Saturday, March 31, 2012

ကလေးဘဝ ... ကျော်ဦး၊ သိန်းညွန့်နဲ့ မြန်မာ့နိုင်ငံရေး ဆက်စပ်ကြည့်မိခြင်း - (ကိုယဉ်ထွန်း - လူ့ဘောင်သစ်)

အခုတလော မြန်မာ့နိုင်ငံရေးကိစ္စတွေ ကြားနေ၊ သိနေရတာတွေဟာ ကျနော်ငယ်ငယ်က တရပ်ကွက်တည်းနေ ရွယ်တူသူငယ်ချင်းတွေနဲ့ ကျနော် ဖြစ်ပျက်ခဲ့တဲ့အကြောင်းလေးတွေနဲ့ တော်တော်လေးတူနေတယ်။ ငယ်ငယ်က ဖြစ်ပျက်ခဲ့တာလေးတွေဟာ အများစုအနေနဲ့ အသေးစိတ်မမှတ်မိတတ်ကြပေမယ့် ထူးခြားတဲ့အကြောင်းလေးတွေဆို .. လူတိုင်း မှတ်မိတတ်ကြတယ်မလား ... ကဲဗျာ ... ငယ်ဇာတ်ကြောင်းလေးတွေထဲက စွဲနေတဲ့ မှတ်မိစရာလေးတွေ ပြောပြချင်ပါတယ်။

ကျနော်ငယ်ငယ် ကျနော်တို့ခေတ်တုန်းက ရပ်ကွက်ထဲမှာ၊ ကျောင်းမှာ ကြောက်နေရတဲ့ ဗိုလ်ကလေးတွေ ရှိတယ်။ ထားပါတော့လေ ... ကျနော်နဲ့ ကစားဖော်ထဲက ကျနော် ကြောက်ရတာက ရပ်ကွက်ထဲမှာက ကျော်ဦး ဆိုတဲ့ ကစားဖော်၊ ကျောင်းမှာဆိုရင်တော့ဗျာ သိန်းညွန့် ဆိုတဲ့ ကျောင်းနေဖက်တို့ ၂ ဦးပေါ့။ ကျနော် ကျော်ဦးကို ကြောက်ခဲ့ရတာလေး မှတ်မိသမျှအရင်ပြောရရင် ကျနော် ၅ နှစ်သားလောက်က သရေကွင်း ပစ်တယ်။ လက်မှာ စွပ်တဲ့သားရေကွင်းလေးတွေကို စည်းဝိုင်းလေးထဲမှထားပြီး ဝိုင်းအပြင်ထွက်အောင်ပစ်နိုင်ရင်နိုင်တဲ့ ကစားနည်းပေါ့လေ၊ ကျနော်က လက်တည့်တယ်။ ကျနော့်အဖေကလည်း သားရေကွင်း ပူဆာရင် အဲဒီ့အချိန်က အထုတ်လိုက် ဝယ်ပေးတတ်တယ်။ ကျနော် ပူဆာတာကို အဖေက နားညည်းလို့နေမှာပါ။ ဒီတော့ သားရေကွင်းတွေနဲ့ အိမ်ရှေ့မှာ အမြဲတမ်းပစ်နေတော့တာပဲ။ 

ကျောင်းက မတက်ရသေးဘူး။ ကျနော်တို့ခေတ်က ၅ နှစ်ပြည့်တယ်ဆိုတာထက် လက်ကိုခေါင်းပေါ်က တည့်တည့်ကျော်ပြီး တဖက်ကနားကို မီအောင်ကိုင်ပြနိုင်မှ ကျောင်းတက်ရတာကိုး။ တော်တော်လက်တွေ့ကျတဲ့သဘော ထင်တာပဲ။ ကျနော်က လက်နည်းနည်းလေး မမီဖြစ်နေတာကို ကျောင်းလက်ခံတဲ့ ဆရာရှေ့မှာ အကြောကို နည်းနည်းလေး တွန့်ဆုတ်ထားလိုက်တာ။ ငါးနှစ်ကလည်း မပြည့်သေးတော့ဗျာ၊ နောက် နှစ်မှလာခဲ့ပါတဲ့ ကျနော်က တော်တော်ပျော်သွားတာ။ ကျောင်းတက်ရမှာ ပျင်းစရာကြီးဆိုတာထက် ကျောင်းကြီးကိုသွားရမှာကိုက အားငယ်စရာကြီးဗျာ။ ဒီတော့ ကျောင်းမတက်ချင်တာ ဘာဆန်းလဲ။ သားရေကွင်းတွေလည်း တဝတပြဲ ပစ်ဆော့ ကစားရတော့မှာမို့လေ။

