Thursday, April 19, 2012

လယ်ယာမြေဥပဒေ

(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၁။)
၁၃၇၃ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက်
(၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်)

ပြည်ထောင်စုလွှတ်တော်သည် ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း(၁)

အမည်။ ။ စတင်အာဏာတည်ခြင်းနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ

၁။ ဤဥပဒေကို လယ်ယာမြေဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင် အာဏာတည်ရမည်။

၃။ ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေ ရမည် -

(က) လယ်ယာမြေ ဆိုသည်မှာ လယ်မြေ၊ ယာမြေ၊ ကိုင်း ကျွန်းမြေ၊ တောင်ယာမြေ၊ နှစ်ရှည် ပင်စိုက်ပျိုးသောမြေ၊ ဓနိမြေ၊ ဥယျာဉ်မြေဟုသော်လည်းကောင်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမန် စိုက်ပျိုးသည့် ခြံမြေဟုသော်လည်းကောင်း၊ မြေနုကျွန်းမြေဟုသော်လည်းကောင်း သတ်မှတ်သည့်မြေများကိုဆိုသည်။ ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါဝင်။

(ခ) လယ်မြေ ဆိုသည်မှာ သဘာဝအရသော်လည်းကောင်း၊ လူတို့ဖန်တီးသော နည်းလမ်းအရသော်လည်းကောင်း စိုက်ပျိုးရေ ရယူပြီး ရေထိန်းသိမ်းနိုင်စေရန် ဆောင်ရွက်ထားသည့် စပါးသီးနှံ အဓိက စိုက်ပျိုးသာမြေကို ဆိုသည်။

(ဂ) မြေနုကျွန်းမြေ ဆိုသည်မှာ ရေအောက်သို့နစ်မြုပ်ခဲ့ပြီး နှစ်စဉ် ရေကြောင်းအနေအထားအရ မြေသားနှင့် ပုံသဏ္ဌာန်ပြောင်းလဲသည့် ခိုင်မြဲမှုမရှိသောမြေကို ဆိုသည်။

(ဃ) လယ်ယာမြေလုပ်ပိုင်ခွင့် ဆိုသည်မှာ နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင် အသုံးချခွင့်ပြုခြင်းကို ဆိုသည်။ သို့ရာတွင် မြေပေါ် မြေအောက်ရှိ ကျောက်မျက်၊ သတ္တု၊ ရေနံ နှင့်ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများ ထုတ်ယူအသုံးချခွင့် မပါဝင်။

(င) တောင်သူလယ်သမား ဆိုသည်မှာ အောက်ဖော်ပြပါတစ်ရပ်ရပ်နှင့် ကိုက်ညီသူကိုဆိုသည် -

(၁) မြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် မွေးမြူရေးလုပ်ငန်း သို့မဟုတ် လုပ်ငန်းနှစ် ရပ်စလုံးကို မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် မိမိကိုယ်တိုင်လုပ်ကိုင်သူသို့မဟုတ် မိမိကိုယ်တိုင် အစဉ်တစိုက်လုပ်ကိုင်ခဲ့သူ၊

(၂) ဆိုင်ရာနှစ်တွင် မြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်း သို့မဟုတ် မွေးမြူရေးလုပ်ငန်း သို့မဟုတ် လုပ်ငန်းနှစ်ရပ်လုံးကို မိမိ၏ အဓိကအသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ငန်းလုပ်ကိုင်ချိန် တစ်လျှောက်လုံး ကိုယ်တိုင်ကြီးကြပ်လုပ်ကိုင်သူ၊

(၃) မြေကိုအသုံးပြု၍ ရာသီသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ နှစ်ရှည်သီးနှံများ စိုက်ပျိုးထုတ်လုပ် ရန် သို့မဟုတ် စီးပွားဖြစ် မွေးမြူ ရေးလုပ်ငန်းကို လုပ်ကိုင်ရန်အလို့ငှာ အရင်းအနှီး မတည် စိုက်ထုတ်၍ လုပ်ငန်းလုပ်ကိုင်ချိန် တစ်လျှောက်လုံး ကိုယ်တိုင်လုပ်ကိုင်သူ သို့မဟုတ် ကြီးကြပ် စီမံလုပ်ကိုင်သူ၊

(၄) မြေကိုအသုံးပြု၍ စိုက်ပျိုးရေး၊ မွေးမြူရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူ၊

(၅) စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် ယင်းတို့နှင့်ဆက်နွှယ်လျက်ရှိသော ထုတ်လုပ်မှု လုပ်ငန်းအလို့ငှာ မြေကိုအသုံးပြု၍ ပျိုးပင်၊ မျိုးစေ့၊ မျိုးနှင့် သားပေါက်များ ကိုယ်တိုင်ထုတ်လုပ်ရောင်းချသူ။

