Friday, March 30, 2012

မြန်မာ-တရုတ်ဆက်ဆံရေး အလှည့်အပြောင်းဟာ အာဆီယံဥက္ကဋ္ဌနေရာအတွက် ပြင်ဆင်ခြင်းလော။ (မူဝါဒရေးရာ သုံးသပ်တင်ပြချက်) - ဝင်းမြင့်နိုင်

မြန်မာအစိုးရဟာ အာဆီယံဥက္ကဋ္ဌရာကိုရယူဖို့ ပြင်ဆင်မှုတွေပြုလုပ်လာနေချိန်မှာ တရုတ်နဲ့ဆက်ဆံရေးကို ပြန်လည် ချိန်ဆလာပါတယ်။ ဒီအာဆီယံဥက္ကဋ္ဌနေရာဟာ လွန်ခဲ့တဲ့ ၂၀၀၆ တုန်းက တစ်ကြိမ်အလှည့်ကျခဲ့ပေမယ့် မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် အနောက်ကမ္ဘာက ဖိအားပေးကန့်ကွက်ခဲ့တဲ့အတွက် လက်လွှတ်လိုက်ရတဲ့ နေရာဖြစ်ပါတယ်။

မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းပစ်လိုက်တဲ့အချက်ကိုကြည့်ရင် တရုတ်နဲ့ဆက်ဆံရေးမှာ မြန်မာအစိုးရဟာ ပြန်လည် ချိန်ခွင့်လျှာညှိလာတဲ့သဘောကို အထင်အရှား တွေ့နိုင်ပါတယ်။ တဖက်မှာ တရုတ်နဲ့ မဟာဗျူကျတဲ့ဆက်ဆံရေးကို သတိကြီးစွာ ထိန်းသိမ်းရင်း၊ တဖက်မှာလည်း တရုတ်လောင်းရိပ်အောက်က ထွက်ပြလိုက်ပုံရပါတယ်။ ဒီအချက်ဟာ ၂၀၁၄ ခုနှစ်မှာ မြန်မာ အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့အခါမှာ ဖြစ်လာနိုင်တဲ့ တရုတ်-မြန်မာ ဆက်ဆံရေး အနေအထားကို အချက်ပြနေတာပဲ ဖြစ်ပါတယ်။ ဒီပြောင်းလဲမှုဟာ တရုတ်အတွက်လည်းဖြစ်သလို၊ အာဆီယံအတွက်လည်း သင့်တော်မယ့် အပြောင်းအလဲဖြစ်ပါတယ်။


မြန်မာအစိုးရရဲ့ လုပ်ဟန်အပြောင်းအလဲတွေကို သိလိုတယ်ဆိုရင် မြန်မာအစိုးရရဲ့ တရုတ်ပြည်ဆိုင်ရာမူဝါဒကို လေးလေးနက်နက် သုံးသပ်ဖို့ လိုပါတယ်။
မောင်အောင်မျိုးရေးသားပြီး မကြာသေးမီကမှ ထုတ်ဝေလိုက်တဲ့ ‘ဆွေမျိုးပေါက်ဖော်ဆိုရာဝယ်’ စာအုပ်မှာ ဒီအကြောင်းအရာတွေကို ဖော်ပြထားပါတယ်။ အဲဒီစာအုပ်ကို အရှေ့တောင်အာရှ လေ့လာရေးဌာနက ထုတ်ဝေတာပါ။

ပေါက်ဖော် သံခင်းတမန်ခင်း 

အစဉ်အလာအားဖြင့် မြန်မာ့နိုင်ငံခြားရေးပေါ်လစီဟာ ကြားနေရေး ပဲဖြစ်ခဲ့တယ်လို့ စာရေးသူက ဆိုပါတယ်။ တကယ်တမ်း တရုတ်နဲ့ဆက်ဆံရေးက မလွယ်ကူလှပေမယ့် တရုတ်-မြန်မာဆက်ဆံရေးကို ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးအဖြစ် စာရေးသူက ဖော်ပြထားပါတယ်။ ဒီ ဆွေမျိုးသားခြင်းဆက်ဆံရေးလို့ဆိုရာမှာ အကိုကြီး ညီလေး ဆက်ဆံရေးမျိုးဖြစ်ပြီး မြန်မာက ညီအငယ်နေရာကနေရတဲ့ အနေအထားမျိုးပါ။ အကြီးနဲ့အငယ်၊ အပေါ်နဲ့အောက်ဆိုတဲ့ ဆက်ဆံရေးမျိုး ဖြစ်ပါတယ်။

