Friday, March 23, 2012

ပြည်တွင်းစစ် တိုင်းရင်းသားလူမျိုးများအရေးနှင့် ဒီမိုကရေစီ ပြဿနာများ - အောင်မြင့်ဦး (မဟာဝိဇ္ဇာ)

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့တွင် လုံးဝ လွတ်လပ်ရေးရရှိခဲ့သည်။ ရရှိခဲ့သော လွတ်လပ်ရေးနှင့်အတူ ပေါ်ထွက်လာခဲ့သော ပြဿနာများမှာ ပြည်တွင်းစစ်၊ တိုင်းရင်းသားလူမျိုးများအရေးနှင့် ဒီမိုကရေစီပြဿနာများပင် ဖြစ်ကြသည်။ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ရသော ပထမအကြောင်းရင်းသည် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးမှုက စတင်ခဲ့သည်။ 

ဗိုလ်ချုပ်အောင်ဆန်းသည် လက်ဝဲအင်အားစုများ ညီညွတ်ရေးနှင့် တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းကာကွယ်ပြီး မြန်မာနိုင်ငံတွင် တည်ရှိနေသော နယ်ချဲ့စနစ်ကို အပြီးတိုင် စာရင်းရှင်း မောင်းထုတ်၍ ပြီးပြည့်စုံသော အမျိုးသား စီးပွားရေးစနစ်ကို ချီတက်သွားနိုင်သည့် အလားအလာများကို နယ်ချဲ့သမားက သိရှိခဲ့သည်။ ထိုသို့ ချီတက်သွားနိုင်ပါက နယ်ချဲ့သမားသည် သန်းပေါင်း ၂၀ မျှရှိသော မြန်မာလူထု၏ ဈေးကွက်တွင်ရှိနေသည့် သူတို့၏ စီးပွားရေးအားလုံးကို လက်လွှတ်ဆုံးရှုံးသွားရမည် ဖြစ်သည်။ ထို့ကြောင့် အမျိုးသားညီညွတ်ရေးကြီး ပြိုကွဲသွားအောင် အမျိုးသားသစ္စာဖောက်များ နှင့် ပူးပေါင်းပြီး ဗိုလ်ချုပ်အောင်ဆန်းအား လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းပင် ဖြစ်သည်။

မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို စတင်ဖော်ဆောင်ခဲ့သော ပြဿနာမှာ ဖဆပလ အစိုးရနှင့် ဗမာပြည် ကွန်မြူနစ်ပါတီ တို့အကြား ဖြစ်ပွားခဲ့သော ပြင်းထန်သည့် နိုင်ငံရေးပဋိပက္ခကြောင့်ပင် ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်က ဖဆပလ အဖွဲ့ချုပ်ကြီးတွင် အဓိကအင်အားစုကြီးအဖြစ် ပါဝင်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဖြစ်ပွားခဲ့သော နိုင်ငံရေး ပဋိပက္ခများတွင် ဗိုလ်ချုပ်အောင်ဆန်းသည် တက်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့သည်။ မတတ်သာသည့်အဆုံး ၁၉၄၆ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ဖဆပလအဖွဲ့ချုပ်မှ ဗမာပြည်ကွန်မြူနစ်ပါတီအား ထုတ်ပယ်ခဲ့သည်။ ထိုသို့ ထုတ်ပယ်ခဲ့သော်လည်း ဖဆပလအဖွဲ့ချုပ်နှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့၏ လွတ်လပ်ရေး ပန်းတိုင်မှာ အတူတူပင်ဖြစ်သည်။ ဗမာပြည်ကွန်မြူနစ်ပါတီဝင်များနှင့် အခင်မင်မပျက် ဆက်ဆံခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘောင်ဒရီလမ်း (ယခု ဗိုလ်မြတ်ထွန်းလမ်း) အတိုင်း ကားနှင့်သွားစဉ် ခြေလျင် လျှောက်သွားနေသော သခင်မြသွင်ကို တွေ့သောအခါ ကားပေါ်တင်ခေါ်ပြီး သခင်မြသွင် သွားချင်သည့်နေရာသို့ ဦးစွာပို့ပေးခဲ့သည်။ အင်္ဂလန်နိုင်ငံတွင်ပြုလုပ်ခဲ့သော ကမ္ဘာ့ကွန်မြူနစ်ညီလာခံသို့ ဗမာပြည်ကွန်မြူနစ်ပါတီမှ သခင်ဗသိန်းတင်နှင့် ရဲဘော်အောင်ကြီးတို့အား စေလွှတ်ခဲ့သည်။ ၎င်းတို့က နိုင်ငံကူးလက်မှတ်ကို လျှောက်ထားခဲ့ရာ ပြည်ထဲရေးဌာနက ပယ်ချခဲ့သည်။ ယင်းသတင်းကို ဗိုလ်ချုပ်အောင်ဆန်းက ကြားသိသောအခါ နိုင်ငံကူးလက်မှတ်ကို ချက်ချင်းထုတ်ပေးစေခဲ့သည်။

မြန်မာ့လွတ်လပ်ရေးအတွက် အင်္ဂလန်သို့ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက် အရေးဆိုနေစဉ် လိုအပ်ပါက လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲရန် ပြည်သူ့ရဲဘော်တပ်ဖွဲ့က ပြင်ဆင်ခဲ့ရာတွင် ဗမာပြည် ကွန်မြူနစ်ပါတီကလည်း အဆင်သင့်ဖြစ်နေရန် ပြင်ဆင်ခဲ့သည်။ ဖဆပလ အဖွဲ့ချုပ်ကြီးက နိုင်ငံရေးတိုက်ပွဲများ ပြုလုပ်ဆင်နွှဲရာတွင်လည်း ဗမာပြည်ကွန်မြူနစ်ပါတီက ထောက်ခံခဲ့သည်။ အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုသောအခါ ဗမာပြည်ကွန်မြူနစ်ပါတီက “မိတ်ဆွေအောင်ဆန်း ဘယ်လဲ” ဟူသော စာအုပ်ကို ထုတ်ဝေ၍ နယ်ချဲ့သမား၏ အကြံအစည်နှင့် အန္တရာယ်ကို သတိပေးခဲ့သည်။

ဗမာပြည်ကွန်မြူနစ်ပါတီသည် အောင်ဆန်း-အက်တလီစာချုပ် တစ်ခုလုံးကို ဆန့်ကျင်ခဲ့သည်။ သို့သော် ယင်းစာချုပ်အရ ဖြစ်ပေါ်လာသော တိုင်းပြုပြည်ပြု လွှတ်တော်ရွေးကောက်ပွဲတွင် ဖဆပလ အဖွဲ့ချုပ်နှင့် ရွေးကောက်ပွဲ သဘောတူညီချက် ရရှိရန် ကြိုးပမ်းခဲ့သည်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ အကြံပေးချက်မှာ -

(၁) နေရာအများအပြားတွင် ဖဆပလ အဖွဲ့ချုပ်က အမတ်လောင်းများတင်ရန်
(၂) ကွန်မြူနစ်တို့ အင်အားကောင်းသောနေရာများတွင် ကွန်မြူနစ်အမတ်များသာတင်၍ ဖဆပလ အမတ်လောင်းများ နုတ်ထွက်ပေးရန်။
(၃) ရွေးကောက်ပွဲအတွင်း အပြန်အလှန် ကူညီရန်တို့ ဖြစ်သည်။

ယင်းအကြံပြုချက်ကို ဖဆပလအဖွဲ့ချုပ်က ပယ်ချခဲ့သော်လည်း “အဆုံးသတ် အာဏာသိမ်းပွဲအတွက် ဖဆပလ၊ ကွန်မြူနစ် ညီညွတ်ကြ” ဟူသော ဆောင်ပုဒ်ကို ပြည်သူလူထုအားတင်ပြပြီး မဲဆန္ဒအနည်းငယ်တွင် ရွေးကောက်ပွဲဝင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီ၏ လုပ်ရပ်များနှင့်ပတ်သက်၍ နိုင်ငံတော်အသံလွှင့်ဌာနမှနေ၍ ပြတ်ပြတ်သားသား ဝေဖန်ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗမာပြည်ကွန်မြူနစ်ပါတီတို့သည် ဒီမိုကရေစီ စည်းဝိုင်းအတွင်း ဖဆပလအဖွဲ့ချုပ် တပ်ပေါင်းစုအတွင်းရှိသော ပါတီအဖွဲ့အစည်းများအနေဖြင့် သီးခြားလွတ်လပ်ခွင့်ရှိသော မူအရ လွတ်လပ်စွာ ကွဲလွဲခွင့်၊ လွတ်လပ်စွာ အမြင်မတူခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့်၊ စည်းရုံးလှုပ်ရှားခွင့်များကို ဆောင်ရွက်ခဲ့ကြသဖြင့် နိုင်ငံရေးဘောင်အတွင်းမှ လွတ်ထွက်သွားခြင်း မရှိခဲ့ပေ။