(စ) တောင်သူလယ်သမားအိမ်ထောင်သားစု ဆိုသည်မှာ သွေးသားတော်စပ်၍ဖြစ်စေ၊ အိမ်ထောင်မှုဖြင့် တော်စပ်၍ဖြစ်စေ၊ အတူ တကွနေထိုင်လျက် ၎င်းအိမ်ထောင်သားစုတွင် အကြီးအကဲဖြစ်သူ တောင်သူလယ်သမား တစ်ဦး၏ မိသားစုဝင်များကို ဆိုသည်။

(ဆ) အိမ်ထောင်သားစုအကြီးအကဲ ဆိုသည်မှာ အိမ်ထောင်သားစုတစ်စု၏ အကြီးအကဲဖြစ်၍ ထို အိမ်ထောင်သားစုတွင် လုပ်ငန်း များကို ခေါင်းဆောင်လုပ်ကိုင်သူကို ဆိုသည်။

(ဇ) အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန်ပြုပြင်ခြင်း ဆိုသည်မှာ လယ်ယာမြေကို လက်ရှိ လုပ်ပိုင်ခွင့်ရှိသူ၏ သို့မဟုတ် ထိုလုပ်ပိုင်ခွင့်ရှိသူ၏ လက်ရှိမရမီ ယင်းလယ်ယာမြေကို အခြားလုပ်ပိုင်ခွင့်ရှိသူများ၏ စရိတ်ဖြင့်သော်လည်းကောင်း၊ လုပ်အားဖြင့် သော်လည်းကောင်း ပြုပြင်ခြင်းကြောင့် လယ်ယာမြေ၏တန်ဖိုးကို ထာဝစဉ်မြင့်စေသည့် ပြုပြင်ခြင်းကို ဆိုလိုသည်။ ယင်းစကားရပ် တွင် လယ်ယာလုပ်ကိုင်သူနေထိုင်ရန် သို့မဟုတ် လယ်ယာလုပ်ငန်းကို အထောက်အပံ့ဖြစ်စေရန် တည်ဆောက်ပြုလုပ် ထားသော အဆောက်အအုံ၊ ရေထုတ်ရေသွင်းအတွက်လုပ်ဆောင်ထားမှုများ၊ ဆည်မြောင်းများ၊ ကန်များ၊ ရေတွင်း များ၊ ရေကာတာများ၊ လမ်းများနှင့် အခြားသောထာဝစဉ်တိုးတက်ကောင်းမွန်စေရန် ပြုလုပ်သည့် လုပ်ဆောင်မှုများပါဝင်သည်။ သို့ရာတွင် ထွန်ယက်စိုက် ပျိုးရေးအတွက် မြေရှင်းခြင်း၊ ကန်သင်းပြုလုပ်ခြင်းနှင့် ထာဝစဉ် မတည်မြဲသည့် တိုးတက်ကောင်းမွန်စေရန်ပြုပြင်သော လုပ်ဆောင် ထားမှုများ မပါဝင်။

(ဈ) အုပ်ထိန်းသူ ဆိုသည်မှာ အရွယ်မရောက်သော သူကိုသော်လည်းကောင်း၊ စိတ်ပေါ့သွပ်သူကိုသော် လည်းကောင်း၊ ထိုသူ တစ်ဦးဦး၏ ပစ္စည်းကို သို့မဟုတ် ပစ္စည်းနှင့်တကွလူကိုသော်လည်းကောင်း၊ အုပ်ထိန်းစောင့်ရှောက်ရေးအတွက်သက်ဆိုင်ရာ စီရင် ပိုင်ခွင့်အာဏာရှိသည့် တရားရုံးက ခန့်အပ်သူကို ဆိုသည်။

(ည) တောင်သူလယ်သမားအဖွဲ့အစည်း ဆိုသည်မှာ ကျေးလက်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူပြုစေရန် ထုတ်ပြန်ထားသော ဥပဒေတစ်ရပ်ရပ်နှင့်အညီ ဖွဲ့စည်းထားသော တောင်သူလယ်သမားအဖွဲ့အစည်းကို ဆိုသည်။

(ဋ) ဝန်ကြီးဌာန ဆိုသည်မှာ ပြည်ထောင်စုအစိုးရအဖွဲ့ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနကို ဆိုသည်။

(ဌ) ဦးစီးဌာန ဆိုသည်မှာ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနကိုဆိုသည်။

အခန်း(၂)

လယ်ယာမြေကို လုပ်ပိုင်ခွင့်ပြုခြင်း

၎။ လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့် မြို့နယ်ဦးစီးဌာနရုံးသို့ သတ်မှတ်ချက် များနှင့်အညီလျှောက်ထားရမည်။

၅။ မြို့နယ်ဦးစီးဌာနရုံးသည် ပုဒ်မ ၄ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန် လျှောက်ထားချက်နှင့်စပ်လျဉ်း၍ သတ်မှတ်ချက်များ နှင့်အညီ စိစစ်ပြီးသက်ဆိုင်ရာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်။

