။

ကိုအောင်မိုးဇော်။ ။ ကျနော်ကတော့ အမှတ်တွေဘာတွေတော့ မပေးတတ်ဘူးဗျ။ ဒါပေမယ့် ကျနော် အဓိကပြောချင် တာကတော့ ဒီမိန့်ခွန်းဟာ လူတော်တော်များများပေါ့နော်၊ အင်အားစုတော်တော်များများကို တစုံတရာ ဆွဲဆောင်နိုင်တဲ့ မိန့်ခွန်းဖြစ်တယ်။ ဒါပေမယ့် အခုနလိုပဲ တကယ်လက်တွေ့အလုပ် ဖြစ်မဖြစ်ဆိုတာကတော့ ကျနော်တို့ နောက်ထပ် ဆက်ကြည့်ရမှာတော့ အများကြီးရှိသေးတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။

ဗွီအိုအေ။ ။ ဟုတ်ကဲ့၊ နောက်ထပ် ကျနော်တို့ သမ္မတရဲ့ အလုပ်တွေကို နောက်တနှစ်ကြာရင် အမှတ်ထပ်ပေးကြတာပေါ့။

(၇- ၃- ၁၂ ရက်နေ့ နံနက် ၆:၃၀ မှ ၇:၀၀ အထိ ထုတ်လွှင့်ခဲ့သည့် VOA မြန်မာပိုင်း၊ တိုက်ရိုက်လေလှိုင်း အစီအစဉ်မှ ကောက်နုတ်ချက်)

-xxx-

No comments:

Post a Comment