အခုလို ဆွေးမျိုးပေါက်ဖော်ဆက်ဆံရေးကြောင့် တရုတ်ရဲ့ အားပေးထောက်ခံမှုကိုရလာတဲ့အခါ တရုတ်ဆိုတဲ့ ဖဲချပ်ကိုကိုင်ပြီး နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ မြန်မာအစိုးရက လိမ်မာပါးနပ်စွာ ကစားပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ မြန်မာအစိုးရအတွက် နေရာလေးအနည်းငယ် ရရှိစေပါတယ်။ တရုတ်ဆီကနေ အားပေးထောက်ခံမှုတွေရနေဖို့ တရုတ်နဲ့ဆက်ဆံရေးမှာ မြန်မာအစိုးရက သူ့ရဲ့အနေအထားကို အမြဲလိုလို ပြုပြင်လေ့ရှိပါတယ်။ တစ်ခါတစ်ရံ ချိန်ခွင်လျှာညှိပြီး ရပ်တည်တာမျိုးလုပ်သလို၊ တစ်ခါတစ်ခါမှာတော့ အောက်ကျို့ပြီး ဆက်ဆံတာမျိုးတွေ လုပ်ပါတယ်။

ဒါကြောင့် တရုတ်ရဲ့ ဒေသတွင်းမဟာဗျူဟာ အကျိုးစီးပွားတွေနဲ့ ညှိနှိုင်းရတဲ့အခါမှာ မြန်မာ့ပြည်တွင်းရေးအပေါ် သြဇာလွှမ်းမိုးမှုနဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို လိုအပ်ရင် လိုအပ်သလို ခုခံ တုံ့ပြန်ရပါတယ်။
ဒီဆောင်းပါးရှင်တင်ပြခဲ့သလိုပဲ ထိန်းညှိရေးပေါ်လစီဟာ မြန်မာ-တရုတ်ဆက်ဆံရေးရဲ့ မှတ်ကျောက်ဖြစ်ပြီး မပြောင်းလဲဘဲ ဆက်ရှိနေဦးမှာ ဖြစ်တယ်။

မည်သို့ပင်ဆိုစေ ဒီအမြင်နဲ့ပတ်သက်ပြီး မြန်မာ့အရေးလေ့လာသူတွေအကြားမှာ မြန်မာအစိုးရရဲ့ တရုတ်အပေါ်ထားတဲ့ သဘောထားနဲ့ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှုတွေတော့ ရှိနေပါတယ်။

မြန်မာဟာ တရုတ်လွှမ်းမိုးမှုကိုခံခဲ့ရပြီး တရုတ်ဇာတ်သွင်းခံလိုက်ရတယ်လို့ မြန်မာအတိုက်အခံ ကျောင်းသား ကိုမြမောင်ကတော့ မြင်ပါတယ်။ ဒါ့အပြင် အိန္ဒိယသမုဒ္ဒရာနဲ့ အိန္ဒိယလုံခြုံရေးကို စိုးရိမ်မကင်းဖြစ်နေတဲ့ မိုဟမ်မာလစ် က ပြောဆိုရာမှာတော့ မြန်မာဟာသူ့ရဲ့ ကြားနေရေးဝါဒကိုစွန့်လွှတ်လိုက်ပြီး လာမယ့်ရာစုသစ်အတွက် တရုတ်ရဲ့မဟာဗျူဟာ အစီအစဉ်တွေဘက် လိုက်သွားပြီလို့ ပြောဆိုပါတယ်။