ဗိုလ်ချုပ်အောင်ဆန်းသည် ဆေးစက်ကျရာအရုပ်ထင်သည့် အမျိုးသားခေါင်းဆောင်ကြီးတစ်ဦးဖြစ်သော်လည်း ပါတီအသစ် တစ်ခုကို မထောင်ရုံမျှမက ဗမာပြည်ကွန်မြူနစ်ပါတီကို စင်ပြိုင်ထောင်လိုသော သူနှင့်နီးစပ်သူများကိုပင် ပါတီမထောင်ရန် အပြင်းအထန် တားမြစ်ခဲ့သည်။ ဗိုလ်စိန်မှန်က ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ပါတီတစ်ရပ်အသွင်ပြောင်းလဲတည်ထောင်ရန် ဗိုလ်ချုပ်အောင်ဆန်းအား တင်ပြခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းက ခါးခါးသီးသီး ငြင်းပယ်ခဲ့သည်။

“ကွန်မြူနစ်ပါတီတစ်ရပ်ရှိပြီးဖြစ်လျှင် နောက်ထပ် ပါတီသစ် မထောင်ရဘူး။ မင်းတို့လိုသဘောမျိုး ငါ့မှာရှိခဲ့လျှင် အစောကြီးကတည်းက စင်ပြိုင်ပါတီထောင်ခဲ့မှာပေါ့။ မထောင်အပ်၊ မထောင်ကောင်းလို့ မထောင်ဘဲနေခဲ့တာဖြစ်တယ်။ မင်းတို့ မထောင်ရဘူး” ဟု ပြတ်ပြတ်သားသား တားမြစ်ခဲ့သည်။

“တားလို့မရ ဇွတ်ထောင်ချင်တယ်ဆိုလည်း ထောင်ကြပေါ့။ ငါ့ကတော့ ဘယ်တော့မှ မပါနိုင်ဘူး” ဟူ၍လည်း ယတိပြတ်ပြောခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် အခြေအနေ ကွဲကွာခဲ့သော်လည်း ပြန်လည်ညီညွတ်ရန် အစဉ်တစိုက် မျှော်မှန်းကြိုးပမ်းခဲ့သူပင်ဖြစ်သည်။ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နေ့လယ် ၁ နာရီတွင် ဖဆပလ အဖွဲ့ချုပ်၌ ကျင်းပခဲ့သော ဖဆပလ ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် ဗိုလ်ချုပ်အောင်ဆန်းက -

“ပြန်ပေါင်းဖို့က ပြန်ပေါင်းအောင်လုပ်ရင် ကောင်းတယ်။ ကျုပ် ပြောလိုက်မယ်။ ပေါင်းချင်လည်း အခြားအဖွဲ့တွေကိုတော့ ကျုပ် မပေါင်းချင်ဘူး။ အဲဒီ သိန်းသန်း ကွန်မြူနစ်တော့ ပေါင်းနိုင်တယ်။ သို့သော် သူတို့က ပေါင်းချင်အောင်လုပ်ပြမှ ဖြစ်မယ်။ ပါးစပ်ကပြော နောက်ကျော ဓားနဲ့ထိုးတာ မခံနိုင်ဘူး” ဟု ပြောကြားခဲ့သည့်။ ၁၉၄၇ ခုနှစ်၊ မေလ ၁၉ ရက်နေ့တွင် ဂျူဗလီဟော၌ ကျင်းပခဲ့သည့် ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံတွင်

“လက်ဝဲသမားတွေနဲ့ ညီညွတ်မှုဟာ အခြေခံပင်မ အချက်ကြီးဖြစ်တယ်ဆိုတာ တုမှေ- သင်ပရိသတ်အပေါင်းတို့သည် ဂဏုာထ- မမေ့မလျော့ မပေါ့သတိနှင့် မှတ်သားသွားကြကုန်လော့ဟူ၍ တိုက်တွန်းလိုက်ရပေသတည်း” ဟု ပြောကြားခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့တွင် ကျင်းပခဲ့သော မြို့တော်ခန်းမ ပြည်သူ့အစည်းအဝေးကြီးတွင်-

“တိတိလင်းလင်း သတိပေးခဲ့မယ်။ ဗမာပြည်တွင် လူမျိုးအချင်းချင်း မကွဲဖို့၊ လူငယ်များဖြစ်သော လက်ဝဲသမားအချင်းချင်း မကွဲဖို့ သတိပေးလိုတယ်” ဟူ၍ လက်ဝဲညီညွတ်ရေးနှင့်ပတ်သက်ပြီး ပြောကြားခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် နယ်ချဲ့သမားနှင့် ဖဆပလတွင် ရှိနေသော ဖောက်ပြန်ရေးသမားများ၏ ခြေလှမ်းကို တနေ့တခြား ရိပ်စားသိရှိလာသောအခါ ညီညွတ်ရေးလက်နက်ကြီး ၃ ရပ်ဖြင့် တားဆီးခုခံရန် အပြင်းအထန် စီမံခဲ့သည်။ ပေါင်းချင်းပေါင်းလျှင် ကွန်မြူနစ်ပါတီနှင့်သာ ပေါင်းမည်ဟူသော မိန့်ခွန်းကို အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဖဆပလနှင့် ကွန်မြူနစ်ညီညွတ်ရေးကို တည်ဆောက်ရန်အတွက် သခင်သန်းထွန်းနှင့် တွေ့ဆုံရန် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက် နေ့လယ် ၂ နာရီတွင် ချိန်းဆိုထားခဲ့ပြီးဖြစ်သည်။ ထိုသို့ ချိန်းဆိုထားခဲ့မှုကို ၁၉၅၂ ခုနှစ်အတွင်း မုံရွာခရိုင် ပုလဲမြို့နယ် ခင်သာကျေးရွာ၏ အနောက်ဘက် တစ်မိုင်ခန့်အကွာ တောတွင်း၌ပြုလုပ်ခဲ့သော ဗမာပြည်ကွန်မြူနစ်ပါတီ၊ အလံနီကွန်မြူနစ်ပါတီနှင့် ပြည်သူ့ရဲဘော်ပါတီ တို့၏ သုံးပါတီညီလာခံ ကျင်းပခဲ့သော အာဇာနည်နေ့ အခမ်းအနားတွင် သခင်သန်းထွန်းက မိန့်ကြားခဲ့သည်။

ယင်းအခမ်းအနားတွင် သခင်သန်းထွန်းက-

“အကယ်၍သာ ထိုနေ့က ဗိုလ်ချုပ်တို့ လုပ်ကြံမခံရပါက မြန်မာပြည်နိုင်ငံရေးသမိုင်းမှ တမျိုးတဖုံ ပြောင်းလဲသွားနိုင်ကြောင်း” ထည့်သွင်းပြောကြားသွားခဲ့သည်။

ထို့ပြင် ထိုသို့တွေ့ဆုံခဲ့မှုကို ၁၉၅၇ ခုနှစ်အတွင်း ဖဆပလအစိုးရက ပြုလုပ်ခဲ့သော ပြည်ထောင်စုထိုးစစ်ကို တိမ်းရှောင်နေစဉ်ကာလအတွင်း မင်းကင်းမြို့နယ် တောင်တွင်းချောင်အတွင်း စွန်ချောင်ကျေးရွာအနီး စွန်ချောင်ချောင်းဘေး၌ သခင်သန်းထွန်းက ပြည်သူ့ရဲဘော်ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ညွန့်မောင်အား-