ဒါပေမယ့်ဗျာ မသက်သာဘူးဗျာတို့။ အမေက ကျောင်းသွားထားတာ ဆရာရှေ့မှာ လက်ကို နည်းနည်းလေး မဆန့်ရကောင်းလားဆိုပြီး အိမ်ရောက်တော့ဆော်လိုက်တာ အီစလန်ဝေတယ်ဗျို့။ အဖေရှိလို့တော်သေးတာ အမေက ကျနော်တို့သာနိုင်တာ အဖေပြောရင်နာခံတာပဲ “နင့်အဖေရှိနေလို့ နင် သက်သာသွားတယ်မှတ်တဲ့” အဖေကပြောတယ်၊ “ကလေးဆိုတာ သင့်တော်တဲ့အချိန်ရောက်မှ ပညာသင်တာ ကောင်းတယ်တဲ့” အဖေ့ကျေးဇူးကြောင့် ကျနော် သားရေကွင်း အဝပစ်ရတော့မှာပေါ့လေ ...။

ဆက်ရရင်တော့ဗျာ ... သားရေကွင်းကို အိမ်ရှေ့မှာတင်မကဘူး၊ လမ်းထိပ်အထိ ထွက်ပစ်ဖို့ကြိုးစားတော့တာပဲ။ အဲ့ဒီမှာ ကျော်ဦးဆိုတဲ့ ကစားဖက်နဲ့တိုးတော့တာဆိုပါတော့။ ကျနော်က လက်ကကျင့်သားကောင်းတော့ နိုင်တယ်။ ဒီမှာတင် ကျော်ဦးတို့ညီအကိုက ကျနော့်သားရေကွင်းတွေကို လုတော့တာပဲ။ ကျနော်က သူများလုတာမခံဘူးတော့ အလုခံရတယ်လေ။ ကျနော် ပြန်လုတော့ ကျော်ဦးက ကျနော့်ကိုထိုးတာ ပါးစပ်က သွေးနည်းနည်းတောင် ထွက်တယ်။ ဒီတော့ ငိုတာပေါ့ဗျာ။ ဘေးကလူကြီးတယောက်က ကျော်ဦးကို ပြန်ပေးဘို့ပြောတော့ ဒီကောင်တွေ ညီအကိုက ထွက်ပြေးကြပါရော။ 

အဲဒီတော့ ဦးလေးကြီးက “မင်း သူ့အဖေကို သွားတိုင်တဲ့” ကျနော်လည်း ငိုလက်စနဲ့ သွားတိုင်တယ်။ သူ့အဖေ ဦးကောက်က ဖဲဒိုင်ခံတယ်၊ အရက်ရောင်းတယ်။ ရက်ကွက်ထဲမှာ မိုက်တဲ့သဘောရှိတယ်၊ ဒါက ကြီးလာမှသိတာ။ ငယ်ငယ်ကတော့ ဆိုးတယ်လောက်ပဲ သိတာပေါ့။ ဆိုကြပါတော့ဗျာ ... သွားတိုင်တော့ ဦးကောက်က “ဟေ့ ကျော်ဦးလာအုံး၊ မင်း သူ့သားရေပင် ယူလာလား ပြန်ပေးလိုက်တဲ့” တခွန်းပဲ ပြောတယ်။ ကျော်ဦးက မကျေမနပ်နဲ့ ဆင်းလာတယ်၊ အဲဒီအချိန်မှာ သူ့အဖေက အိမ်နောက်ဖေးဘက်ထွက်သွားရော သူ့ဖေမရှိတော့ ကျော်ဦးက ရော့ဆိုပြီး သူ လုသွားတဲ့ထဲက တဝက်မရှိတရှိလောက်ကို လှမ်းပစ်ပြီး ပေးတယ်။ သူ့ညီကလည်း မိုက်ကြည့်လေးနဲ့။ ကျနော် ရသမျှလေး ယူလိုက်တယ်။ သွားတိုင်တာက ငိုနေတဲ့စိတ်ခံစားမှုနဲ့မို့လေ သူ့ အဖေမရှိတဲ့အချိန်မှာ ကျော်ဦးမျက်နှာက ခုနက ဆော်ပလော်ထားတဲ့ မျက်နှာထက်တောင် ပိုပြီးကြောက်စရာ ကောင်းနေသလိုပဲဗျို့။ 