ဒါပေမယ့်လည်း တရုတ်ကျောင်းသား ချီရှောက်လျန်အမြင်ကတော့ တရုတ်-မြန်မာ ဆက်ဆံရေးဟာ ၁၉၈၈ ခုနှစ် ကျောင်းသားအရေးတော်ပုံ ဖြစ်ခဲ့တဲ့နှစ်ကစလို့ သိသိသာသာ ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။ မြန်မာအစိုးရနဲ့ မိတ်ဆွေဆက်ဆံရေးဘဝကနေ အမှန်တကယ့်ပူးပေါင်းဆောင်ရွက်ရေး ဆိုတဲ့အဆင့်ကို ကူးပြောင်းလာတာပါ တဲ့။
အင်ဒရူးဆက် ဆိုတဲ့ နောက် မြန်မာကျောင်းတစ်ယောက်ကလည်း အကောင်းဘက်က ရှုမြင်ပါတယ်။ မြန်မာက ကြားနေရေးကို စွန့်လွှတ်ခဲ့တာကို သဘောတူလက်ခံပါတယ်။ ဒါ့အပြင် မြန်မာဟာ တရုတ်လက်ထဲကနေ ပြန်လည်ရုန်းထွက်ဖို့ ကြိုးပမ်းလိမ့်မယ်ဆိုတဲ့ လက္ခဏာဖော်ပြချက်တွေရှိနေပြီး နိုင်ငံတကာ ဆက်ဆံရေးမှာ ပိုပြီး ချိန်ခွင်လျှာညှိတဲ့ အနေအထားမျိုးရောက်အောင် ကြိုးပမ်းနေပါတယ်လို့ သူက ပြောပါတယ်။

လက်ရှိ အစီအစဉ်

မြန်မာအစိုးရဟာ အာဆီယံ ဥက္ကဋ္ဌနေရာကိုရယူဖို့ နောက်ထပ်တစ်ကြိမ် ကြိုးပမ်းလာတဲ့အချိန်မှာ တဖက်မှာလည်း တရုတ်သြဇာခံနိုင်ငံ လုံးလုံးလားလား အဖြစ်မခံဘဲ တရုတ်နဲ့ဆက်ဆံရေးကို ကိုယ်ရှိန်သတ်ပြီး ပြန်လည် ထိန်းညှိလာပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် စက်တင်ဘာလတုန်းက တရုတ်နဲ့ပူးတွဲလုပ်ကိုင်နေတဲ့ ဧရာဝတီ မြစ်ဆုံဆည်စီမံကိန်းကို မြန်မာဘက်က ရုတ်တရက် ရပ်ဆိုင်းပစ်ခဲ့တဲ့အတွက် အားလုံး အံအားသင့်ခဲ့ကြရပါတယ်။
အနောက်နိုင်ငံတွေနဲ့ အာဆီယံကို ဆွဲဆောင်နေချိန်မှာလုပ်တဲ့ ဒီလုပ်ရပ်ဟာ ပီကင်းကို စိတ်နာစေပေမယ့် အထူးအဆန်းတော့ မဟုတ်ပါဘူး။

ဒီအပြောင်းလဲတွေ လုပ်ဆောင်လာတာနဲ့တပြိုင်နက်ထဲမှာပဲ တရုတ်စီမံကိန်းတွေကြောင့် ဖြစ်ပေါ်လာရတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေအတွက် မြန်မာပြည်သူလူထုရဲ့ ဖိအားပေးတောင်းဆိုမှုတွေကို အလေးထားလာရတယ် ဆိုတဲ့ ပုံစံသစ်ကို မြန်မာအစိုးရက ပြုမူလာပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ မြစ်ဆုံဆည်စီမံကိန်းကို ရပ်ဆိုင်းပစ်ရတာနဲ့ပတ်သက်ပြီးပြောဆိုရာမှာ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်အနေနဲ့ ပြည်သူလူထုရဲ့ဆန္ဒတွေကိုလေးစားတဲ့အနေနဲ့ ရပ်ဆိုင်းလိုက်တာဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က လွှတ်တော်မှာ ရှင်းလင်းပြောကြားခဲ့တဲ့ အချက်ဖြစ်ပါတယ်။ ဒီလိုပြောကြားခဲ့တာကိုလည်း မြန်မာ သတင်းမီဒီယာတွေက ထုတ်လွှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်း တရုတ်ရဲ့ စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမှု အများအပြားရှိနေတာကိုကြည့်ရင် တရုတ်ရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွား မြန်မာနိုင်ငံမှာရှိနေတယ်ဆိုတာကို ဖော်ပြနေပါတယ်။ မြန်မာအစိုးရနဲ့ နီးကပ်တဲ့ဆက်ဆံရေးကြောင့် တရုတ် အလွန်အလိုရှိနေတဲ့ ဘင်္ဂလားပင်လယ်ကိုဖြတ်ပြီး အိန္ဒိယ သမုဒ္ဒရာနဲ့ ဆက်သွယ်နိုင်ရေးဆိုတဲ့အချက်ကို တရုတ်က ရရှိသွားပါတယ်။