“ဗိုလ်ချုပ်အောင်ဆန်းက နယ်ချဲ့သမားသည် တဖြည်းဖြည်း အတင့်ရဲလာပြီဖြစ်သဖြင့် လက်ဝဲညီညွတ်ရေးလိုအပ်သည့်အတွက် သခင်သန်းထွန်းနှင့် တွေ့ဆုံရန်လိုကြောင်းကို ဗိုလ်ချုပ်အောင်ဆန်းက ချိန်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ထိုနေ့နံနက်ပိုင်းတွင် ဗမာပြည်ကွန်မြူနစ်ပါတီ ပေါလစ်ဗျူရိုအစည်းအဝေးကျင်းပပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ဆုံဆွေးနွေးရေးအတွက် ညှိနှိုင်း တိုင်ပင်နေစဉ် ဗိုလ်ချုပ်အောင်ဆန်းနှင့်ဝန်ကြီးများ လုပ်ကြံခံရသောသတင်းကို ကြားသိခဲ့ရကြောင်း” ပြောကြားခဲ့သည်။

အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ညီညွတ်ရေးရရှိရန် အစွမ်းကုန်ကြိုးပမ်းခဲ့ကြောင်း တွေ့ရှိရပေသည်။ အကယ်၍ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရပါက ဗမာပြည်ကွန်မြူနစ်ပါတီနှင့် လက်ဝဲညီညွတ်ရေးရရှိရန် ကြိုးပမ်းမည်ဖြစ်သည်။ ညီညွတ်ရေးရရှိပါက ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးနောက် ဖဆပလ – ကွန်မြူနစ် ညီညွှတ်ရေးကို မတည်ဆောက်နိုင်ခဲ့ကြောင်း သမိုင်းက သက်သေခံပြီး ဖြစ်သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရမှုသည် မြန်မာနိုင်ငံအား ပြည်တွင်းစစ်နှုတ်ခမ်းဝသို့ တွန်းပို့လိုက်သောအချက်ပင် ဖြစ်သည်။

ပြည်တွင်းစစ် ဖြစ်ပွားလာအောင် တွန်းပို့ပေးသော ဒုတိယအချက်မှာ နု-အက်တလီစာချုပ်ပင် ဖြစ်သည်။ ယင်းစာချုပ်ကို ဗမာပြည်ကွန်မြူနစ်ပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။ ဤစာချုပ်တွင် အင်္ဂလိပ်ပိုင်လုပ်ငန်းကြီးများကို ပြည်သူပိုင်လုပ်လျှင် လျော်ကြေးပေးပါမည်ဟု သဘောတူထားရခြင်း၊ အင်္ဂလိပ်စစ်မစ်ရှင်ကို ဆက်လက်ထားရှိခြင်း၊ အင်္ဂလိပ်စစ်သင်္ဘော စစ်လေယာဉ်ပျံများကို မြန်မာနိုင်ငံတွင် ဆိုက်ကပ်ခွင့် ပြုထားခြင်း၊ စစ်လျော်ကြေးပေးရခြင်းစသည့် အချက်များကြောင့် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်နေသော စာချုပ်ဖြစ်သည်ဟု ဗမာပြည်ကွန်မြူနစ်ပါတီက ထောက်ပြကန့်ကွက်ခဲ့သည်။ ယင်းစာချုပ်သည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနှင့် နယ်ချဲ့ အမှီအခိုကင်းသော အမျိုးသားစီးပွားရေးတည်ဆောက်မှုအတွက် တိုင်းပြည်သစ် တည်ထောင်နိုင်မည်၊ မတည်ထောင်နိုင်တို့ကို သဘောထားကွဲလွဲခဲ့ကြသည်။ ယင်းအချက်ကို ပြည်သူတို့ထံ တင်ပြစည်းရုံးရင်း နိုင်ငံရေးအကျပ်အတည်း၊ ဒီမိုကရေစီအကျပ်အတည်းများ ဆိုက်ရောက်ခဲ့ရပြီး ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွားလာရခြင်းပင် ဖြစ်သည်။

တတိယအကြောင်းရင်းမှာ နယ်ချဲ့တို့၏ ဆက်လက်စွက်ဖက်မှုကြောင့်ပင်ဖြစ်သည်။ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခါနီး တွင် ဗြိတိသျှ နန်းရင်းဝန်ဖြစ်ခဲ့သူ မစ္စတာချာချီက “လွတ်လပ်ရေးပေးပြီးရင် သွေးချောင်းစီးသွားမှာပေါ့” ဟု ပြောခဲ့သည်။ သူတို့၏ အကျိုးစီးပွားကို ဆက်လက်ကိုင်တွယ်ရန်အတွက် မြန်မာနိုင်ငံတွင် သွေးခွဲပြီး ပြည်တွင်းစစ်ကြီးဖြစ်အောင် ဖန်တီးလှုံ့ဆော်မည့် စီမံကိန်းများရှိနေကြောင်း သိသာထင်ရှားနေပေသည်။

ပြည်တွင်းစစ်ဖြစ်ပွားလာစေသော အခြားအကြောင်းရင်းတစ်ရပ်မှာ ဒီမိုကရေစီတံခါးများ တစ်ချပ်ပြီးတစ်ချပ် ပိတ်သွားမှုတို့ကြောင့်ပင် ဖြစ်သည်။ ဖြစ်ပွားနေသော နိုင်ငံရေးပဋိပက္ခများကို ဒီမိုကရေစီကျကျ မဖြေရှင်းကြဘဲ အာဏာရ ဖဆပလ အစိုးရက ဥပဒေနှင့် အာဏာကို တရားသေကိုင်စွဲထားမှု၊ ပုဒ်ထီး ပုဒ်မအမျိုးမျိုးကို လှိုင်လှိုင်ကြီး သုံးစွဲနေမှု၊ ဖိနှိပ်မှုပုံစံအမျိုးမျိုးကို သုံးစွဲနေမှုတို့ကြောင့်လည်းကောင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီက ပြင်းထန်သော ဂိုဏ်းဂဏဝါဒတို့ဖြင့် တုံ့ပြန်မှုတို့ကြောင့်လည်းကောင်း ဒီမိုကရေစီတံခါးများသည် တစ်ချပ်ပြီးတစ်ချပ် ပိတ်သွားခဲ့ရသည်။

ပြည်တွင်းစစ်ကို ပိုမိုနက်ရှိုင်းသွားစေသော် အကြောင်းတစ်ရပ်မှာ တိုင်းပြည်၏ လွတ်လပ်ရေးနှင့်အတူ အရေးအကြီးဆုံး ဖြေရှင်းရမည့် ပြဿနာတစ်ရပ်ဖြစ်သော လူမျိုးစုရေးရာ ပြဿနာပင်ဖြစ်သည်။ ပဒေသရာဇ် ဧကရာဇ်တို့လက်ထက်က လူမျိုးစုများအပေါ် မတရားပြုမူမှုများ ရှိခဲ့ဖူးခြင်း၊ မြန်မာနိုင်ငံတွင် အရင်းရှင်စနစ် စတင်ဖြစ်ပေါ်စအချိန်တွင် လူမျိုးကြီးဝါဒဖြင့် လူမျိုးငယ်များအား ဖိနှိပ်ခြင်း၊ နယ်ချဲ့ အင်္ဂလိပ်တို့၏ တောင်တန်းမြေပြန့်ခွဲခြားပြီး အုပ်ချုပ်သည့် သွေးခွဲအုပ်ချုပ်ရေးစနစ်က လူမျိုးစုများအပေါ် လွှမ်းမိုးမှုရှိနေခြင်း၊ ခေတ်နောက်ကျနေသော လူမျိုးစုများအပေါ် အတန်းအစားအရ ဖိနှိပ်ခဲ့ခြင်းစသည့် အချက်များကြောင့် လူမျိုးစုများသည် လူမျိုးကြီးဖြစ်သော ဗမာတို့အပေါ် မယုံသင်္ကာမှုများ ကြီးထွားခဲ့ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ လူမျိုးစုများအပေါ် တန်းတူညီမျှမှု အခွင့်အရေးပေးမည် ဆိုသောကတိကို ယုံကြည်လျက် ပြည်ထောင်စုအတွင်း တစည်းတလုံးထဲ ပါဝင်လာခဲ့ကြသော်လည်း ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီးနောက် ဗိုလ်ချုပ်အောင်ဆန်းအား ဆက်ခံခဲ့ကြသော နိုင်ငံ့ခေါင်းဆောင်များသည် ထိုကတိများအတိုင်း ဖြစ်မြောက်အောင် မဖြည့်စွမ်းနိုင်မှုကြောင့် လူမျိုးစုများသည် ဗမာလူမျိုးများအပေါ် ယုံကြည်ကိုးစားမှု လျော့ပါးလာခဲ့ကြသည်။

