Wednesday, March 21, 2012

ရေဆန်လမ်းသို့ လှုံ့ဆော်စည်းရုံးကြခြင်း

  
မြန်မာနိုင်ငံ၌ မတရားဖမ်းဆီးခံကြရပြီး အကျဉ်းထောင်းအသီးသီး၌ ဆက်လက်အကျဉ်းကျခံနေကြရသော နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ၎င်းတို့၏ ထောင်တွင်းဘဝများ၊ နှိပ်စက်ညှဉ်းပမ်းခံရမှုများနှင့် လူသားဖြစ်မှု ဆုံးရှုံးခဲ့ကြရပုံများကို ဒါရိုက်တာ မစ္စ်ဂျင်နီ ရိုက်ကူးထားသော မှတ်တမ်းရုပ်ရှင်ပြသခြင်းနှင့်အတူ နိုင်ငံရေးအကျဉ်းသားများဖြစ်ကြသော ကိုဘိုကြည် (နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - မြန်မာနိုင်ငံ) နှင့် နိုင်ငံရေးအကျဉ်းသူတဦးဖြစ်သူ မစန်းစန်မော် (NLD) တို့မှ ၎င်းတို့၏ ထောင်တွင်းဘဝနှင့် နိုင်ငံရေးအကျဉ်းသားများ၏ အခြေအနေများအား တင်ပြဆွေးနွေးခြင်း အစီအစဉ်ကို ‘ရေဆန်လမ်းသို့’ ဟူသော ခေါင်းစဉ်ဖြင့် ယခုလ မတ်လ ၁၆ ရက်နေ့ ၂၀၁၂ ခုနှစ် ညနေ ၆ နာရီတွင် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ပြည်နယ် စီရယ်တဲလ်မြို့၌ ကျင်းပခဲ့ပါသည်။


 
ထိုအခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (အမေရိကန်ဌာနခွဲ)မှ ကိုထွန်းထွန်း(ကိုဂင်ကြီး)၊ ကိုငွေထွန်းမြင့် နှင့် ကိုရန်နိုင် တို့ တက်ရောက် ပူးပေါင်းဆောင်ရွက်ခဲ့ကြပါသည်။

၎င်းအခမ်းအနား ဖြစ်မြောက်ရေးအတွက် စီရဲလ်တယ်မြို့မှ မစ္စ်အယ်ရစ်ကာဘတ် ဦးဆောင်သော အမေရိကန်ကွန်မြူနတီနှင့် ကရင်ကွန်မြူနတီ (စီရယ်တဲလ်)တို့မှ ဦးဆောင် ကျင်းပခဲ့ကြပြီး လူ့ဘောင်သစ်ဒီမိုကရက်ပါတီနှင့် အေဘီအက်စ်ဒီအက်ဖ် ရဲဘော်ဟောင်းများ စသည့် ၈၈ အင်အားစုများနှင့် မြန်မာ့အရေး တက်ကြွလှုပ်ရှားနေသူများ စုစုပေါင်း ၄၀၀ ခန့် တက်ရောက်ကြပါသည်။

 
အခမ်းအနားတွင် မစ္စ်အယ်ရီကာမှ အခန်းအနားမှူးအဖြစ်ဆောင်ရွက်ပြီး မစ်ဂျင်းနီမှ ၎င်းရိုက်ကူး မှတ်တမ်းတင်ထားသည့် နိုင်ငံရေးအကျဉ်းသားများအကြောင်း ရိုက်ကူးထားသည့် မှတ်တမ်းတင် ဗွီဒီယိုအကြောင်း ရှင်းလင်းပြောပြ၊ ပြသခဲ့ပါသည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးဖြစ်သူ ကိုဘိုကြည် (တွဲဘက်အတွင်းရေးမှူး AAPP) မှ ၎င်း၏ ထောင်တွင်း အတွေ့အကြုံနှင့် လက်ကျန် နိုင်ငံရေးအကျဉ်းသားများ ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရန်အတွက် နိုင်ငံတကာ မိသားစုများမှ ဝိုင်းဝန်းတောင်းဆိုပေးသွားရန်နှင့် နိုင်ငံရေးအကျဉ်းသူဟောင်းတဦးဖြစ်သော မစန်းစန်းမော်မှ ၎င်း၏ ထောင်းတွင်းဘဝ၌ အမျိုးသမီးတဦးအနေဖြင့် ရင်နာစွာဖြတ်သန်းခဲ့ရပုံများ၊ ထောင်တွင်း၌ ကိုယ်ဝန်ပျက်ကျရပုံ၊ နောက်တကြိမ် ထောင်ကျသောအခါ ထောင်တွင်းမှာပင် ကလေးမီးဖွားရပုံတို့အား ရှင်းလင်းပြောပြရာ တက်ရောက်လာကြသည့် အမေရိကန်မိတ်ဆွေတချို့ပင် မျက်ရည်စို့ခဲ့ကြရပါသည်။

 
ထို့နောက် ကျောင်းသားလှုပ်ရှားမှုနှင့် မြန်မာ့နိုင်ငံရေးအကြောင်းကို ကိုသန်းဝင်း (တကသ ဟောင်း) မှ ပြောကြားခဲ့ပြီ်း မျိုးဆက်သစ်လူငယ်လေးများဖြစ်ကြသော နှင်းဝေလွင် (အော်ဂွန်ပြည်နယ်)နှင့် စီရဲလ်တယ်မှ ကရင်တိုင်းရင်းသူ ကျောင်းသူလေးတဦးတို့မှ မျိုးဆက်သစ်များအနေဖြင့် အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြား လေ့လာမှုများပြုလုပ်ကာ အမိမြန်မာပြည်နှင့် လူသားကောင်းကျိုးလုပ်ငန်းများ ဆောင်ရွက်သွားလိုကြကြောင်း ပြောကြားသွားခဲ့ကြပါသည်။

 
အခမ်းအနား တက်ရောက်လာသူများမှ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအတွက် အလှူငွေများထည့်ဝင်ခြင်းနှင့် မှတ်တမ်း ဗွီဒီယိုအခွေများကို ဝယ်ယူအားပေးခဲ့ကြပြီး ည ၉ နာရီ၌ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြပါသည်။

No comments:

Post a Comment