ပြောရရင်တော့ဗျာ ငယ်ကြောက်ဖြစ်သွားရတာပါ။ အိမ်ပြန်ခဲ့တာပေါ့၊ အိမ်ရောက်တော့ နှုတ်ခမ်းက နည်းနည်းလေးရောင်နေရော အမေက “ဘာဖြစ်လာသလဲဆိုတော့” ကျနော်က ... “ကျော်ဦး လုပ်တာ” လို့ပြောတော့ အမေက “လာ သူ့အဖေကို သွားတိုင်ရမယ်” တဲ့။ အဖေကတော့ “လုပ်မနေပါနဲ့ကွာတဲ့ ကလေးချင်းဆိုတာ ဒီလိုပါပဲ” တဲ့။ ဒါပေမယ့် အမေက သားဇောကပ်နေပြီလေ။ ကျနော့်လက်ကိုဆွဲပြီး ကျော်ဦးတို့အိမ်ဆီကိုပေါ့ ... ...။ 

ဒီတခါ သူ့အမေနဲ့တွေ့တယ်၊ ဘာပြောတယ်မှတ်သလဲ။ “ခုနက သူ့သား ကျော်ဦးက သားရေကွင်းတွေ ပြန်ပေးလိုက်ပါပြီတဲ့” အမေက ကျနော့်ကိုမေးတယ်။ ဟုတ်သလားဆိုတော့ ကျနော် ကျော်ဦးမျက်နှာကို တချက်ကြည့်လိုက်ပြီး အမေ့ကို ပြန်ပြောလိုက်တယ်။ “ဟုတ်တယ်” လို့။ ကျော်ဦး ထပ်ထိုးခံရမှာကြောက်တဲ့စိတ်က အရှိအတိုင်းဖြစ်ခဲ့တာကို မပြောရဲတာပေါ့လေ။ အမေက ထပ်ပြောတယ်။ “လက်သီးနဲ့လည်း ထိုးသေးတာ” ဆိုတော့ ကျော်ဦးအမေက “အေးအေး ဆုံးမလိုက်မယ်” ပြောပြီး ကျော်ဦးကိုလာစမ်းလို့ ခေါ်တော့ ရုတ်တရက် ကျော်ဦးက ထွက်ပြေးရော။ ကျနော်လည်း ကြောင်နေတာပေါ့။ သူ့အမေက “ဆုံးမလိုက်ပါ့မယ်၊ စိတ်ချတဲ့။ ဒီ ကောင်လေးဒီလိုပဲတဲ့” အမေလည်းဘာမှတော့ ဆက်မပြောတော့ဘူး။ ကျနော့်ကိုလက်ဆွဲပြီး ပြန်လာတယ်။ 