၆။ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေအာဏာတည်သည့်နေ့ရက်တွင် တည်ရှိနေသော လယ်ယာမြေများနှင့် စပ်လျဉ်း၍ အောက်ပါလူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းအား သက်ဆိုင်ရာ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူညီ ချက်ဖြင့် မြို့နယ်ဦးစီးဌာနရုံးတွင် သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေးပေးဆောင်စေ၍ မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ် ထုတ်ပေးရမည်-

(က) လူပုဂ္ဂိုလ်ဖြစ်ပါက-

(၁) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထို အိမ်ထောင်စုသည် တောင်သူလယ်သမား အိမ်ထောင်သားစု သို့မဟုတ် အိမ်ထောင်သားစုဝင်ဖြစ်ရမည်။

(၂) လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသော ထိုအိမ်ထောင်သားစုအကြီးအကဲ သို့မဟုတ် ထိုအိမ်ထောင်သားစုတွင် ပါဝင်သူတစ်ဦး သို့မဟုတ် အုပ်ထိန်းသူသည်ဤဥပဒေ ပြဋ္ဌာန်းအတည်မပြုမီ တည်ဆဲမြေယာဥပဒေများနှင့်အညီ တရားဝင်လက်ရှိ လက်ငုတ် လုပ်ကိုင်နေသူဖြစ်ရမည်။

(၃) ဤဥပဒေပြဋ္ဌာန်းပြီးနောက် ဤဥပဒေနှင့်ဖြစ်စေ၊ ဤဥပဒေအရပြုသည့် နည်းဥပဒေ ပြဋ္ဌာန်းချက်များ နှင့်အညီဖြစ်စေ တရားဝင်အကျိုးခံစားခွင့် ရရှိသူဖြစ်ရမည်။

(၄) အသက်(၁၈) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။

(၅) နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူ ဖြစ်ရမည်။

(ခ) အဖွဲ့အစည်းဖြစ်ပါက လယ်ယာမြေကို အသုံးပြုခွင့် ရရှိထားသော အစိုးရဌာန၊ အစိုးရအဖွဲ့အစည်း၊ အစိုးရမဟုတ်သောအဖွဲ့ အစည်း၊ ကုမ္ပဏီ သို့မဟုတ် အသင်းအဖွဲ့ဖြစ်ရမည်။

၇။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေအာဏာတည်ပြီးနောက် လယ်ယာမြေလုပ်ပိုင်ခွင့် ပြန်လည်သိမ်းယူသော လယ်ယာမြေနှင့်နိုင်ငံတော်က အခါအားလျော်စွာ ဖော်ထုတ်သော လယ်ယာမြေများနှင့် စပ်လျဉ်း၍ အောက်ပါ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကို ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောတူညီချက်ဖြင့် မြို့နယ် ဦးစီးဌာနရုံးတွင်သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေးပေးဆောင်စေ၍ မှတ်ပုံတင်ပြီးလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရမည် -

(က) လူပုဂ္ဂိုလ်ဖြစ်ပါက -

(၁) လယ်ယာမြေကိုအသုံးပြု၍ စိုက်ပျိုးရေးလုပ်ငန်းတွင်ပါဝင်ဆောင်ရွက်နေသူဖြစ်ရမည်။

(၂) အကြောင်းထူးမရှိလျှင် သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုတွင် အခြေချနေထိုင်သူ ဖြစ်ရမည်။

(၃) အသက်(၁၈)နှစ် ပြည့်ပြီးသူဖြစ်ရမည်။

(၄) နိုင်ငံသား၊ ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူဖြစ်ရမည်။

(ခ) အဖွဲ့အစည်းဖြစ်ပါက လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်းကို အမှန်တကယ်လုပ်ကိုင်လိုသော အစိုးရဌာန၊ အစိုးရအဖွဲ့ အစည်း၊ အစိုးရမဟုတ်သော အဖွဲ့အစည်း၊ ကုမ္ပဏီ သို့မဟုတ်အသင်းအဖွဲ့ ဖြစ်ရမည်။

၈။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ဝယ်ယူခြင်း၊ လဲလှယ်ရယူခြင်း သို့မဟုတ် ပေးကမ်းသည်ကို လက်ခံခြင်းပြုသူအားလည်းကောင်း၊ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ် ပိုင်ခွင့်ကို ရရှိသူအားလည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိ၍ စိုက်ပျိုးမြေအဖြစ်ဖော်ထုတ် စိုက်ပျိုးပြီးနောက် ဤဥပဒေနှင့်အညီ လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားသူအားလည်းကောင်း၊ မြို့နယ်ဦးစီးဌာနရုံးတွင် သတ် မှတ်ချက်များနှင့်အညီ မှတ်ပုံတင်ကြေး ပေးဆောင်စေ၍ မှတ်ပုံတင်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ထုတ်ပေးရမည်။

အခန်း(၃)

လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများ

၉။ လယ်ယာမြေလုပ်ပိုင် ခွင့်ရရှိသူသည် အောက်ပါအခွင့်အရေးများကိုရရှိစေရမည် -

(က) လယ်ယာမြေကို လက်ရှိထားပိုင်ခွင့်၊ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ယင်းသို့ လုပ်ပိုင်ခွင့်မှ ပေါ်ထွက်လာသည့် အကျိုးအမြတ် ကိုခံစားပိုင်ခွင့်၊