အခုလို တရုတ်ရဲ့အကျိုးစီးပွားတွေကို ဆန့်ကျင်တဲ့လုပ်ရပ်တွေဟာ မနှစ် မေလထဲက မြန်မာသမ္မတ အသစ် တရုတ်ပြည်ကို သွားရောက်လည်ပတ်အပြီး ၄ လအကြာမှာ စတင်လာခဲ့ပါတယ်။ အဲဒီတုန်းက မြန်မာသမ္မတ လာရောက်လည်ပတ်ခဲ့တာကို တရုတ်သတင်းဌာနတွေက အပြုသဘောဖော်ပြခဲ့ကြပါတယ်။ တရုတ် သမ္မတ ဟူကျင်းတောင်နဲ့ မြန်မာသမ္မတတို့ဟာ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေးကို တိုးမြှင့်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် မြန်မာနဲ့တရုတ်အကြား စီးပွားရေးဆိုင်ရာ သဘောတူညီချက်တွေရရှိခဲ့ပြီး စွမ်းအင်၊ လယ်ယာစိုက်ပျိုးရေးနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြောင်း၊ တရုတ်နဲ့မြန်မာဟာ မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက်တွေဖြစ်လာကြပြီဖြစ်ကြောင်း တရုတ်အစိုးရပိုင် ဆင်ဟွာသတင်းဌာနက ကြေငြာခဲ့ပါတယ်။

ဆင်ဟွာသတင်းက ဆက်လက်ဖော်ပြရာမှာ တရုတ်နဲ့မြန်မာဟာ မဟာဗျူဟာ လုပ်ဖော်ကိုင်ဖက်တွေအဖြစ် ဖော်ပြသလို အိမ်နီးချင်းနိုင်ငံနှစ်ခုရဲ့ ခိုင်မြဲတဲ့လက်တွဲမှု သင်္ကေတဖြစ် ဦးသိန်းစိန်ရဲ့ လာရောက်လည်ပတ်မှုကို ချီးကျူးဖော်ပြပါတယ်။ ဦးသိန်းစိန်က တရုတ်နိုင်ငံကို မြန်မာနိုင်ငံရဲ့ အစဉ်အလာအရ မိတ်ဆွေဖြစ်မှုကို ဆက်လက်ထိန်းသိမ်းသွားဖို့ ရည်ရွယ်ပြီး၊ မြန်မာအတွက် တရုတ်ဟာ အနီးဆုံးနဲ့ အရေးအကြီးဆုံး သံတမန် ဆက်ဆံရေးအဖြစ် သဘောထားတယ်လို့ ဆိုပါတယ်။

ထူးခြားချက်တရပ်အနေနဲ့ကတော့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု၊ နယ်မြေပိုင်စိုးမှုနဲ့ အချုပ်အခြာအာဏာပိုင်စိုးမှုကို တရုတ်နိုင်ငံက လေးစားကြောင်း ထပ်မံအတည်ပြုတဲ့ ကြေငြာချက်တရပ်ကို ပူးတွဲထုတ်ပြန်ဖို့ ဆန္ဒရှိခဲ့ကြတဲ့အချက်ပါပဲ။
တရုတ်ရဲ့ ဖောက်သည်နိုင်ငံတခုအဖြစ် မြန်မာကသဘောထားတဲ့ တချိန်ထဲမှာပဲ အခွင့်အလမ်းတချို့အတွက် မြန်မာအစိုးရရဲ့ဆန္ဒတွေကို တရုတ်က ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ပါတယ်။