လမ်းရောက်တော့ အိမ်ရှေ့ဘက်က အဒေါ်က မေးတယ်။ ဘယ်လိုလဲအမဆိုတော့ အမေက “ကျော်ဦးအမေက ဆုံးမမယ်ပြောတယ်” လို့ပြောတော့ “အမလေး အမရယ် အဲ့ဒီကလေးတွေက မိမဆုံးမ၊ ဖမဆုံးမတွေ၊ သွားတိုင်လည်း ဘယ်တော့မှမဆုံးမဘူး” “သူတို့ကလေး ခံလာရတယ်ဆိုရင်သာ လင်မယားနှစ်ယောက်စလုံး ရန်တွေ့တတ်တာ” တဲ့။ “စရိုက်ကြမ်းတယ်၊ ကျမကလေးတွေတော့ သူတို့နဲ့မကစားခိုင်းဘူး” ... ... “ကလေးချင်း အနိုင်ကျင့်နေရာကနေ အိမ်က သူ့အဖေနဲ့ပါ တော်ကြာ ပြသာနာဖြစ်တတ်တယ်မလားတဲ့” အော် ... ကျော်ဦးနဲ့ သူ့အမေ၊ အဖေက ဘာဖြစ်လို့ ဒီလိုလုပ်တာလဲ ကလေးဘဝကတော့ ကျနော် မသိဘူးဗျာ။

အခုလည်းဗျာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကြံ့ခိုင်ရေး ဒီကြားဖြတ်ရွေးကောက်ပွဲအတွက် ပြိုင်ဆိုင်ဖို့ ကြိုးစားနေတာကြည့်ရတာ ငယ်ငယ်တုန်းက ကျနော်နဲ့ ကျော်ဦးဖြစ်သလိုများဖြစ်နေသလား တွေးနေတာ။ NLD အဖွဲ့ဝင်တွေ လေးဂွနဲ့ အပစ်ခံရတယ်၊ စည်းရုံးရေးဆင်းရင် ဒေါ်စုကအစ အဆင်မပြေအောင်လုပ်နေတာ၊ မဲစာရင်းတွေ မမှန်မကန် လိမ်ထားတာ၊ ကချင်ပြည်နယ်က ၃ နေရာကို လုံခြုံရေးအရဆိုပြီး ရပ်ဆိုင်းထားတာ .. စသည်ဖြင့်ပေါ့လေ။ ကျနော် ထင်တယ်၊ လိုက်တိုင်နေလည်း ကျော်ဦးတို့မိဘတွေလိုပဲနေမှာ ...။ သားသမီး မဆုံးမဘဲနေတဲ့ မိဘတွေလိုပဲနေမှာပါ …။ မိမဆုံးမ ဖမဆုံးမတွေကို တိုင်နေလို့တော့မထူးပါဘူး။ အရှက်ပြေ ဆုံးမလိုက်ပါ့မယ် ပြောနေမှာပဲဗျ။ ကလေးအတွေးဆိုလည်း မတတ်နိုင်ဘူးဗျာ၊ ကြားဖြတ်ရွေးကောက်ဝင်တဲ့သူတွေ ကျနော် ငယ်ငယ်ကလို မဖြစ်စေချင်ဘူး ... ...။

ဇာတ်လမ်းက ဆက်ရရင်တော့ ... သိန်းညွန့်ဆိုတဲ့ သူငယ်ချင်းအကြောင်းပါ။ သိန်းညွန့်က အတန်းထဲမှာ ဗလ အကောင်းဆုံး။ ကျနော် ထင်တာတော့ သူက သက်ကြီးပုဖြစ်မယ်ထင်တာပဲ။ သူနဲ့က ၂ တန်းအရောက်မှာ ဆုံတာပဲဗျ ...။ သူက တမျိုး။ ကလေးအရွယ်မှာကတည်းက သူနဲ့အပေါက်အလန်းတည့်တဲ့သူ ၃ ယောက်ရှိတယ်။ သူတို့ ၃ ယောက်ကို တခန်းလုံးနီးပါးက ကလေးတွေ ကျနော် အပါအဝင်ပေါ့၊ တနေ့ ဒါမှမဟုတ် တပါတ်ကို ၃ ခါလောက်တော့ ၅ ပြား ပေးရတယ်။ မပေးရင် သိန်းညွန့်က အဖွဲ့ခေါင်းဆောင်။ သမတယ်၊ သူ့ကို ဘယ်သူမှ ဆရာမကို တိုင်မပြောရဲကြဘူး။ ဆရာမတိုင်ရင်လည်း သိန်းညွန့်က ကျောင်းဆင်းရင် ထိုးတယ်။ ဒီတော့ ကျနော်လည်း ၅ ပြားဆက်သရတဲ့အမှုကို ထမ်းရတယ်ပေါ့လေ၊ ကြောက်တာကိုးနော။ ပြောရအုံးမယ်ဗျ။ ကျနော် အဲ့ဒီအတန်းကိုတက်ခါစက ၅ ပြား မပေးရသေးဘူး။ ဖြစ်ချင်တော့ဗျာ ကျနော်နဲ့ခုံတတန်းတည်းကျတဲ့ ဗသိန်းဦးနဲ့ လှချစ်တင်တို့ကစတာပဲ။ သူတို့ကစပြီး ၅ ပြားပေးနေတော့ ကျနော်လည်း လိုက်ပေးရတာပေါ့လေ ဟုတ်ဘူးလား။ ရောရောင်ပြီး ထည့်တယ်လို့ ဆိုရမလားပဲ ကလေးဆိုတော့ မသိဘူးလေဗျာ ...။