(ခ) လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ်စေလုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့်ပေးကမ်းခွင့်၊

(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့်အညီသက် ဆိုင်ရာ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်ခွင့်၊

(ဃ) သတ်မှတ်သည့် စည်းကမ်းချက်များကို ဖောက်ဖျက်ခြင်း မရှိသရွေ့ လယ်ယာမြေလုပ်ပိုင်ခွင့်၊

(င) လယ်ယာမြေတွင် စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်သမဝါယမအသင်း၏ ရင်းနှီးမြှုပ်နှံမှုနှင့်လည်း ကောင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့်လည်းကောင်းအကျိုးတူလုပ်ကိုင်ခွင့်၊

(စ) လယ်ယာမြေတွင် နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သောအဖွဲ့အစည်းနှင့် ပူးပေါင်း၍ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်။

၁၀။ ဤဥပဒေ ပုဒ်မ ၄၊ ၅၊ ၆၊ ၇၊ ၈ နှင့် ၉ တို့ပါ ပြဋ္ဌာန်းချက်များသည်မြေနုကျွန်းချထားခြင်းနှင့် မသက်ဆိုင်စေရ။

၁၁။ မြေနုကျွန်းချထားရေးကိစ္စရပ်များအတွက် ဤဥပဒေအရပြုသည့် နည်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းရမည်။

အခန်း(၄)

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ လိုက်နာရမည့် စည်းကမ်းချက်များ

၁၂။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် -

(က) ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့်အတိုင်း လယ်ယာမြေကိုလုပ်ကိုင်ရမည်။

(ခ) လယ်ယာမြေနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနက စည်းကြပ်သောမြေခွန်နှင့် အခြားအခွန်အခများကို ပေးဆောင်ရမည်။

(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းတို့ကို ဆောင်ရွက်သည့်အခါ ဦးစီးဌာနကသတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်းမှတ်ပုံတင်ခတို့ကို ပေးဆောင်၍ သက်ဆိုင်ရာမြို့နယ်ဦးစီးဌာန ရုံးတွင် မှတ်ပုံတင်ရမည်။

(ဃ) တည်ဆဲဥပဒေနှင့်အညီ အမွေဆက်ခံခြင်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရရှိသည့်အခါ သတ်မှတ်ချက်များနှင့်အညီသက် ဆိုင်ရာမြို့နယ်ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်။

(င) စိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးအတွက်သာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပေါင်နှံခွင့်ရှိပြီး အစိုးရဘဏ် သို့မဟုတ် အစိုးရကအသိ အမှတ်ပြုသော ဘဏ်တွင်သာ ပေါင်နှံရမည်။

(စ) သက်ဆိုင်ရာလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က တရားဝင်ချထားခြင်းမရှိဘဲ ကျူးကျော် လုပ် ကိုင်ခြင်းမပြုရ။

(ဆ) လယ်ယာမြေကို ခွင့် ပြုမိန့်မရရှိဘဲ အခြားနည်း သုံးစွဲခြင်းမပြုရ။

(ဇ) လယ်ယာမြေကို မူလစိုက်ပျိုးလျက်ရှိသော သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ခွင့်ပြုချက်မရှိဘဲ ပြောင်းလဲစိုက် ပျိုးခြင်းမပြုရ။

(ဈ ) ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ လယ်ယာမြေကို လှပ်ထားခြင်းမပြုရ။

(ည) လယ်ယာမြေလုပ်ပိုင်ခွင့် မရမီကာလအတွင်း သို့မဟုတ်လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ အငြင်းပွားမှုဖြစ်ပေါ်နေသော ကာလအတွင်း လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်းမပြုရ။

၁၃။ ဤဥပဒေအာဏာတည်ပြီးသည့်နောက် လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှု အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင် မှတ်ပုံတင်ထားပြီးမှသာတရားဝင်ဖြေရှင်းဆောင်ရွက်နို င်ခွင့်ရှိသည်။

၁၄။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင့် အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကိုဖြစ်စေ နိုင်ငံတော် အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲမည်သည့်နိုင်ငံခြားသား သို့မဟုတ် နိုင်ငံခြားသားပါဝင်သည့် အဖွဲ့အစည်းကိုမျှ ရောင်းချခြင်း၊ ပေါင်နှံ ခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ်ပေးကမ်းခြင်းမပြုရ။

အခန်း(၅)

လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ဖွဲ့စည်းခြင်း

၁၅။ ပြည်ထောင်စုအစိုးရအဖွဲ့သည် -
(က) လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများမှ အကြီးအမှူးများက အဖွဲ့ ဝင်များအဖြစ်လည်းကောင်း ပါဝင်သော ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကို ဖွဲ့စည်းရမည်။

(ခ) ပုဒ်မခွဲ(က)အရ ဖွဲ့စည်းသော ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကို အခါအားလျော်စွာ ပြင်ဆင် ဖွဲ့စည်းနိုင်သည်။