ဤပြည်တွင်းစစ်တွင် လူမျိုးစုအများအပြား ပါဝင်လာခဲ့ကြသည်ဖြစ်၍ ပြည်တွင်းစစ်လက္ခဏာမှာ လူတန်းစား တိုက်ပွဲပြဿနာ သက်သက်မဟုတ်တော့ဘဲ လူမျိုးအချင်းချင်း တန်းတူရေးပြဿနာ (ဝါ) အမျိုးသားရေးပြဿနာလည်း ပါဝင်ခဲ့သည်ကို သိမြင်ရန်လိုပေသည်။ မြန်မာနိုင်ငံရှိ လူမျိုးစုများသည် သူတို့၏ ဘဝလွတ်မြောက်ရေးနှင့် တန်းတူခွင့်ရရှိရေးအတွက် ရှေးနှစ် ပေါင်းများစွာကပင် တိုက်ပွဲဝင်ခဲ့ရာ ဒုတိယကမ္ဘာစစ်ကြီးအတွင်း တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်ခဲ့ကြသည်။ တစ်မျိုးသားလုံးလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲနေစဉ်ကာလအတွင်း လူမျိုးစုများသည် သူတို့၏ လွတ်လပ်ခွင့်နှင့် တန်းတူခွင့်ပြဿနာများကို လွတ်လပ်ရေး တိုက်ပွဲ၏ လက်အောက်ခံကိစ္စအဖြစ်သာ သဘောထားရှိခဲ့ကြသည်။

တမျိုးသားလုံး လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်နေကြစဉ် လူမျိုးစုအချို့က ပြည်နယ် မတောင်းဆိုကြဘဲ လူမျိုးစုအချို့က ပြည်နယ် တောင်းဆိုခဲ့ကြသည်။ ထိုသို့တောင်းဆိုခဲ့သောအခါ ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ဖဆပလ အဖွဲ့ချုပ်က ပြည်နယ်ပေးရန် သဘောတူခဲ့သည်။ ပြည်နယ်ပေးရန် တောင်းဆိုခြင်းမရှိသော လူမျိုးစုများအတွက်ကိုမူ လေးနက်စွာ စဉ်းစားခဲ့ခြင်း မရှိကြပေ။ လွတ်လပ်ရေး ရရှိပြီးနောက် လူမျိုးစုများ၏ တန်းတူခွင့်ရရှိရေးမှာ ရှေ့တန်းသို့ ရောက်ရှိလာခဲ့ကြသည်။ ထို့ကြောင့် လူမျိုးစုများသည် ပြည်တွင်းစစ်အတွင်း ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲကို မဆင်နွှဲဘဲ ဥပဒေတွင်း ကျန်ရှိခဲ့ကြသော လူမျိုးစုများမှာလည်း တန်းတူခွင့်ရရှိရေးတိုက်ပွဲကို ရှောင်လွှဲမရဘဲ ဆင်နွှဲခဲ့ကြလေသည်။ ဒီမိုကရေစီတည်ဆောက်မှုသည် လူမျိုးစုတိုင်း၏ အခြေခံပြဿနာပင် ဖြစ်သည်။ ဒီမိုကရေစီအခွင့်အရေးများရှိနေ၍ တန်းတူမှုရှိနေလျှင် လူမျိုးပြဿနာ ပေါ်ပေါက်ရန် မလွယ်ကူပေ။ တနည်းအားဖြင့် ဒီမိုကရေစီ ပြည့်ဝစွာရှိမှ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝနိုင်သကဲ့သို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ပြည့်ဝစွာရှိမှ ဒီမိုကရေစီပြည့်ဝနိုင်မည်ဟု ဆိုရပေမည်။

ဖဆပလ လက်ထက်တွင် ပြည်သူလူထုသည်လည်းကောင်း၊ လူမျိုးစုများသည်လည်းကောင်း မကျေနပ်မှုများ တနေ့တခြား ကြီးထွားလာခဲ့ကြသည်။ ပြည်နယ်မရရှိသေးသော လူမျိုးစုများကလည်း ပြည်နယ်ရရှိရေးအတွက် တောင်းဆိုလာကြသလို ပြည်နယ်ရရှိပြီးသား လူမျိုးစုများကလည်း အခွင့်အရေးများ တိုးတောင်းလာခဲ့ကြသည်။ ရှမ်းပြည်နယ်တွင် ဖြစ်ပွားခဲ့သော ပဒေသရာဇ်စော်ဘွားများက တဖက်၊ ပဒေသရာဇ် ဆန့်ကျင်ရေးအင်အားစုများက တဖက် ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် မှန်ကန်ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပေ။ ရှမ်းပြည်နယ်နိုင်ငံရေး အရှုပ်အထွေးများကြားတွင် နစ်မျောနေခဲ့ပြီး ရှမ်းပဒေသရာဇ်စော်ဘွားများကလည်း ခွဲထွက်ရေးမူကို ကိုင်စွဲမည်အထိ ခြိမ်းခြောက်လာခဲ့သည်။ ရခိုင်၊ မွန်နှင့် ချင်းပြည်နယ် တောင်းဆိုခြင်းကိစ္စများကလည်း ပေါ်ပေါက်လာခဲ့ရသည်။ ထို့ပြင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းသည့်ကိစ္စနှင့်ပတ်သက်၍ ချင်း၊ ကချင် အစရှိသော လူနည်းစုတိုင်းရင်းသားများက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ ဗိုလ်ချုပ်ကြီနေဝင်း ခေါင်းဆောင်သော အိမ်စောင့်အစိုးရလက်ထက်တွင် ရှမ်းစော်ဘွားများကို အာဏာစွန့်စေခဲ့သည်။ ထိုကဲ့သို့ ရှမ်းပဒေသရာဇ်များ၏ အခွင့်အာဏာကို ရုပ်သိမ်းလိုက်လျှင် ရှမ်းပြည်နယ်ရှိ လူထုက ဝမ်းမြောက်ဝမ်းသာ ဖြစ်သင့်ပေသည်။ သို့သော် ထိုသို့ဖြစ်မလာခဲ့ကြပေ။ အကြောင်းမှာ “နောက်လာတဲ့မောင်ပုလဲ ဒိုင်းဝန်ထက် ကဲ” ဟူသော စကားကဲ့သို့ ရှမ်းစော်ဘွားများထက် ဗမာအုပ်ချုပ်ရေးအာဏာပိုင်များက ပို၍ အကြမ်းဖက် ဖိနှိပ်လာခဲ့သောကြောင့်ပင် ဖြစ်သည်။

အမှန်စင်စစ် တန်းတူခွင့်ဆိုသည်မှာ နိုင်ငံရေးကို အဓိကထား၍ စီးပွားရေး၊ လူမှုရေးစသော ပြဿနာများအားလုံး၏ တန်းတူခွင့်ကို ဆိုလိုသည်။ ပြည်ထောင်စုကြီးတည်တံ့အောင် အားလုံးက စုပေါင်းထိန်းသိမ်းကြရသည်။ ဤသည်မှာ တန်းတူ တာဝန်ယူခြင်းပင်ဖြစ်သည်။ တန်းတူတာဝန်ယူခွင့်ရှိမှ တန်းတူအခွင့်အရေးဖြစ်ပေသည်။ ဤသည်ပင်လျှင် ပြည်ထောင်စုမူပင် ဖြစ်သည်။ ဤနေရာတွင် ဗိုလ်ချုပ်အောင်ဆန်း၏ လူမျိုးစုများအပေါ်သဘောထားကို တင်ပြလိုပါသည်။