အထီးကျန်ကာလအလွန် မြန်မာနဲ့ အမေရိကန်တို့ နီးစပ်လာကြချိန်မှာ အခုလို ပြန်လည်ထိန်းညှိမှု ပေါ်ပေါက်လာပါတယ်။ အမေရိကန်အစိုးရဟာ အာရှဗဟိုပြု မဟာဗျူဟာကို ကျင်သုံးလာတာနဲ့အမျှ အာရှတိုက်မှာ သူရဲ့တည်ရှိမှုကို ပြန်လည်ခိုင်မာအောင် လုပ်ဆောင်လာပါတယ်။ ဒီလိုအခြေအနေအောက်မှာ ၂၀၁၀ ခုနှစ်လောက်ကတည်းကစပြီး မြန်မာနိုင်ငံအပေါ် သိသိသာသာ သဘောထား ပျော့ပြောင်းလာခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေကို ရှေ့တိုးလုပ်ဆောင်ဖို့ကိုလည်း အမေရိကန်ပြည်ထောင်စုက တွန်းအားပေးလာခဲ့ပါတယ်။


မြန်မာနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း

မြန်မာအနေနဲ့ အာဆီယံဥက္ကဋ္ဌနေရာအတွက် ပြင်ဆင်မှုတွေပြုလုပ်နေပြီး၊ တရုတ်နဲ့ ဆက်ဆံရေးကို ပြန်လည် ထိန်းညှိနေပေမယ့်လည်း တဖက်မှာ တရုတ်နဲ့မြန်မာ နှစ်နိုင်လုံးပါဝင်နေတဲ့ ဒေသဆိုင်ရာ စုဖွဲ့မှုအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ကတိပြုပြောကြားပါတယ်။ အရှေ့တောင်အာရှနဲ့ မဟာမိတ် ၃ နိုင်ငံ ပါဝင်တဲ့စုဖွဲ့မှုအတွင်း တရုတ်ရော၊ မြန်မာပါ ပါဝင်နေပါတယ်။ အာဆီယံရဲ့ မဟာမိတ် ၃ နိုင်ငံကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားတို့ ဖြစ်ကြပါတယ်။

၁၉၉၇ ခုနှစ်မှာ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ဝင်ဖြစ်လာတဲ့အထိ မြန်မာဟာ အာဆီယံအတွက် ပြဿနာနိုင်ငံတခုအဖြစ်ပဲ ရှုမြင်ခံခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေဟာ သိပ်ပြီး ကြာကြာဆက်ပြီးရှိတော့မှာ မဟုတ်တော့ပါဘူး။ အာဆီယံဥက္ကဋ္ဌအဖြစ် ၂ နှစ်တာဝန်ယူရတဲ့အခါ မြန်မာဟာ တခြားအဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ ၂၀၁၅ အာဆီယံဇုံထဲ ရောက်သွားမှာဖြစ်လို့ပါပဲ။

ဒါပေမယ့် မြန်မာဟာ တခါမှမရရှိဖူးသေးတဲ့ ဒါမှမဟုတ် ပုံမှန်မဟုတ်တဲ့နေရာကို ယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် အာဆီယံကို ဦးဆောင်တဲ့အခါ အင်အားကြီးနိုင်ငံအဖြစ် ရောက်ရှိပြီးဖြစ်နေတဲ့ အမေရိကန်နဲ့ ထွန်းသစ်စ အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်တို့အကြား ချိန်ခွင်လျှာညှိနိုင်ရေး နည်းလမ်းတွေကိုလည်း ရှာဖွေသွားရမှာဖြစ်ပါတယ်။

ဒါကတော့ တရုတ်အစိုးရနဲ့ပတ်သက်ပြီး မြန်မာရဲ့ရပ်တည်ချက် ပြောင်းလဲလာတဲ့အတွက်ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးသက်ရောက်မှုတွေပါပဲ။

ဝင်းမြင့်နိုင်
၃၊ ၁၆၊ ၂၀၁၂

မှီငြမ်း။
http://www.eurasiareview.com/16032012-myanmar%E2%80%99s-china-policy-shift-preparing-for-asean-chair-analysis/

No comments:

Post a Comment