၁၆။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် -

(က) အောက်ပါလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်ကို ဖွဲ့စည်းပေးရမည် -

(၁) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊

(၂) ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊

(၃) မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၊

(၄) ရပ်ကွက် သို့ မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲ မှုအဖွဲ့။

(ခ) ပုဒ်မခွဲ (က) အရ ဖွဲ့စည်းသော လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်ကို အခါအားလျော်စွာ ပြင်ဆင်ဖွဲ့စည်းနိုင်သည်။

အခန်း(၆)

ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ

၁၇။ ဗဟိုလယ်ယာမြေစီ မံခန့် ခွဲမှုအဖွဲ့၏ တာဝန်နှင့်လု ပ်ပိုင်ခွင့်များမှာအောက်ပါအတိုင်းဖြစ်သည် -

(က) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့်ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အဆင့် ဆင့်တို့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကိုသတ်မှတ်ခြင်း၊

(ခ) လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ပေးခြင်းနှင့် အငြင်းပွားမှု ဖြေရှင်းခြင်းတို့နှင့်စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့် ကြီးကြပ် ကွပ်ကဲခြင်း၊

(ဂ) လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း တို့နှင့်စပ်လျဉ်း၍ ဆောင်ရွက်သည့်ကိစ္စရပ်များကို လမ်းညွှန်ခြင်း၊ ကြီးကြပ်ကွပ်ကဲခြင်း၊

(ဃ) ပုဒ်မ ၁၉၊ ပုဒ်မခွဲ (ဂ) နှင့် (ဃ) တို့ပါ စီမံခန့်ခွဲရေး ပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်ခြင်းခံရသူ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ကို လည်းကောင်း၊ ပုဒ်မ ၃၁ နှင့် အကျုံးဝင်သော လယ်ယာမြေကိုလည်းကောင်း၊ ပုဒ်မ ၃၇ အရ ပြစ်ဒဏ်ချမှတ်ခြင်း ခံရသူ၏ လယ်ယာမြေလုပ်ပိုင်ခွင့်ကိုလည်းကောင်း ပြန်လည်ရုပ်သိမ်းခြင်း၊

(င) ကျေးလက်ဒေသများနှင့် မြို့ပြဒေသများတွင် တိုးတက်လျက်ရှိသော လူဦးရေနှင့် တိုးပွားလာသော အိမ်ထောင်စုများအတွက် အိမ်ရာတည်ဆောက်ရန် လိုအပ်ချက်အရ လယ်ယာမြေကိုအသုံးပြုရန် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့၏ ကျေးလက်နှင့် မြို့ပြအိမ်ရာစီမံကိန်းများနှင့်စပ်လျဉ်းသည့် တင်ပြချက်များကို စိစစ်၍အတည်ပြုခြင်း၊

(စ) ကျေးလက်နေပြည်သူလူထု၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် စာသင်ကျောင်း၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ ကျေးလက်ဈေး၊ သုသာန်နှင့် အခြားလိုအပ်သော အဆောက်အအုံများအတွက် လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြချက်ကို စိစစ်ပြီးအတည် ပြုခြင်း၊

(ဆ) လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှုလယ်ယာမှခေတ်မီ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းရာတွင်လိုအပ် သည့် လယ်ယာသုံးစက်နှင့် စက်ကိရိယာများထားရှိခြင်း၊ ဆန်စက်များ၊ သီးနှံ သိုလှောင်သည့်ဂိုဒေါင်များ၊ လိုအပ်သော ကုန်ထုတ် လမ်းများနှင့် အခြေခံအဆောက်အအုံများတည်ဆောက်ရာတွင် လယ်ယာမြေကို အသုံးပြုရန်ကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ တင်ပြချက်ကို စိစစ်ပြီး အတည်ပြုခြင်း၊

(ဇ) လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်မှု လယ်ယာ စနစ်မှ ခေတ်မီစက်မှု လယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရန်လယ် ယာမြေပြုပြင်ခြင်းလုပ်ငန်းများအတွက် လယ် ယာမြေကိုအသုံးပြုရန်ကိစ္စနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး သို့မဟုတ်ပြည်နယ် လယ်ယာ မြေစီမံခန့်ခွဲမှု အဖွဲ့၏ တင်ပြချက်ကို စိစစ်ပြီးအတည်ပြုခြင်း၊

(ဈ ) မြေနုကျွန်း လုပ်ပိုင်ခွင့်ချထားရေးနှင့် ယင်းလုပ်ပိုင်ခွင့် ရရှိသူများ၏ အခွင့်အရေးဆိုင်ရာမူဝါဒများ ချမှတ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊

(ည) ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်စိုက်ပျိုးရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ လမ်းညွှန်ခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း၊

(ဋ) လယ်ယာမြေနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ ပေးအပ်သည့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခြင်း။