ဗိုလ်ချုပ်အောင်ဆန်း က - “ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဆိုတာဟာ သူ့ဆန္ဒအရ သူ့ဘဝကို လူတမျိုးဟာ စီမံဖန်တီးနိုင်တယ်လို့ ဆိုလိုတယ်။ သူ့ဘဝကို သီးခြားကင်းလွတ်တဲ့ အခြေခံပေါ်မှာ စီမံဖို့ အခွင့်အရေးရှိတယ်။ အခြားလူမျိုးများနဲ့ ပူးပေါင်းနိုင်ခွင့် ရှိတယ်”

“ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို လူမျိုးတိုင်း ရထိုက်တယ်။ ဒါပေမယ့် အမြဲတမ်းမဟုတ်ဘူး။ ကောင်းကျိုးလုပ်ဖို့သာ ဖြစ်တယ်။ ဆိုးကျိုးလုပ်ဖို့ မဟုတ်ဘူး။ ကျွန်တော့အမြင်ရဆိုလျှင် လူမျိုးရေးအရ ရသင့်ရထိုက်တဲ့ အခွင့်အရေးမျိုးတွေကို စည်းကမ်းသတ် မှတ်ပြီးတော့ လူမျိုးကြီးတမျိုးထဲဆိုတဲ့ နိုင်ငံမျိုးတော့ တည်ထောင်လို့ မဖြစ်ဘူး။ ပြည်ထောင်စုသဘောဖြစ်ရမှာ” ဟူ၍ ပြောကြားသွားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အမျိုးသားရေးပြဿနာကို အခြေအမြစ်ကစပြီး လေးနက်စွာသဘောပေါက်ခဲ့သည့်အပြင် လက်တွေ့တွင်လည်း ကျွမ်းကျင်စွာ ဆောင်ရွက် ဖြေရှင်းနိုင်ခဲ့သည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် လူမျိုးစု ၁၆ စု၊ အစုငယ် ၁၃၀ ရှိခဲ့ပြီး လူမျိုးစု ပေါကြွယ်ဝသော နိုင်ငံတနိုင်ငံပင်ဖြစ်သည်။ ထို့ကြောင့် အခြေခံအားဖြင့် လွတ်လပ်ရေးတိုက်ပွဲတွင် လူမျိုးစုများ ညီညွတ်ရေးမရဘဲ ပြည့်ဝခိုင်မာသော လွတ်လပ်ရေးကိုမရနိုင်ဟု ဗိုလ်ချုပ်အောင်ဆန်းက နားလည်ခဲ့သည်။ ထိုကဲ့သို့ လူမျိုးစုကြွယ်ဝသည့်နိုင်ငံဖြစ်သည့်အတွက် တိုင်းပြည်လွတ်လပ်လာပါက လူမျိုးကြီးတစ်မျိုး တည်းက ထူထောင်အုပ်ချုပ်သော သာမန်သမ္မတနိုင်ငံမျိုးနှင့် မဖြစ်နိုင်ဘဲ လူမျိုးစုများအား တန်းတူအခွင့်အရေးပေးခြင်း၊ သီးခြားအခြေအနေများအရ အချို့လူမျိုးစုများအား သီးခြားအခွင့်အရေးပေးခြင်းနှင့်အတူ ပြည်ထောင်စုသမ္မတနိုင်ငံမျိုး တည်ထောင်ရမည်ကို ထိုးထွင်းသိမြင်ပြီး လက်တွေ့ အကောင်အထည်ဖော်ခဲ့သည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်ထောင်စုအတွင်း လူမျိုးစုအမျိုးမျိုးတို့ စီးပွားရေးအဆင့်ဆင့် မညီမညာကွဲပြားပြီး အချို့ အလွန်ခေတ်နောက်ကျနေသည်ကို သိရှိခဲ့သည်။ ထို့ကြောင့် လူမှုရေးပုံစံ၊ စနစ်၊ ယဉ်ကျေးမှု၊ ပညာရေးနှင့် နေထိုင်ပုံအဆင့် အတန်းများ ကွဲပြားနေပြီး ထိုကဲ့သို့ မညီမမျှကွဲပြားရခြင်းပင်လျှင် လူမျိုးအချင်းချင်း ကွဲပြားရခြင်း၊ မုန်းတီးရခြင်းတို့၏ အဓိက အကြောင်းရင်းဆိုသည့်အချက်ကိုလည်း သိရှိခဲ့သည်။ ထိုကဲ့သို့ လူမျိုးစုများ စီးပွားရေး၊ ယဉ်ကျေးမှုများ မညီမညာခေတ် နောက်ကျခြင်းကို ဗမာအမျိုးသားအနေဖြင့် တန်းတူဖြစ်အောင် ပူးပေါင်းမြှင့်တင်ပေးရန် ဗမာအမျိုးသားတို့ဘက်မှ တာဝန်ရှိ သည်။ ထိုသို့ တာဝန်ရှိသည့်အတွက် စေတနာထား ဆောင်ရွက်ပေးလိုစိတ် ဗိုလ်ချုပ်အောင်ဆန်းတွင် အပြည့်အဝရှိခဲ့သည်။ ထင်ရှားသော အချက်မှာ ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်းက-

“မြန်မာများသည် ဗြိတိသျှ၏ ကျွန် မဖြစ်လိုကြောင်း၊ ထိုနည်းတူစွာ တောင်တန်းလူမျိုးများလည်း ဗြိတိသျှကျွန်များအဖြစ် မရောက်စေလိုကြောင်း၊ ထို့ပြင် တောင်တန်းလူမျိုးများသည် မြန်မာ့ကျွန်အဖြစ်လည်း မဖြစ်စေလိုကြောင်း” ပြောကြားခဲ့သည်။ ပိုမိုပြည့်စုံစွာပြောရမည်ဆိုပါက အထက်ဖော်ပြပါ ဗိုလ်ချုပ်အောင်ဆန်း၏ သဘောထားမှာ ပင်လုံစာချုပ်တွင် ထင်ရှားပေါ်လွင် ခဲ့သည်။ ပင်လုံစာချုပ်ဖြင့်လူမျိုးစုများနှင့် မြန်မာများပူးတွဲတိုက်ပွဲဝင်နိုင်မှသာလျှင် လွတ်လပ်ရေးရရှိမည်ဟု ကြေညာခဲ့သည်။ ထိုပင်လုံစာချုပ်၏ သဘောထားကို နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ထည့်သွင်းပေးခဲ့သည်။ ထို့ကြောင့် ပင်လုံ စာချုပ်သည် လူမျိုးစုရေးရာနှင့်ပတ်သက်၍ ခေတ်မီစွာ၊ ဒီမိုကရေစီကျစွာ ဖြေရှင်းနိုင်သောစာချုပ်အဖြစ် အသွင်ဆောင်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သူ့၏ မိန့်ခွန်းတစ်ချို့တွင် နောက် ၁၀ နှစ်အတွင်း ၅ နှစ်စီမံကိန်း ၂ ကြိမ်မျှဖြင့် ပြည်နယ်လူမျိုးစုများ ကို အဆင့်အတန်း ခုန်ကျော်တိုးတက်လာအောင် ကူညီထောက်ပံ့ရန် စီမံပြုလုပ်မည်ဟု ပြောခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း သဘောထားမှာ ၅ နှစ်စီမံကိန်းကို ၂ ကြိမ်မျှ ပြုလုပ်မည်ဆိုပါက ကြာမြင့်ချိန်သည် ၁၀ နှစ်ဖြစ်သည်။ ၁၀ နှစ်ပြည့်လျှင် ပြည် နယ်လူမျိုးစုများ၏ အဆင့်အတန်းသည် ခုန်ကျော်တိုးတက်လာရစေမည်ဟူသော ရည်မှန်းချက်ပင်ဖြစ်သည်။ ဤနေရာတွင် အထူးသတိပြုရမည်မှာ ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းချက်အတိုင်း ပြည်နယ်လူမျိုးစုတို့၏ ဘဝသည် ၁၀ နှစ်ပြည့်အချိန်တွင် တိုးတက်လာပါက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် ၁၀ နှစ်ပြည့်လျှင် ခွဲထွက်ခွင့်ရှိသည်ဟူသောကိစ္စ သည် ပေါ်ပေါက်လာရန်မှာ လွန်စွာခဲယဉ်းလှပေမည်။ ယင်းခွဲထွက်ခွင့်ကိစ္စသည် ဖဆပလအစိုးရ၏ လူမျိုးစုများအပေါ် ကိုင် တွယ်ပုံ အားနည်းချက်ကြောင့်သာ ပေါ်ပေါက်လာခဲ့ရခြင်းဖြစ်သည်။

