Monday, March 19, 2012

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့အခါ အလုပ်သမား၊ လယ်သမားတွေရဲ့အကျိုးကို မထိခိုက်ရန်လို

နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့အခါ အလုပ်သမား၊ လယ်သမားတွေရဲ့အကျိုးကို မထိခိုက်ရန်လို
ကျနော်တို့ ဒီညဆွေးနွေးမယ့် အကြောင်းအရာကတော့ ဒီအလုပ်သမားအခွင့်အရေးကိစ္စဖြစ်ပါတယ်။ ဒီနေရာမှာ အခုမြန်မာနိုင်ငံ အပြောင်းအလဲဖြစ်လာတာနဲ့အတူ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်နေပါတယ်။ နောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်လို့ ဥပဒေတွေ ထုတ်ပြန်ဖို့ကိုလဲ ပြင်ဆင်နေတာတွေ ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလိုမျိုး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်လာမယ်။ နိုင်ငံခြားကုမ္ပဏီတွေ ဝင်လာမယ်ဆိုလို့ရှိရင် အလုပ်ရှင်နဲ့ အလုပ်သမားပြဿနာ၊ အလုပ်သမားတွေရဲ့ အခွင့်အရေးကိစ္စနဲ့ပတ်သက်လို့ ဘယ်လို ကာကွယ်ပေးမလဲဆိုတဲ့ကိစ္စကို ကျနော်ဆွေးနွေးမှာ ဖြစ်ပါတယ်။ 

တလောကပဲ လှိုင်သာယာမှာရှိတဲ့ တိုင်ရီ တရုတ်အမျိုးသားပိုင် တိုင်ရီစက်ရုံ ဖိနပ်စက်ရုံမှာ အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြားမှာ ပဋိပက္ခတွေ ဖြစ်ပါတယ်။ ပဋိပက္ခ ဖြစ်မှုဟာ ရက်တော်တော်ကြာတဲ့အထိ မပြေမလည်ဖြစ်ခဲ့ပါတယ်။ ဒီလိုမျိုးရက်အတော်ကြာအထိ ဖြစ်နေတာက တဖက်ကကြည့်ရင် အလုပ်သမားတွေဘက်မှာလည်း တော်တော်လေး နစ်နာမှုရှိပါတယ်။ လက်ရှိ ဒီလိုမျိုး အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီးတော့ တဖက်မှာ အလုပ်ရှင် အလုပ်သမားဖြစ်တဲ့အခါမှာ အစိုးရတွေဘက်ကနေပြီးတော့ ဥပဒေအရ ပြဌာန်းတာ၊ ကာကွယ်ပေးတာ ရှိသလိုပဲ၊ လူ့အဖွဲ့အစည်းတွေဘက်က လူမှုအဖွဲ့အစည်းတွေဘက်က ဘယ်လို ကာကွယ်ပေးကြမလဲ၊ အစိုးရဘက်က ဘယ်လို ကာကွယ်ပေးနိုင်မလဲ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ သုံးသပ်ဆွေးနွေးမှာ ဖြစ်ပါတယ်။ 

ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဆွေးနွေးဖို့အတွက် အလုပ်သမားရေးလှုပ်ရှားသူတွေ ပြည်တွင်းရော ပြည်ပလူပါ ကျနော်တို့ ဖိတ်ခေါ်ထားပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဖုန်းကိုခေါ်ဖို့ ကျနော် တော်တော်လေး အခက်အခဲဖြစ်နေပါတယ်။ ရနိုင်သလောက်တော့ ကျနော် ဖုန်းခေါ်ပြီးတော့ မြန်မာနိုင်ငံထဲက လူတွေကိုလည်း တင်ဖို့ကြိုးစားပါ့မယ်။ အခု လတ်တလောမှာတော့ ကျနော် လေလှိုင်းပေါ်မှာ ကိုမင်းလွင်ဦး ရှိပါတယ်။ ကိုမင်းလွင်ဦးကတော့ အာရှ လူ့အခွင့်အရေးကော်မရှင်က မြန်မာရှေ့နေတစ်ဦး ဖြစ်ပါတယ်။

နောက် ကိုဇော်ဇော်ထွန်း လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီကပါ၊ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အလုပ်သမားရေး လှုပ်ရှားနေတာပါ။ 

နောက်တစ်ယောက်ကတော့ ဒီထိုင်းအခြေစိုက်တဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်က ဦးဆောင် ဒါရိုက်တာ ကိုထူးချစ်။ သူလည်း လေလှိုင်းပေါ်မှာရှိပါတယ် ခင်ဗျ။ 