၁၈။ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များအရ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်းနှင့် ပေးကမ်းခြင်းကိစ္စရပ်များအတွက် နှစ်ဦးသဘောတူ စာချုပ်ကိုရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ရှေ့မှောက်တွင်ချုပ်ဆို၍ သက်ဆိုင်ရာ မြို့နယ်ဦးစီးဌာနရုံး၌ မှတ်ပုံတင်ရာတွင် လယ်ယာမြေ တန်ဖိုးကို ဒေသန္တရအခြေအနေအရ ဆီလျော်သောနှုန်းထားဖြစ်စေရန်သင့်လျော်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အား လုပ်ပိုင်ခွင့် အပ်နှင်းနိုင်သည်။

အခန်း(၇)

စည်းကမ်းချက်များကိုလိုက်နာရန် ပျက်ကွက်၍ အရေးယူခြင်း

၁၉။ ဤဥပဒေ ပုဒ်မ ၁၂ ပါ စည်းကမ်းချက်အားလုံးကိုဖြစ်စေ၊ စည်းကမ်းချက်တစ်ခုခုကိုဖြစ်စေ လိုက်နာရန်ပျက်ကွက်လျှင် ဝန်ကြီး ဌာနက ဤကိစ္စအလို့ငှာ ခန့်အပ်သည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ဤဥပဒေနှင့်ဤဥပဒေအရ ထုတ်ပြန်သော နည်းဥပဒေ များနှင့်အညီ စုံစမ်းစစ်ဆေးပြီးနောက် အောက်ဖော်ပြပါ အမိန့် တစ်ရပ်ကိုဖြစ်စေ၊ တစ်ရပ်ထက်ပို၍ဖြစ်စေချမှတ်နိုင်သည် -
(က) သတ်မှတ်သည့် ဒဏ်ကြေးငွေ ပေးဆောင်စေခြင်း၊
(ခ ) သတ်မှတ်သည့်နည်းလမ်းအတိုင်း လယ်ယာမြေကို ဆောင်ရွက်စေခြင်း၊
(ဂ ) လယ်ယာမြေပေါ်မှ နှင်ထုတ်ထိုက်သူများကို နှင်ထုတ်ခြင်း၊
(ဃ) လယ်ယာမြေပေါ်တွင် ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်ထားသောအဆောက်အအုံများကို ဖယ်ရှားခြင်း။

၂၀။ ပုဒ်မ ၁၉ ပါ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ယင်းပုဒ်မအရ ချမှတ်သောအမိန့်ကို လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူက လိုက် နာခြင်းမရှိလျှင် ယင်းအမိန့်ပါ သတ်မှတ်ရက်ကျော်လွန်ပါက သက်ဆိုင်ရာတရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုနိုင် သည်။

၂၁။ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် ဝန်ကြီးဌာနက စည်းကြပ်ကောက်ခံသည့် အခွန်အခများကို ပေးဆောင်ရန် ပျက်ကွက်လျှင် တည်ဆဲဥပဒေများနှင့်အညီ ထိုအခွန်အခများကို မြေခွန်မပြေ ကျန်ငွေ ဖြစ်ဘိသကဲ့သို့ ကောက်ခံခြင်း ခံရမည်။

အခန်း(၈)

လယ်ယာမြေလုပ်ပိုင်ခွင့် အငြင်းပွားမှုဖြေရှင်းခြင်းနှင့် အယူခံခြင်း

၂၂။ လယ်ယာမြေ လုပ်ပိုင်ခွင့်နှင့်စပ် လျဉ်း၍ အငြင်းပွားမှုကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် မူလမှုခင်း ဖွင့်လှစ်၍ စုံစမ်းစစ်ဆေးခြင်း၊ ကြားနာခြင်းနှင့် ဆုံးဖြတ်ခြင်းပြုရမည်။

၂၃။ (က) ရပ်ကွက်နှင့်ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ပုဒ်မ၂၂ အရ ချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ် ချက်ကိုမကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုချမှတ်သည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာမြို့ နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ အယူခံနိုင်သည်။

(ခ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ရပ်ကွက်နှင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့် အမိန့်သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်းသို့မဟုတ် ပယ် ဖျက်ခြင်းပြုနိုင်သည်။

၂၄။ (က) ပုဒ်မ ၂၃၊ ပုဒ်မခွဲ(ခ)အရ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ကချမှတ်သောအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာခရိုင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့်အညီ အယူခံနိုင်သည်။

(ခ) ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် ကိုအတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။

၂၅။ (က) ပုဒ်မ ၂၄၊ ပုဒ်မခွဲ(ခ) အရ ခရိုင်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ကချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို မကျေနပ်သူသည် ယင်းအမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို ချမှတ်သည့်နေ့မှရက်ပေါင်း ၆၀ အတွင်း သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ်ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သို့ သတ်မှတ်ချက်များနှင့် အညီ အယူခံနိုင်သည်။

(ခ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ချမှတ်သည့်အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကို အတည်ပြုခြင်း၊ ပြင်ဆင်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းပြုနိုင်သည်။