လူမျိုးစုများ ညီညွတ်ရေးနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဆောင်ရွက်မှုကို မြန်မာနိုင်ငံအတွင်းသို့ ဂျပန်များ ဝင်ရောက် လာခဲ့သည့်အချိန်တွင် စတင်ပြီး ထင်ထင်ရှားရှား တွေ့မြင်ခဲ့ရသည်။ ဖက်ဆစ်တော်လှန်ရေးတွင် တစ်မျိုးသားလုံးအကျိုး အတွက် မြန်မာနိုင်ငံတွင် အများဆုံးနေထိုင်သည့် တိုင်းရင်းသားလူမျိုးဖြစ်သည့် ကရင်အမျိုးသားများ မပါဝင်ပါက များစွာ ခက်ခဲမည်။ ဗမာရော၊ ကရင်အမျိုးသားများပါ များစွာနစ်နာမည်ကို ဗိုလ်ချုပ်အောင်ဆန်းက ကောင်းစွာကြိုတင်သိမြင်ခဲ့သည်။ ထို့ပြင် နောက်ပိုင်း ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲအတွက် ကရင်အမျိုးသားများ မပါလျှင် မဖြစ်နိုင်၊ အောင်ပွဲမရနိုင်ကြောင်းကိုလည်း သိမြင်ခဲ့သည်။ ထို့ကြောင့် ကရင် – ဗမာ ညီညွတ်ရေးသည် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် လွတ်လပ်ရေးအတွက် အဓိကပြဿနာတစ်ရပ်ဖြစ်နေခဲ့သည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် ကရင် – ဗမာ ညီညွတ်ရေးကို တတ်နိုင်သမျှ ကြိုးစားအကောင်အထည်ဖော်ခဲ့သည်။

ဂျပန်ခေတ်တွင် တပ်မတော်တွင်းသို့ ကရင်အမျိုးသားနိုင်ငံရေးခေါင်းဆောင်များ နောက်ပိုင်းတွင် ယခင် ဗြိတိသျှလက်ထက်က စစ်မှုထမ်းခဲ့သော ကရင်အမျိုးသား အရာရှိများကိုလည်း စည်းရုံးသိမ်းသွင်းခဲ့သည်။ ထို့နောက် ပထမဆုံး လူမျိုးစု စစ်တပ် အနေဖြင့် ကရင်အမျိုးသားတပ်ရင်းတစ်ရင်းကို သူ့အရာရှိတပ်မှူးများနှင့် ကွပ်ကဲအုပ်ချုပ်စေခဲ့ပြီး ဖွဲ့စည်းပေးခဲ့သည်။ မြစ်ဝ ကျွန်းပေါ်ရှိ ကရင်အမျိုးသားများထံသို့လည်း သွားရောက်ဟောပြောစည်းရုံးခဲ့သည်။ ရှမ်းအမျိုးသား၊ ချင်းအမျိုးသားအချို့ကို လည်း အလားတူ တပ်မတော်တွင်းသို့ ထည့်သွင်းစည်းရုံးခဲ့သည်။ ဖက်ဆစ်တော်လှန်းရေး ဆင်နွှဲခါနီးဆဲဆဲတွင် ရှမ်းအမျိုးသား တော်တော်များများအား စုဆောင်းပြီး ပျဉ်းမနားတွင် သီးသန့် စစ်သင်တန်းပေးခဲ့သည်။ အချိန်နီးကပ်နေလွန်း သောကြောင့် သီးသန့်တပ်ရင်း မဖွဲ့ဖြစ်ခဲ့ပေ။

လူမျိုးစုများနှင့် ညီညွတ်ရေးကို မတည်ဆောက်နိုင်ပါက အမျိုးသားညီညွတ်ရေးမှာ မည်သို့မျှ အဓိပ္ပါယ်ရှိမည်မဟုတ်ပေ။ မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ ရောပြွမ်းနေထိုင်သော နိုင်ငံဖြစ်၍ လူမျိုးပေါင်းစုံသွေးစည်းညီညွတ်ရေး တည်ဆောက်နိုင်မှသာ လျှင် တစ်မျိုးသားလုံးသွေးစည်းညီညွတ်ရေးကို တည်ဆောက်နိုင်မည်ဖြစ်သည်။ ပြည်ထောင်စုကြီး ခိုင်ခံ့မည်ဖြစ်သည်။ လူမျိုးစုများသည် မြန်မာပြည်မကြီးကို ဝိုင်းရံနေကြသည်မှာ ထူးခြားချက်တစ်ရပ်ပင်ဖြစ်သည်။ လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်း သော လူမျိုးရေးဝါဒတို့ကို တိုက်ဖျက်အောင်မြင်မှသာလျှင် ပြည်ထောင်စုကြီး တိုးတက်ဖွံ့ဖြိုးလာမည်ဖြစ်သည်။

လွတ်လပ်သော မြန်မာနိုင်ငံတွင် လူမျိုးပေါင်းစုံ လက်ခံနိုင်မည် ဝါဒတစ်ရပ်ကို ထူထောင်သွားရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း တွင် လွတ်လပ်ရေး မရခင်ကတည်းက ရည်မှန်းချက်ရှိနေသည်။ ဗိုလ်ချုပ်အောင်ဆန်းက-

“ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင်လုပ်ရမယ်၊ ဒီဝါဒမျိုးအရသာ ဗမာနိုင်ငံထူထောင်နိုင်အောင် ကြိုးစားရမယ်၊ ဒါမျိုးမလုပ်နိုင်ရင် ကျွန်တော်တို့ ဗမာပြည်သူတွေဟာ နစ်နာမယ်” ဟူ၍ ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဒီမိုကရေစီသည် အထက်တန်းလွှာများအတွက် အတော်အတန် အကျိုးရှိစေမည့် ဒီမိုကရေစီမျိုး မဟုတ်ပေ။ လူများစုကြီးကိုသာ ဦးတည်အကျိုးရှိစေမည့် ဒီမိုကရေစီမျိုးကိုသာ ရည်ရွယ်ခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း၏ ဒီမိုကရေစီကြွေးကြော်သံမှာ-