ကျနော် ကိုမင်းလွင်ကို အရင်မေးချင်ပါတယ်။ ကိုမင်းလွင် ကြားရမယ့် ထင်ပါတယ် ခင်ဗျာ၊ ကိုမင်းလွင်ရေ ကျနော်တို့ တိုင်ရီကိစ္စကို အခြေခံပြီးတော့ပါ ခုနက တကယ်တမ်း ဥပဒေအကြောင်းအရပေါ့နော်၊ တကယ်တမ်း ခုန ဒီနိုင်ငံခြားလုပ်ငန်းတွေ ဝင်လာမယ်။ နိုင်ငံခြားမှတင် မဟုတ်ပါဘူး ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေနဲ့ပါ ဒီအလုပ်သမားတွေနဲ့ပတ်သက်တဲ့ အခွင်းအရေးနဲ့ပတ်သက်လို့ ဥပဒေအရ အခု ပြဌာန်းထားတာ၊ အကာအကွယ်ပေးထားတာ၊ လက်ရှိ မြန်မာနိုင်ငံအခြေအနေပေါ်မှာ လက်ရှိရှိနေတဲ့ ဥပဒေနဲ့ ပတ်သက်လို့ ဘယ်လောက်ထိ လုံလောက်မှုရှိပါသလဲ၊ ကိုမင်းလွင် သုံးသပ်ပေးပါ။

မေး ။ ။ ဟုတ်ကဲ့ ခင်ဗျာ၊ ကိုဇော်ဇော်ထွန်းကို မေးသွားချင်ပါတယ်။ အခု ဒီအလုပ်သမားရေးကိစ္စနဲ့ပတ်သက်ပြီးလို့ ခုနက ဥပဒေကြောင်းအရပေါ့နော်၊ နောက်တစ်ချက်က အလုပ်သမားတွေကိုယ်တိုင်က သူတို့အခွင့်အရေးကို ကာကွယ်နိုင်မယ့် အလုပ်သမားသမဂ္ဂလိုဟာမျိုးပေါ့၊ တလောကပဲ ဒီလွှတ်တော်မှာ ဒီအလုပ်သမားအဖွဲ့အစည်းနဲ့ပတ်သက်လို့ ဥပဒေကြမ်းတွေ ချခဲ့တာ၊ ဥပဒေတွေ ချမှတ်ခဲ့တာ၊ အတည်ပြုခဲ့တာတွေ ရှိပါတယ်ခင်ဗျာ၊ အဲတော့ ကိုဇော်ဇော်ထွန်း ဘယ်လိုမြင်လဲ ခင်ဗျာ၊ လက်ရှိ အလုပ်သမားသမဂ္ဂ၊ အလုပ်သမားဖွဲ့စည်းခွင့်နဲ့ပတ်သက်လို့ လုံလောက်တဲ့ အကာအကွယ် ပေးနိုင်တဲ့ အလုပ်သမားသမဂ္ဂတည်ရှိခွင့်နဲ့ပတ်သက်လို့ အာမခံပေးနိုင်တဲ့ ဥပဒေ မြန်မာပြည်မှာ အခြေအနေရှိနေပြီလား။

ကိုဇော်ဇော်ထွန်း ။ ။ အဲဒီကိစ္စကိုပြောရမယ်ဆိုရင် ကျနော်တို့ လက်တွေ့ကိုပဲ ကြည့်ရအောင်။ အခုကျနော်တို့ တိုင်းပြည်မှာဖြစ်တဲ့ အလုပ်သမားတွေ သူတို့ကို အကာအကွယ်ပေးမယ့် အလုပ်သမားသမဂ္ဂဆိုတာ မရှိဘူး။ အဲတော့ ကျနော်တို့ ပြန်လေ့လာကြည့်တော့ အလုပ်သမားအခွင့်အရေး ကာကွယ်တဲ့ ဥပဒေသဘောဆန်ပြီးတော့ အလုပ်သမားဖွဲ့စည်းဥပဒေကို လက်ရှိ အရပ်သားအစိုးရကနေပြီးတော့ ပြဋ္ဌာန်းလိုက်တယ်။ ဒါပေမယ့် လက်တွေ့ အကောင်အထည်ဖော်ဖို့ ဘာယန္တရားမှ မရှိသေးဘူး။ အဲဒီအတွက် လက်တွေ့မှာ သူနဲ့သက်ဆိုင်တဲ့ နည်းဥပဒေတွေ၊ သက်ဆိုင်တဲ့အလုပ်သမားအရာရှိတွေ၊ ဖွဲ့စည်းတာတွေ၊ ခန့်အပ်တာတွေ၊ နောက်လုပ်ထုံးလုပ်နည်းတွေ ဘာမှ မရှိသေးတဲ့အတွက် လက်တွေ့မှာ အဲဒီဥပဒေက စက္ကူပေါ်မှာပဲ ရှိနေတဲ့ ဥပဒေတစ်ရပ်ပဲ ဖြစ်တယ်။ လက်တွေ့ အကောင်အထည် ဖော်ခွင့်မရသေးဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ကျနော်တို့ အလုပ်သမားသမဂ္ဂတွေ ဖွဲ့စည်းခွင့်မရဘဲ ဖြစ်နေတယ်။ အဲဒါက တကယ်တမ်းကျတော့ အလုပ်သမားတွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့၊ နစ်နာချက်တွေကို ကာကွယ်ဖို့ မရှိအောင်လုပ်ထားသလို အချိန်ဆွဲထားသလိုတောင် ဖြစ်နေတယ်။