(ဂ ) တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်။

အခန်း(၉)

နစ်နာကြေးနှင့်လျော်ကြေးများ

၂၆။ တည်ဆဲဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပင်ပါရှိစေကာမူ နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူ အကျိုးငှာဖြစ်စေ သိမ်းယူ သည့်လယ်ယာမြေနှင့် ယင်းလယ်ယာမြေပေါ်၌ အဆောက်အအုံဖြင့် တိုးတက်ကောင်းမွန်စေရန် ပြုပြင်ခြင်းအပါအဝင် မူလ လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိထားသူ ဆောင်ရွက်ထားသည့် ကိစ္စရပ်များအတွက် နစ်နာမှုလုံးဝမရှိစေရန် လျော်ကြေးပေးခြင်းနှင့် အခြားနည်းလမ်းဖြင့် စီမံဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာကပြုလုပ်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့ သည် လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ရမည်။

၂၇။ ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ဃ) အရ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ကိုလည်းကောင်း၊ လယ်ယာ မြေကိုလည်းကောင်း ပြန်လည်ရုပ်သိမ်းခြင်းခံရသူသည် လျော်ကြေးရထိုက်ခွင့် မရှိစေရ။

အခန်း (၁၀)

လယ်ယာမြေကို အသုံးချခြင်း

၂၈။ မူလစိုက်ပျိုးလျက်ရှိသည့် သီးနှံအမျိုးအစားမှ အခြားသီးနှံအမျိုးအစားသို့ ပြောင်းလဲစိုက်ပျိုးခွင့်ပြုရန် လျှောက် ထားချက်နှင့် စပ်လျဉ်း၍ -

(က) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နိုင်ငံတော်၏ အဓိကစားသုံးသီးနှံဖြစ်သည့် ဆန်စပါးဖူလုံမှုကို ထိခိုက်မှုမရှိစေ ရေးအတွက် သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး လယ်မြေတွင်အခြားသီးနှံ ပြောင်းလဲစိုက်ပျိုးရန် ခွင့်ပြုနိုင်သည်။

(ခ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယာမြေတွင် သီးနှံ ပြောင်းလဲစိုက်ပျိုးရန်ဖြစ်ပါက သတ်မှတ်ချက်များနှင့်အညီစိစစ်ပြီး ခွင့်ပြုနိုင်သည်။

၂၉။ နိုင်ငံတော်၏ ရေရှည်အမျိုးသားအကျိုးစီးပွားအလို့ငှာ စီမံကိန်းလုပ်ငန်းကြီးများအတွက် လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန်သက်ဆိုင်ရာစီ မံကိန်းအကောင်အထည်ဖော်မည့် ဝန်ကြီးဌာနသည် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ သဘောထား မှတ်ချက်ရယူပြီး ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နိုင်သည်။

၃၀။ အများပြည်သူအကျိုးငှာ လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုရန် လျှောက်ထားချက်နှင့် စပ်လျဉ်း၍-

(က) ဗဟိုလယ်ယာမြေစီ မံခန့်ခွဲမှုအဖွဲ့သည် လယ်မြေကို အခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်။
(ခ) သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့သည် လယ်မြေမှတစ်ပါး လယ်ယာမြေကို အခြားနည်းဖြင့် အသုံးပြုနိုင်ရေးအတွက် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်ဖြင့် ခွင့်ပြုနိုင်သည်။

၃၁။ ပုဒ်မ ၃၀ အရ အခြားနည်းအသုံးပြုရန် ခွင့်ပြုချက်ရရှိပြီးနောက်ခွင့်ပြုသည့်နေ့ရက်မှ ခြောက်လအတွင်း လယ်ယာမြေကို သတ်မှတ်သည့်နည်းလမ်းအတိုင်း စတင်အသုံးမပြုလျှင်သော်လည်းကောင်း၊ သတ်မှတ်ကာလအတွင်း လုပ်ငန်းပြီးစီးခြင်း မရှိလျှင် သော်လည်းကောင်း ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ယင်းလယ်ယာမြေကို ပြန်လည်သိမ်းယူနိုင်သည်။

အခန်း (၁၁)

လယ်ယာမြေကို စီမံခန့်ခွဲခြင်း

၃၂။ နိုင်ငံတော်အကျိုးဖြစ် ထွန်းစေမည့် စီမံကိန်းများအတွက် လယ်ယာမြေကို သိမ်းယူရာတွင် အနည်းဆုံး လိုအပ်သောပမာ ဏကိုသာ သိမ်းယူရမည်။ စီမံကိန်းအား သတ်မှတ်ကာလအတွင်း အမြန်ဆုံးပြီးစီးစေရန် အကောင်အထည်ဖော်ရမည်ဖြစ်ပြီး စီမံ ကိန်းများ ဆောင်ရွက်ခြင်းမပြုတော့ပါက မူလလယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိထားသော ပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံ ပြန်လည်ပေးအပ် ရမည်။