” လူအများဆုံးအတွက် အကောင်းဆုံးအကျိုးရှိစေမည့် လူများစုက ကြိုးကိုင်နိုင်တဲ့ ဒီမိုကရေစီ ” ဟူ၍ အကြိမ်ကြိမ်ကြွေးကြော် ခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ၏ နယ်ချဲ့ ဗျူရိုကရေစီစနစ်နှင့် ပဒေသရာဇ်အကြွေးအကျန်စနစ်များ၏ လွှမ်းမိုးမှု အောက်တွင် နှစ်ပေါင်းများစွာ ဖိနှိပ်ခံလာရသော သဘာဝတ္တဥပဒေသများကို ခွဲခြမ်းလေ့လာပြီး အနာဂတ်မြန်မာနိုင်ငံကို တည်ထောင်သော နေရာတွင် အမျိုးသားတိုးတက်ရေးကို ချုပ်ချယ်တားဆီးသော ဖိနှိပ်သွေးစုပ်သော စနစ်ဆိုးများ၊ နှောင်ကြိုး များကို ဖျက်ဆီး ဖြတ်တောက်ပြီး လူအများကို အကျိုးပြုမည့် လူ့ယဉ်ကျေးမှုနှင့်လျော်ညီသော ဒီမိုကရေစီနှင့် အစားမထိုးပါက မဖြစ်ဘူးဟူ၍ သိမြင်ယုံကြည်ခဲ့သည်။ ထို့ကြောင့် လူများစု ချမ်းသာဝပြောသော နိုင်ငံတည်ထောင်နိုင်ရန် လူများစုကသာ လုပ်ရမည်ဖြစ်သည်။ ပြည်သူလူထု၏ နိုင်ငံရေးအသိ စည်းရုံးရေးနှင့် လုပ်ရည်ကိုင်ရည် စွမ်းရည်သတ္တိတို့ကို တိုးမြှင့်ကျယ်ပြန့် လာနိုင်ရန် ပြည်သူလူထုအနေဖြင့် လွတ်လပ်စွာဟောပြောခွင့်၊ စည်းရုံးနိုင်ခွင့်၊ လှုပ်ရှားနိုင်ခွင့်များသည် မရှိမဖြစ်သော အခြေခံ အချက်များဖြစ်ကြသည်။ လူထုချမ်းသာဝပြောရေး၊ နိုင်ငံတော်ထူထောင်ရေးတို့တွင် လူထု၏ ထိုးထွင်းဦးဆောင်လှုပ်ရှားမှု မပါ ဘဲ မဖြစ်နိုင်ပေ။ ထို့ကြောင့် လူထုဒီမိုကရေစီသည် မရှိမဖြစ်သော အရာပင်ဖြစ်သည်။ လူထုတွင် ဒီမိုကရေစီရှိမှ သူတို့၏ တိုး တက်ရေးကို သူတို့ တီထွင်ဖန်တီးနိုင်ကြလိမ့်မည်ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံတွင် အုပ်စိုးသူ၊ အုပ်စိုးခံတို့သည် နိုင်ငံရေးပဋိပက္ခဖြစ်လာခဲ့လျှင် ပါလီမန်ဒီမိုကရေစီအဝန်းအဝိုင်းထဲတွင် ဖြေရှင်း၍ မရသောအခါ လက်နက်ကိုင်နည်းဖြင့် ဖြေရှင်းခဲ့ကြပြီး ထိုသောအခါ အုပ်စိုးသူလူတန်းစားသည် လက်နက်ချရေး (ဝါ) အပြုတ်တိုက်ရေးနည်းလမ်းကို ကျင့်သုံးလာခဲ့ကြသည်။ အုပ်စိုးခံများကလည်း ဤနည်းဖြင့် တုံ့ပြန်ဖြေရှင်းခဲ့ကြသည်။ ဥပဒေတွင်း တိုက်ပွဲဖြစ်စေ၊ လက်နက်ကိုင်တိုက်ပွဲဖြစ်စေ ရည်ရွက်ချက်မှာ တစ်ခုတည်းသာဖြစ်သည်။ ဤသည်မှာ အာဏာရ ရှိရေးပင်ဖြစ်သည်။ “နိုင်ငံရေးသည် သွေးထွက်သံယိုမှုမရှိသော စစ်ရေးဖြစ်ပြီး စစ်ရေးသည် သွေးထွက်သံယိုမှုရှိသော နိုင်ငံရေးဖြစ်သည်” ဟူသော စကားကို မမေ့အပ်ပေ။

လွတ်လပ်ရေးသက်တမ်း အလွန်နုနယ်သောကာလတွင် ပါလီမန်ဘောင်အတွင်း စိတ်ရှည်သဘောထားကြီးစွာထားပြီး နိုင်ငံရေးပြဿနာ၊ လူမျိုးရေးပြဿနာများကို မဖြေရှင်းကြဘဲ အာဏာရအစိုးရက ဥပဒေပြုရေး၊ တရားစီရင်ရေးနှင့် အုပ်ချုပ်ရေး အာဏာသုံးရပ်ကို ကိုင်စွဲပြီး ဖြေရှင်းခဲ့သောအခါ ဆန့်ကျင်ဘက်အင်အားစုများကလည်း မိမိတို့တွင် ရှိနေသော လက်နက်အင်အား၊ လူအင်အား၊ စည်းရုံးရေးအင်အားတို့ဖြင့် တုံ့ပြန်ဖြေရှင်းခဲ့ကြသဖြင့် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက် လောင်ခဲ့ရသည်။ ပြည်တွင်းစစ်ဖြစ်ရသော အကြောင်းကို ရှာကြည့်ပါက ပြည်တွင်းစစ်သည် အကျိုးတရားဖြစ်ပြီး နောက်ခံ အကြောင်းရင်းမရှိဘဲ မဖြစ်နိုင်ပေ။ နောက်ခံအကြောင်းတရားကို ခြုံငုံ သုံးသပ်ကြည့်ပါက နိုင်ငံရေးပင်ဖြစ်သည်။ အဘယ် ကြောင့်ဆိုသော် စစ်၏အရင်းခံ အဘိဓမ္မာဆောင်ပုဒ်ဖြစ်သည့် ” စစ်ဆိုသည်မှာ နိုင်ငံရေး၏ အဆက်ပင်ဖြစ်သည်။ ( War is continuation of Politics) ” ဟူသောအချက်ကြောင့်ပင်ဖြစ်သည်။

ဒီမိုကရေစီအခွင့်အရေးများကို တိုးတက်ဖွံ့ဖြိုးအောင် မပြုလုပ်နိုင်ခြင်း၊ ဒီမိုကရေစီခမ်းခြောက်လာခဲ့ခြင်းကြောင့် ပြည်တွင်းစစ် မီးတောက်လောင်ခဲ့ရပြီး ပြည်တွင်းစစ်မီးကြောင့်လည်း ဒီမိုကရေစီမှာ ပို၍ ခမ်းခြောက်လာပြန်သည်။ အိန္ဒိယပြည်တွင် ပုဒ်မ ၁၄၄ ကို လွတ်လပ်သောနိုင်ငံတစ်ခုနှင့် ဆီလျော်မှုမရှိသည့် ကိုလိုနီခေတ် ဖိနှိပ်ချုပ်ချယ်ရေး ဥပဒေဖြစ်သည်ဟူသော အကြောင်းပြချက်နှင့် ပယ်ဖျက်သောအချိန်တွင် မြန်မာပြည်မှာမူကား အင်္ဂလိပ်နယ်ချဲ့သမားများလက်ထက်က ဖိနှိပ်ချုပ်ချယ် ရေးဥပဒေများကို မပယ်ဖျက်ရုံမျှမက ထပ်မံ တိုးပွားများပြားစေခဲ့ပေသည်။ မလွတ်လပ်ခင်က နယ်ချဲ့သမားများ အသုံးပြုခဲ့ သော ဒီမိုကရေစီချုပ်ချယ်ရေးဥပဒေမှာ ပုဒ်မ ၅၊ ခြေချုပ်ဥပဒေ၊ စာပုံနှိပ်စက် ဥပဒေ၊ အရေးပေါ်စီမံမှုဥပဒေ အမျိုးမျိုးကို ပိုမို ဆိုးရွားစွာ တိုးချဲ့လာခဲ့သည်။ ယင်းသို့သော် ဒီမိုကရေစီ စနစ်နှင့် လျော်ညီမှုမရှိသော ဥပဒေများကိုလည်း ဒီမိုကရေစီအဝန်းအ ဝိုင်းထဲမှ ပယ်ဖျက်ရမည်ဖြစ်သည်။