သိန်းညွန့်လုပ်နေသလိုမျိုး ဒီဘက်ခေတ်မှာကို မတရားအဓ္ဓမအလုပ်ခိုင်းတာ၊ အလှူငွေထည့်ခိုင်းတာ၊ ပေါ်တာဆွဲတာ၊ ဖိအားပေးခြိမ်းခြောက်တာ တယ်စုံတဲ့ခေတ်ဗျာ။ မဲထည့်တာတောင်မှ ဖိအားပေးထည့်ခိုင်းနေတာ စစ်မှန်တဲ့ဒီမိုကရေစီတဲ့ ပြောနေကြတာ သိန်းညွန့်ဘေးကလို ကပ်ဖားကပ်မြှောင်တွေကလည်း ရှိပါသဘိနဲ့။ ထားလိုက်ပါတော့လေ သိန်းညွန့်အကြောင်း ဆက်ရအောင် ...။

တနေ့တော့ဗျာ ကျနော် ကျောင်းကပြန်လာတော့ အမေက ခေါင်းကိုပွတ်သပ်ပြီး ဟိုလှန် ဒီလှန်လုပ်တယ်။ သန်း ဥလေးတွေ ဘာလေးတွေကြည့်တယ်။ မိခင်မေတ္တာပေါ့။ နှပ်ချေးညှစ်တယ်။ ဒါ မိခင်တိုင်းလုပ်တတ်တဲ့သဘောပါ။ ကျောင်းကအကြောင်းတွေ မေးတယ်။ စာလိုက်နိုင်လား စသည်ဖြင့်ပေါ့ ...။ ကျနော် အမေရော အဖေရော သားက တယောက်ပဲမွေးတာ အိမ်မှာက မိန်းကလေး ၄ ယောက်ဆိုတော့ ကျနော့်ကို သိတ်ချစ်ကြတယ်ထင်တာပဲ …။ 

ဆက်ကြပါစို့ဗျာ။ အမေက အဲဒီလို ကြည်နူးစရာလေးတွေပြောတော့ဗျာ ကလေးဆိုတော့ ကိုယ့်အဖြစ်ကို ရင်ဖွင့်တတ်တယ်မလား၊ အဲ့ဒီတော့ အမေ့ကိုချွဲချင်ပြန်ရော “အမေသားလေ မုန့်မဝဘူး” လို့ပြောလိုက်ကရော အမေက “ဘာဖြစ်လို့လဲ အမေ ၁၀ ပြားတောင် ပေးတာပဲ” တဲ့။ အဲဒီခေတ်က မုန့်ဟင်းခါးတပွဲမှ တောမြို့မှာဆို ၁၀ ပြားပဲ ... တော်တော် ဝတယ်ဗျ။ ဒီတော့မှ ..... အတန်းဖော် လူမိုက်သိန်းညွန့်က တနေ့ ၅ ပြားလောက် ပေးနေရတာ အမေ့ကို ဖွင့်ပြောမိပါရောဗျို့။ အမေ တော်တော် စိတ်မကောင်းဖြစ်သွားပုံရတယ်။ 