၃၃။ ပြည်ထောင်စုအစိုးရအဖွဲ့ကသော်လည်းကောင်း၊ ဤကိစ္စအလို့ငှာပြည်ထောင်စုအစိုးရအဖွဲ့က ခန့်အပ်သော အာဏာပိုင်းက သော်လည်းကောင်းအခြားနည်း အမိန့်ဆင့်ဆိုသည်မှတစ်ပါး ကျွဲ၊ နွား၊ စားကျက်များနှင့် ရွာဘုံမြေများကို မပျက်စီးစေဘဲ ဆက် လက်ထားရှိရမည်။

၃၄။ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီကစိုက် ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့် သို့မဟုတ်အသုံးပြုခွင့်ပေးထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများနှင့် စပ်လျဉ်း၍သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တည်ငြိမ်သည့်အခါ လယ်ယာမြေအဖြစ် ပြောင်းလဲသတ်မှတ်ပြီး ဤဥပဒေတွင် အကျုံးဝင်စေရမည်။

အခန်း(၁၂)

ပြစ်မှုနှင့် ပြစ်ဒဏ်များ

၃၅။ မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူမဆို ပုဒ်မ ၁၉ အရ ချမှတ်သောအမိန့်ကိုဖြစ်စေ၊ ဤဥပဒေအရ လယ်ယာမြေ လုပ်ပိုင်ခွင့် အငြင်းပွားမှုတွင်ချမှတ်သော အမိန့် သို့မဟုတ် ဆုံးဖြတ်ချက်ကိုဖြစ်စေ လိုက်နာရန် ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးခြောက်လမှ အများဆုံးနှစ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် အနည်းဆုံးကျပ်သုံးသိန်းမှ အများဆုံး ကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်နိုင်သည်။

၃၆။ ပုဒ်မ ၁၉အရ ချမှတ်သောအမိန့်ကို လိုက်နာရန်ပျက်ကွက်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရသူသည် ယခင်က အလားတူ ပြစ်မှုဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံခဲ့ရလျှင် ထပ်မံကျူးလွန်သောပြစ်မှုအတွက် ပုဒ်မ ၃၅ ပါ အများဆုံးထောင်ဒဏ် ချမှတ်ခြင်း ခံရမည်။

၃၇။ မည်သည့်လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူမဆို ပုဒ်မ ၁၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင် ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးတစ်နှစ်မှ အများဆုံးသုံးနှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်ပြင် ကျပ် ၁၀ သိန်းအောက် မနည်းသည့် ငွေဒဏ်ကိုလည်း ချမှတ်ရမည်။ထို့ပြင် ပြစ်မှုနှင့်သက်ဆိုင်သော ငွေနှင့် ပစ္စည်းများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်း ရမည်။

အခန်း (၁၃)

အထွေထွေ

၃၈။ တောင်သူလယ်သမားများ၏ လူမှုစီးပွားရေးဘဝ မြင့်မားတိုးတက်စေရေးကို ရှေးရှု၍ ပြဋ္ဌာန်းထားသော ဥပဒေများအတိုင်း တောင်သူလယ်သမားအဖွဲ့အစည်းကို ဖွဲ့စည်းနိုင်သည်။

၃၉။ ဤဥပဒေအရ ဖွဲ့စည်းသည့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်တွင် ပါဝင်သော အဖွဲ့ဝင်များသည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁ ပါ အဓိပ္ပာယ်အရ ပြည်သူ့ ဝန်ထမ်းဖြစ်သည်ဟု မှတ်ယူရမည်။

၄၀။ ဤဥပဒေနှင့်အညီဖြစ်စေ၊ ဤဥပဒေအရပြုသည့် နည်းဥပဒေများနှင့်အညီဖြစ်စေ သဘောရိုးဖြင့် ဆောင်ရွက်သည့် ကိစ္စတစ်ရပ် ရပ်အတွက်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်ရှိ အဖွဲ့ဝင်များကို မည်သည့် တရားရုံးတွင်မျှ တရားစွဲဆိုခွင့် မရှိစေရ။

၄၁။ ပုဒ်မ ၃၇ အရ တရားစွဲဆိုသောပြစ်မှုကို ရဲအရေးယူပိုင်ခွင့်ရှိသောပြစ်မှုအဖြစ် သတ်မှတ်သည်။

၄၂။ ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် -

(က) ဝန်ကြီးဌာနသည် လိုအပ်ပါက နည်းဥပဒေများ၊ စည်းမျဉ်းနှင့် စည်းကမ်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီ ချက်ဖြင့် ထုတ်ပြန်နိုင်သည်။

(ခ) ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့နှင့် ဦးစီးဌာနတို့သည် လိုအပ်ပါက အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည်။

၄၃။ အောက်ပါဥပဒေများကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည် -

(က) ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ၊

(ခ ) ၁၉၆၃ ခုနှစ်၊ သီးစားချထားရေးဥပဒေ၊

(ဂ ) ၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်သည့်ဥပဒေ။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။

(ပုံ)သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်

-xxx-

No comments:

Post a Comment