နိုင်ငံရေးကွဲလွဲမှုသည် အရင်းခံအကြောင်းရင်းဖြစ်လင့်ကစား ပြည်တွင်းစစ်ဖြစ်ရေး၊ မဖြစ်ရေးကို အဆုံးအဖြတ် မပေးခဲ့ပေ။ ဗိုလ်ချုပ်အောင်ဆန်း သက်ရှိထင်ရှားရှိစဉ်ကာလ၌ပင် ရခိုင်တွင် ဦးစိန္တာသူပုန်၊ မြန်မာပြည်အလယ်ပိုင်းတွင် လယ်ဝေးသူပုန်များ ပေါ်ပေါက်နေလင့်ကစား ပြည်တွင်းစစ်အခြေအနေသို့ မရောက်ခဲ့ပါ။ ဒီမိုကရေစီ မဆိတ်သုဉ်းဘဲ အကြမ်းဖက်မှုအဆင့်သို့လည်း မရောက်ခဲ့ပေ။ ကွန်မြူနစ်နှင့် ဖဆပလ တို့၏ နိုင်ငံရေးပဋိပက္ခမှာလည်း မသေးငယ်လှချေ။ နယ်ချဲ့လက်အောက်တွင် ရှိနေလင့်ကစား ဒီမိုကရေစီဘောင်အတွင်းမှာပင် တည်ရှိနေပြီး စစ်ရေးဘောင်သို့ မရောက်ခဲ့ပါ။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီးနောက် ဖဆပလ- ကွန်မြူနစ် ညီညွတ်ရေးလမ်းစမှာ ဆက်လက်ရှင်သန်ခဲ့သော်လည်း ထိုညီ ညွတ်ရေးကို မိမိရရ မဆုပ်ကိုင်နိုင်သည့်အတွက်ကြောင့် နိုင်ငံရေးပဋိပက္ခသည် ပြင်းထန်သည်ထက် ပြင်းထန်လာခဲ့သည်။ ထိုသို့ ပြင်းထန်လာသည့် နိုင်ငံရေးပဋိပက္ခကို ဖြေရှင်းရတွင် တွေ့ဆုံဆွေးနွေးစေ့စပ်သည့် နည်းလမ်းကို အသုံးမပြုကြဘဲ အပြုတ်တိုက်ရေး၊ လက်နက်ချရေးနည်းလမ်းကိုသာ အသုံးပြုခဲ့ကြသောကြောင့် ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်ခဲ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ရသော ပြည်တွင်းစစ်သည် နိုင်ငံရေးကွဲလွဲမှု၊ နိုင်ငံရေးပဋိပက္ခများနှင့် ဆက်စပ်လျက် ရှိသော်လည်း ဒီမိုကရေစီ တံခါးပိတ်မှု မပိတ်မှု၊ အကြမ်းဖက်ဖိနှိပ်ခြင်းရှိမှု မရှိမှု ဟူသော အပြုအမှုများနှင့် တိုက်ရိုက်ပတ်သက် နေကြောင်း သမိုင်းက သက်သေခံခဲ့ပြီးဖြစ်သည်။

ထိုသို့ ဖြစ်ပွားခဲ့ရသော ပဋိပက္ခများကို ဖြေရှင်းရာတွင် တစ်ဖက်နှင့်တစ်ဖက် အနိုင်ယူရေးသဘောထား(ဝါ) အပြုတ်တိုက်ရေး နည်းလမ်းဖြင့် ဖြေရှင်းပါက အောင်မြင်မှု ရရှိရန် များစွာခက်ခဲမည် ဖြစ်သည်။ တစ်ဖန် ကွဲလွဲခဲ့သည့် နိုင်ငံရေးကွဲလွဲချက်ကို အဓိကအခြေခံ၍ ညှိနှိုင်းဖြေရှင်းရာတွင် အုပ်ချုပ်သူလူတန်းစားနှင့် အုပ်ချုပ်ခံလူတန်းစားတို့၏ ရာသက်ပန်ကွဲလွဲမှုရှိသော နိုင်ငံရေးသဘောထားကို ညှိနှိုင်းဆွေးနွေးလိုသည်မှာ စိတ်ကူးယဉ်မှုသာ ဖြစ်သည်။ သို့ဖြစ်ရာ မည်သို့သော နည်းလမ်းသည် အဖြေမှန်ဖြစ်မည်နည်း။ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသည့် အကြောင်းရင်းများကိုသာ ဖြေရှင်းရေးနည်းလမ်း ရှာဖွေရာတွင် ထည့်သွင်းတွက်ချက်ခြင်းသည်သာ အမှန်ကန်ဆုံး ဖြစ်ပေသည်။ ဒီမိုကရေစီတံခါးများ ပိတ်ခြင်းကြောင့် ဖြစ်ခဲ့ရသော ဤပဋိပက္ခများကို ဒီမိုကရေစီတံခါးများ ပွင့်လင်းစေခြင်းဖြင့်သာ ထွက်ပေါက်ရှာရမည် ဖြစ်သည်။ ဖိနှိပ်မှုကြောင့် ခုခံတော်လှန်ရပါသည်ဆိုပါက ဖိနှိပ်မှုကို ရပ်လျှင် ခုခံမှုလည်း ရပ်ရမည်ဟူသော အမြင်ဖြင့်လည်းကောင်း၊ ဒီမိုကရေစီ ဆိတ်သုဉ်းမှုကြောင့် ဖြစ်လာခဲ့ရသော ပဋိပက္ခများ ဖြစ်ကြသဖြင့် ဒီမိုကရေစီသဘောတရားအပေါ် အခြေခံ၍လည်းကောင်း စေ့စပ်ညှိနှိုင်းဖြေရှင်းရမည်သာ ဖြစ်ပေသည်။

ဤသို့ဖြေရှင်းမှုတွင် တစ်ဖက်နှင့်တစ်ဖက် ဗျူရိုကရေစီအမိန့်ပေးစနစ်ဖြင့် အဖြေရှာခြင်းသည် မည်သည့်အခါမျှ အောင်မြင်လိမ့်မည် မဟုတ်ပေ။ နှစ်ဦးနှစ်ဖက် ယုံကြည်မှု၊ နားလည်မှု၊ ပြေလည်မှု ရရှိရေးတို့သည် လိုအပ်လာပေရာ နှစ်ဦးနှစ်ဖက် သဘောထားများ အပြန်အလှန် ညှိနှိုင်းလဲလှယ်ရေး အပေးအယူလုပ်ရေးသည် ရှောင်လွှဲ၍ မရနိုင်အောင် လိုအပ်သဖြင့် အပြန်အလှန် အခွင့်အရေးပေးခြင်းသည်ပင်လျှင် ဒီမိုကရေစီ လက္ခဏာ ဆောင်ပေသည်။ ဒီမိုကရေစီနည်း ဖြစ်ပေသည်။ ဤနည်းအားဖြင့် လိုအပ်သော ဒီမိုကရေစီအခွင့်အရေးများ ပြန်လည်ပွင့်လင်းလာအောင် ဖော်ထုတ်သဘောတူညီမှုဖြင့် နှစ်ဦးနှစ်ဖက်စလုံးမှ ယုံကြည်နားလည်မှု ရရှိ၍ ဤပဋိပက္ခများကို ရပ်စဲနိုင်ပေသည်။ ဖြစ်ပေါ်နေသော ပဋိပက္ခများကို တကယ်တမ်းရပ်စဲလိုသော စိတ်ဆန္ဒဖြင့်သာ ရှာဖွေပါက ကြီးစွာသော အဟန့်အတား ရှိမည်မဟုတ်ပေ။

အောင်မြင့်ဦး (မဟာဝိဇ္ဇာ)

မှီငြမ်းကိုးကားသော အထောက်အထားများ

၁။ စာရေးသူ၏ မဟာဝိဇ္ဇာဘွဲ့ယူကျမ်း၊ ပြည်သူ့ရဲဘော်သမိုင်း(၁၉၄၅-၁၉၆၄)

၂။ ဗိုလ်မှူးချုပ်ကျော်ဇော။ ဗိုလ်ချုပ်အောင်ဆန်း၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ၊ လင်းထင် ဖြန့်ချိရေး၊ ၁၉၆၁။

၃။ ပြည်သူ့ရဲဘော်ပါတီ၊ ဗဟိုကော်မတီ အစီရင်ခံစာ၊ ရွှေဟင်္သာ ပုံနှိပ်တိုက်၊ ၁၉၅၉။

၎။ ပြည်သူ့ရဲဘော်ပါတီ၊ တတိယအကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာကွန်ဖရင့်တွင် တင်သွင်းသော ဗဟိုကော်မတီအစီရင်ခံစာ၊ ရန်အေး စာပုံနှိပ်တိုက်၊ ၁၉၆၁။

၅။ ဖဆပလ နှင့် ကွန်မြူနစ်ပါတီတို့၏ အပြန်အလှန်ပေးစာများ၊ ဗမာအမျိုးသမီး စာပေဖြန့်ချိရေး၊ ၁၉၆၃။

၆။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ ဗိုလ်မှူးချုပ်ကျော်ဇော်။ ပြည်တွင်းငြိမ်းချမ်းရေးသဘောထား၊ အောင်မျိုး စာပုံနှိပ်တိုက်၊ ၁၉၆၁။

၇။ ဗိုလ်မှူးချစ်ကောင်း၊ အနှစ်နှစ်ဆယ်၊ တသက်တာစာပေ၊ ၁၉၆၇။

No comments:

Post a Comment