ခဏနေတော့ “နင်တဲ့ ဒီအတိုင်း လူလူချင်းကြောက်နေရရင် ခက်နေမယ်” ဆိုပြီး အမေက သားဇောနဲ့ လုပ်ငန်းစတော့တာပဲကွယ်ရို့။ ခဏနေတော့ အမေက ဝါးချမ်းခပ်ထူထူတခုကို ပေတံလုပ်ပေးတယ်။ သာမန်ပေတံထက် တော်တော်ထူတယ်။ “နင့်ကို အနိုင်ကျင့်နေတာ ဆရာမကို ပြောသလား” တဲ့။ “ကျနော် မပြောရဲဘူးအမေ သူက ကျနော့်ကိုကျောင်းဆင်းရင်ထိုးမှာ ကြောက်တယ်” အမေ တင်းတာပေါ့။ “ယောင်္ကျားပဲ မတရားရင် ပြန်လုပ်တဲ့” တခွန်းပဲ ပြောတယ်။ အမေမှန်တာ မှားတာတော့တပိုင်းပေါ့လေ၊ ကျနော် နောက်နေ့ကျောင်းသွားတော့ အဲ့ဒီပေတံကြီးထည့်သွားရောဗျို့။ စိတ်ထဲလည်း တင်းထားတယ် ငါ့မှာ ပေတံကြီးရှိတယ်ပေါ့...။

ကျောင်းရောက်ပြီး မုန့်စားဆင်းတော့ အမေပေးတဲ့ ၁၀ ပြားကို ဒေါ်တုတ်မကြီးဆီမှာ မုန့်ဟင်းခါးတပွဲ ဝယ်စားပစ်လိုက်တယ်။ မစားရတာကြာပြီ။ သိန်းညွန့်ကို ဆက်နေရတာနဲ့လေ။ စားလို့ကောင်းလိုက်တာ။ ကျောင်းပြန် မတက်ခင်ပဲလေ ပွဲကစပြီဗျို့ ...။ သိန်းညွန့်တို့တသိုက်နဲ့ တိုးပါလေရော၊ တိုတိုပြောရရင် ၅ ပြားတောင်းပါပြီကော။ ကျနော့်မှာ ပေးစရာမရှိတော့ဘူးလေ။ အမေပေးတဲ့ ပေတံကြီးအားကိုးနဲ့ ဝယ်စားပစ်လိုက်ပြီလေ။ ပေတံကြီးကိုတော့ လက်ထဲမှာ ကိုင်ထားတယ်၊ ဒါပေမယ့်ဗျာ ... ကျနော့်မှာ မရိုက်ရဲဘူးဗျာ။ ငယ်ကြောက်လိုဖြစ်နေတယ်ဗျ။ 

တော်တော် အားတင်းထားပြီး သိန်းညွန့်ကို တောင်းပန်တယ်။ ဒါပေမယ့် မရဘူး၊ သိန်းညွန့်က ရင်ပတ်ကို လာကိုင်တယ်။ ကျနော်ပြာနေပြီ။ ဘာလုပ်ရမှန်း မသိတော့ဘူး။ နောက်တော့ သူ စိတ်မဆိုးအောင်ဆိုပြီး ပေတံနဲ့ရောကိုင်ထားတဲ့ “ကျောက်တံအသစ်လေး ယူပါကွာ” ဆိုပြီး ပြောမိတယ်။ သိန်းညွန့်က မရဘူးဗျာ၊ ကျောက်တံလေးက အဖေ ဈေးကနေ ဝယ်လာတာ တော်တော်လေး ကောင်းပါတယ်။ သိန်းညွန့်က ကျောက်တံကိုယူပြီးတော့ ချိုးပစ်လိုက်ရော။ ကျနော်လည်း ကြောင်သွားတယ်။ ပြီးတော့ စိတ်ထဲ လွှတ်ခနဲဖြစ်သွားပြီး သိန်းညွန့်ကို ကြောက်ကန်ကန်ပြီး ပေတံနဲ့ တီးလိုက်မိပါရော။ သိန်းညွန့်လည်း ကြောင်အန်းသွားတယ်။ ကြောက်လို့ ရိုက်လိုက်တာဆိုတော့ အားကလည်း မထင်တဲ့နေရာက ထွက်သလားတော့ မပြောတတ်ဘူး။ ကြောက်ကျွဲခတ်ရင် သေတတ်တယ်လို့ ကြီးတော့ သိလာရတာပေါ့လေ ...။