မေး ။ ။ ဟုတ်ကဲ့ခင်ဗျာ၊ လက်ရှိ အခုက အလုပ်သမားသမဂ္ဂတွေ အစုလိုက် အစုလိုက် ဖော်ဆောင်တာတွေမျိုးတော့ ကျနော်တို့ ကြားနေရပါတယ် ခင်ဗျာ။ အဲတော့ လှုပ်ရှားနိုင်တဲ့ အခြေအနေကော့ ဘယ်လောက် အတိုင်းအတာထိရှိလဲ။

ကိုဇော်ဇော်ထွန်း ။ ။ လတ်တလောကာလကတော့ ဒီလက်ရှိအစိုးရအနေနဲ့ တစ်စုံတစ်ရာကို ဥပဒေအကြောင်းအရ မကိုင်တွယ်ဘဲနဲ့ ခွင့်ပြုထားတဲ့ ပုံသဏ္ဍာန်မျိုးတော့ ရှိနေတယ်။ ဒါပေမယ့်လည်း အဲဒါက တရားဥပဒေအရ Institutionalize ဖြစ်တာ မဟုတ်သေးဘူး။ အဲတော့ အချိန်မရွေး ဥပဒေတစ်ခုခုကို ကိုင်ပြီးတော့ အရေးယူလို့ ရနေတဲ့ အနေအထားမျိုးရှိနေတယ်။ ဘာအာမခံချက်မှ မရှိပါဘူးခင်ဗျာ။

မေး ။ ။ ဟုတ်ကဲ့ခင်ဗျာ၊ ကိုဇော်ဇော်ထွန်း တဆက်တည်းမေးလိုပါတယ်။ အခြား အတွေ့အကြုံတွေနဲ့ယှဉ်ပြီး မေးချင်တာပါ။

တခြားနိုင်ငံတွေမှာလည်း ဘာပြောပြော ဈေးကွက်စီးပွားရေးဖွင့်မယ်၊ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လုပ်တဲ့အခါမှာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လိုပါတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ ပြည်တွင်းမှာလာပြီး ရင်းနှီးမြုပ်နှံမှုတွေလုပ်ဖို့ လိုပါတယ်။ အဲတော့ တစ်ချိန်တည်းမှာ အဲလိုမျိုးလုပ်ကြတဲ့နိုင်ငံတွေမှာ ကိုယ့်မှာရှိတဲ့ အလုပ်သမားတွေ၊ ကိုယ့်ဒေသခံတွေ၊ ကိုယ့်တိုင်းပြည်က လူတွေအတွက် ကာကွယ်ပေးနိုင်တဲ့ကိစ္စမျိုးတွေ ချုပ်ဆိုတာလည်း ကျနော်တို့ ကြားဖူးပါတယ်။ ဥပမာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတွေလာလို့ရှိရင် ကိုယ့်အလုပ်သမားတွေကို ဘယ်လောက် အနည်းဆုံးလစာပေးရမလဲဆိုတဲ့ သဘောမျိုးတွေပေါ့နော်။ မြန်မာနိုင်ငံအနေအထားမျိုးမှာဆိုရင် ကိုဇော်ဇော်ထွန်း ဘယ်လိုအကြုံပြုချင်ပါသလဲ ခင်ဗျာ၊ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်တဲ့ တချိန်တည်းမှာပဲ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေနဲ့ ပက်သက်လို့ပေါ့။