သိန်းညွန့်နဖူးကြီး ညိုသွားပြီး အာလူးသီးထွက်တော့တာပါပဲ။ သိန်းညွန့် ငိုပါလေရော။ ကျနော်က ဆက်တိုက် သုံးချက်ရိုက်လိုက်မိတာကိုး။ 

ခဏနေတော့ ကျောင်းအုပ်ဆရာကြီးရုံးခန်း ရောက်တဲ့အထိပါပဲ။ နှစ်ယောက်စလုံး ခုံပေါ်တက်ပြီး အရိုက်ခံရတယ်။ ကျနော်က ၅ ချက်၊ သိန်းညွန့်က ၂ ချက်။ နို့မို့ဆို သူ အရိုက်ခံရမှာမဟုတ်ဘူး၊ အဖြစ်အပျက်စုံကို ကျောင်းအုပ်ကြီးက သိသွားတော့ သိန်းညွန့်ကို နောက်ဒီလို ကျောင်းသားချင်း အနိုင်မကျင့်ရအောင် ဆိုပြီး ၂ ချက်။ ကျနော်ကတော့ ကျောင်းသားချင်း တုတ်နဲ့ရိုက်လို့ ၅ ချက်။ မှတ်မိသေးတယ်ဗျာ၊ ကျနော် သေးတောင် ထွက်ကျချင်တယ်။ ကိစ္စက မပြီးသေးဘူး။ နောက်နေ့ မိဘတွေခေါ်ရတယ်၊ ကျနော့်ပေတံကြီးလည်း အသိမ်းခံရတယ်။ အမေနဲ့ သိန်းညွန့်အမေတော့ အလုပ်ရှုပ်တော့တာပေါ့ ...။

အဲ့ဒီအဖြစ်အပျက်လေးဖြစ်ပြီးတော့ ကျောင်းမှာ ကလေးတွေချင်း အဲဒီလိုအနိုင်ကျင့်တာ မရှိတော့ဘူးဗျာ။ သိန်းညွန့်လည်း ကျနော့်ကို မနိုင်ရဲတော့ဘူး။ ကျနော့်အမေလည်း အဖေဆူတာ ခံလိုက်ရတယ်ဆိုပါတော့ ...။ ဗသိန်းဦးနဲ့ လှချစ်တင်လည်း ကျနော့်ကို ပိုပြီးခင်လာကြတယ် ထင်တာပါပဲ။

ဒီတော့ဗျာ ... သိတ်မတရားလုပ်နေရင်လည်း ဒီကနေ့ခေတ်မှာ သိတ်ကိုခေတ်စားနေတဲ့ ရင်ကြားစေ့ရေးဆိုတာလောက်နဲ့ အလုပ်ဖြစ်ပါ့မလား တွေးမိတယ်။ သိန်းညွန့်လိုလုပ်နေရင်တော့ ပေတံနဲ့တီးသင့် တီးပစ်ရမယ်လို့ ကလေးဘဝကလိုတောင် စဉ်းစားနေမိသေးတယ်။ တကယ်လို့ (Do or Die) ဆိုသလို ဖြစ်လာခဲ့ရင်ရော နေမလား၊ သေမလားပေါ့ဗျာ။ နိုင်ငံရေးကို ပြောတာပါ။ ကျနော်ကတော့ ပေတံနဲ့တီးခဲ့ဖူးပါတယ် ...။

ကိုယဉ်ထွန်း (လူ့ဘောင်သစ်)
မတ်လ ၃၁ ရက်နေ့၊ ၂၀၁၂ 

No comments:

Post a Comment