ကိုဇော်ဇော်ထွန်း ။ ။ ဟုတ်ကဲ့ ကျနော်တို့အနေနဲ့ ပြောလိုတာကတော့ ကျနော်တို့တိုင်းပြည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ဆိုလို့ရှိရင် ကျနော်တို့ တိုင်းပြည်မှာ အရင်းနှီး မရှိပါဘူး။ အဲအတွက် သေချာတာကတော့ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေကို ဖိတ်ခေါ်ရမယ်။ အဲတော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုကို ဖိတ်ခေါ်တဲ့အခါမှာ ဘာပဲပြောပြော ကျနော်တို့ မက်လုံးဆိုတဲ့ Incentive တွေ ပေးရပါတယ်။ အဲလိုပေးတဲ့အခါမှာ အဓိကကျတဲ့ ကျနော်တို့ တိုင်းသူပြည်သားတွေရဲ့ အခြေခံဖြစ်တဲ့ အလုပ်သမားလူတန်းစားတွေ၊ လယ်သမားလူတန်းစားတွေရဲ့အကျိုးကို မထိခိုက်စေနိုင်တဲ့ သင့်တော်တဲ့ တရားမျှတတဲ့ မက်လုံးပေးမှုတွေဖြစ်ဖို့ လိုပါတယ်။ ဥပမာအားဖြင့် ကျနော်ပြောမယ်ဆိုလို့ရှိရင် ကျနော်တို့ ထိုင်းနိုင်ငံမှာ အလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့ ပျမ်းမျှအလုပ်ချိန် ၈ နာရီအတွက် ပျမ်းမျှလစာက ၁၇၆ ဘတ် ဖြစ်ပါတယ်။ လက်ရှိမှာ အဲဒါကို မြန်မာငွေနဲ့တွက်ကြည့်မယ်ဆိုရင် လတ်တလောမှာ ၄၅၀၀ ပေါ့၊ ကျနော်တို့ တိုင်းပြည်မှာ အခု တိုင်ရီ အလုပ်သမားတွေရတဲ့ သူတို့အခြေခံတောင်းဆိုနေတဲ့ အခြေခံလစာဆိုတာ တစ်နေ့အလုပ်ချိန် ၈ နာရီကိုမှ ၁၂၀၀ ကျပ်ပဲ ဖြစ်ပါတယ်။ အဲဒါကိုတောင်မှ ပေးဖို့အတွက် အစိုးရက သေသေချာချာ မကြပ်မတ်ပေးနိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့ လာမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေနဲ့ပတ်သက်လာလို့ရှိရင် ကျနော်တို့အလုပ်သမားတွေပဲ ခံရဖို့များပါတယ်။ အခြေခံအားဖြင့်တော့ ကျနော်ပြောချင်တာက ကျနော်တို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံရမယ်။ ဖိတ်ခေါ်ရမယ်၊ ဒါပေမယ့် ကျနော်တို့ ပတ်ဝန်းကျင်နိုင်ငံတွေနဲ့ နှိုင်းယှဉ်ပြီးတော့ သင့်တော်တဲ့၊ တရားမျှတတဲ့၊ အခြေခံသတ်မှတ်ချက်တွေ ထားဖို့လိုပါတယ်။ နောက်တစ်ခုက အခြေခံအကြောင်းအရင်းကတော့ အလုပ်သမားတွေကို ကာကွယ်ပေးနိုင်မယ့် အလုပ်သမားသမဂ္ဂတွေ မြန်မြန်ဆန်ဆန်နဲ့ ဖွဲ့စည်းဖြစ်ပေါ်လာအောင် အစိုးရကနေပြီးတော့ သူတို့အခွင့်လမ်းတွေ ဖန်တီးပေးဖို့ လိုပါတယ်။ အခြေအနေတွေ ဖန်တီးပေးဖို့ လိုပါတယ်။ သို့အတူပဲ အလုပ်သမားအခွင့်အရေး ကာကွယ်တဲ့ ဥပဒေတွေကို အမြန်ဆုံး ပြဌာန်းဖို့လိုပါတယ်။ ခုန ကိုမင်းလွင်ပြောသွားသလို အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ထားမှု ရှိကိုရှိရမှာ ဖြစ်ပါတယ်။ ဥပမာ ကျနော်ခုနပြောသလိုပေါ့ ထိုင်းနိုင်ငံရဲ့ အနိမ့်ဆုံးလုပ်ခ က ၄၅၀၀ မြန်မာငွေနဲ့ တွက်ရင် ၄၅၀၀ လောက်ဖြစ်နေတဲ့အချိန်မှာ ကျနော်တို့က မက်လုံးပေးလို့ ရပါတယ်။ တစ်နေ့ကို အခြေခံလစာ ၄၀၀၀ လောက်နဲ့ ကျနော်တို့ အနိမ့်ဆုံး သတ်မှတ်ထားတယ်ဆိုရင်တောင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ထိုင်းကိုသွားမယ့်အစား ကျနော်တို့ဆီကို လာမှာပေါ့၊ လုပ်ခဈေးနှုန်းသက်သာရင် အဲလိုသဘောမျိုးနဲ့ ကျနော်တို့ ထိန်းညှိဖို့လိုပါတယ်။

မေး။ ။ ဟုတ်ကဲ့၊ အဲဒီထဲက အကြောင်းအရာလေးတရပ်ပါ။ ကိုဇော်ဇော်ထွန်းကိ တဆက်တည်း မေးလိုက်ချင်ပါတယ်။ ပြည်ပအလုပ်သမားကိစ္စ၊ ပြည်ပကသူက လုပ်ငန်းတွေ တခါတည်းဝင်လာတယ်။ ပြည်ပက သူ့အလုပ်သမားပါ ခေါ်လာတယ်။ အဲဒီတော့ ဒီလိုလုပ်ခြင်းအားဖြင့် ပြည်တွင်းက ကိုယ့်တိုင်းရင်းသားအလုပ်သမားတွေ ထိခိုက်နိုင်တယ်ဆိုတဲ့ ယူဆချက်ပေါ့။ ကိုမောင်မောင်လွင်ရဲ့ အမြင်ရှိပါတယ်။ ကိုဇော်ဇော်ထွန်း ဒါနဲ့ပတ်သက်လို့ဆွေးနွေးပါခင်ဗျာ့။

ကိုဇော်ဇော်ထွန်း ။ ။ သေချာတာကတော့ ကျနော်တို့က ရင်းနှီးမြှုပ်နှံမှုတွေ လက်ခံတဲ့အခါမှာ နှစ်ဦးနှစ်ဖက်ပေါ့။ လက်ခံတဲ့နိုင်ငံအနေနဲ့ရော လာပြီး ရင်းနှီးမြှုပ်နှံတဲ့နိုင်ငံအနေနဲ့ရော ကြားမှာ နှစ်ဦးနှစ်ဖက် သဘောတူညီချက်တွေ ညှိနှိုင်းရတာတွေ အပြန်အလှန် ဈေးဆစ်ရတာရှိပါတယ်။ များသောအားဖြင့် သက်ဆိုင်ရာနိုင်ငံတွေဟာ ကိုယ့်နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားနဲ့ ကိုယ့်နိုင်ငံရဲ့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီးတော့ ဒီဟာတွေကို သဘောတူညီချက်တွေရအောင် ကြိုးစားကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ကျနော်တို့ ဗမာပြည်မှာ အစဉ်အလာအရ ဖြစ်နေတာက အုပ်စိုးသူ အစိုးရအဆက်ဆက်က လက်တလောရနိုင်တဲ့ အခွင့်အလမ်းကိုပဲကြည့်ပြီး ရေရှည်မှာ ကိုယ့်တိုင်းပြည်နစ်နာမယ် ကိုယ့်ပြည်သူလူထု နစ်နာမယ်၊ ကိုယ့်အလုပ်သမားတွေ နစ်နာမယ့် အချက်တွေကို ထည့်မစဉ်းစားတဲ့ပြဿနာ ဖြစ်ပါတယ်။ အဓိကကတော့ Accountability မရှိတာပေါ့ဗျာ။ တာဝန်ခံမှု မရှိတာ ကိုယ့်အကျိုးစီးပွားကို တည့်တည့်မကြည့်တာအပေါ်မှာ အခြေခံပါတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံရမယ်ဆိုတာကို ဖိတ်ခေါ်ရမယ်ဆိုတာကို ကျနော်တို့ လက်ခံတယ်၊ သဘောတူတယ်။ ဒါပေမယ့်လည်း ကိုယ့်ရဲ့အကျိုးစီးပွားနဲ့ ကိုယ့်ပြည်သူတွေ ကိုယ့်အလုပ်သမားတွေရဲ့ အကျိုးစီးပွားကို မထိခိုက်စေနိုင်တဲ့ အခြေအနေတွေကို ဥပဒေတွေနဲ့အညီ ပြဋ္ဌာန်းပြီးတော့ institution တွေ၊ အဆောက်အအုံတွေ ခိုင်ခိုင်မာမာ လုပ်ပြီးမှသာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ လက်ခံဖို့လိုတယ်လို့ ပြောချင်ပါတယ်။

၂၀၁၂ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ဗွီအိုအေ တိုက်ရိုက်လေလှိုင်း အစီအစဉ်မှ ကောက်နှုတ်ဖော်ပြပါတယ်။


No comments:

Post a Comment