Sunday, March 4, 2012

ဦးသိန်းစိန် ဖတ်ပေးပါ … ကိုယဉ်ထွန်း (လူ့ဘောင်သစ်)

ဦးသိန်းစိန်အနေနဲ့ တိုင်းပြည်ကို တရားဝင်စကားပြောလိုက်တာ နားထောင်ရပါတယ်။ ဒီတော့ ကျနော် မိန့်ခွန်းကို သေသေချာချာ နားထောင်ပါတယ်။ အခုလိုပြောလိုက်တော့ ပိုပြီးရှင်းရှင်းလင်းလင်းလေး သိလာရတာတွေ ရှိပါတယ်။ စကားစပြောပြောခြင်း အကြောင်းအမျိုးမျိုးကြောင့် တိုင်းပြည်အပြင်ကိုရောက်ရှိနေတဲ့ နိုင်ငံသားတွေကို ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေလို့ ဆုတောင်းသွားပါတယ်။

ဦးသိန်းစိန်ခင်ဗျာ ကျနော်တို့ ... တိုင်းပြည်အတွက် အင်မတန်မှ စိတ်ပူနေခဲ့ကြတာ ၂၄ နှစ်ရှိပါပြီ။ ကျနော်တို့က တိုင်းပြည်အပြင်ကို နိုင်ငံရေးကြောင့် ရောက်ကြရပါတယ်။ ဒီမိုကရေစီစံနစ်ကို တည်ဆောက်ချင်တဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့်ပါ။ ဒီယုံကြည်ချက်အရ ဘယ်သူနဲ့ အတိုက်အခံဖြစ်ခဲ့ပါသလဲဆိုတော့ စစ်အာဏာရှင်တွေနဲ့ပါ။ ဘယ်လိုစစ်အာဏာရှင်တွေလဲဆိုတော့ ကတိ လုံးဝ မတည်တဲ့၊ ဗိုလ်ကျတတ်တဲ့၊ လူအများစုကြီးကို ဖိနှိပ်အုပ်ချုပ်တတ်တဲ့၊ ကိုယ်ကျိုးစီးပွား အကြီးအကျယ် မတရားရှာတတ်တဲ့သူတွေပါ စိတ်မထင်ရင်ဘုန်းကြီးတောင်သေနတ်နဲ့ပစ်တဲ့သူတွေပါ။ အမှန်အတိုင်းပြောတာ ပါဗျာ လွန်တာရှိရင်ဝန်တာမိပါလို့ဆိုလိုက်ပါရဲ့ ...။

ဒီတော့ ... ဆက်ရရင် ပြည်ပရောက်တွေအနေနဲ့ ပြစ်မှုတစုံတရာ ကျူးလွန်ထားတာမရှိဘူးဆိုရင် ပြန်လာနိုင်ပါတယ်လို့ ပြောထားတာလည်း ကာလတခုရှိနေပါပြီ။ ဆိုတော့ကာ ... ဒီမိုကရေစီစံနစ်ကို ယုံကြည်လို့ အစိုးရနဲ့ အတိုက်အခံဖြစ်ပြီး ပြည်ပရောက်တွေရော သူတို့ရဲ့သက်ဆိုင်တဲ့အဖွဲ့အစည်းတွေကိုရော မတရားသင်းတွေပါလို့ ကြေငြာခဲ့တာ ဦးသိန်းစိန် အရှင်လတ်လတ်ကြီး ပါဝင်ဆောင်ရွက်ခဲ့တဲ့ စစ်အစိုးရပါပဲ။ အခုတော့ အရပ်သား အစိုးရလို့ပြောနေပြီပေါ့ဗျာ။ ပြန်ခေါ်ချင်ရင် ပါးစပ်နဲ့ခေါ်နေတာကို ကျနော်တို့က မယုံကြည်ဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားတို့က ကတိတည်ခဲ့တဲ့ အစိုးရမဟုတ်ခဲ့လို့ပါပဲ။
ပြန်ပြောရရင်တော့ဗျာ ၁၉၉၀ ရွေးကောက်ပွဲရလဒ်က ထင်ထင်ရှားရှားပဲလေနော။ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားပြန်ပါ့မယ် အနိုင်ရပါတီကနေ လွတ်တော်ခေါ်ပါ၊ တိုင်းပြည်ကိုအုပ်ချုပ်ပါလို့ အဲ့ဒီအချိန်က ခင်ဗျားတို့ထဲမှာ အကြီးဆုံး ဗိုလ်စောမောင်ကိုယ်တိုင် နှုတ်ကတိပေးခဲ့တာလေ။ အဲ ... ရွေးကောက်ပွဲမှာ (NLD) လည်း အပြတ်အသတ် မဲနိုင်ရော အာဏာလည်း မအပ်တော့ဘူး၊ စစ်တန်းလျားလည်း မပြန်တော့တာ ၂၀၁၀ အထိပဲလေဗျာ။ ကျနော်တို့လည်း ထွက်ပြေးရတော့တာပဲ။ ကျနော်တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီလည်း ခင်ဗျားတို့ မတရားအသင်း ကြေငြာလိုက်ပါလေရော မဟုတ်ပါလား။ ဒီတော့ ကတိကို ဘယ်သူက ဖျက်ခဲ့တာလဲ။ ကျနော်တို့ကို မတရားလုပ်ခဲ့တာ ဘယ်သူလဲ။

ဆက်ပြောမယ်ဗျာ ... ပါးစပ်ကတိဟာ တရားမဝင်ဘူးဆိုတာ ကျနော်တို့ဘဝပေးအသိအရ နားလည်နေလေတော့ တကယ်တမ်း ကျနော်တို့ပြန်လာစေချင်ရင် ကျနော်တို့ကိုရော ကျနော်တို့အဖွဲ့တွေကိုရော မတရားအသင်းအဖြစ် ကြေငြာထားတာတွေ ဖျက်ပေးမှရပါလိမ့်မယ်။ ကျနော်တို့ နိုင်ငံတကာကိုတိုင်တည်ပြီး လက်ခံပါ့မယ်။ စာနဲ့တော့ ထုတ်ပြန်ပေးပါ၊ ပါးစပ်ကတိတော့ ခင်ဗျားတို့က စိတ်ကိုမချရလို့ပါ။ နှစ်ခါတော့ အလိမ်မခံချင်ဘူးဗျာ။ အခု ခင်ဗျားက ပါးစပ်နဲ့ပြန်ခေါ်နေတာလေ ... ဗျာ။ ခင်ဗျားတို့သံရုံးတွေမှာ တရားခံလိုဖြေရှင်းချက်တွေပေးရလေအောင် စည်းကမ်းတွေ၊ ခံဝန်တွေလုပ်ထားတာ ခင်ဗျား သိလား၊ မသိလားတော့ ကျနော် မသိပါဘူး။ သမ္မတ မသိတဲ့ စည်းကမ်းတွေရှိနေလားဗျာ၊ ဒီလောက် အရေးကြီးတဲ့ကိစ္စကြီးနော်။ ကျနော်တို့က တိုင်းပြည်ကိုပြန်လာချင်တာကဗျာ ရှင်းပါတယ်။ သိပ်နောက်ကျနေတဲ့ တိုင်းပြည်ကို နိုင်ငံတကာမှာ ရင်ဘောင်တန်းနိုင်အောင် ဝိုင်းလုပ်ဆောင်ကြဖို့ပါပဲဗျာ။ 

တိုင်းပြည် သိပ်နောက်ကျနေပြီ ဦးသိန်းစိန်။ အာဆီယံမှာ အတူတူ တန်းတူစီးပွားလုပ်ရတော့မယ်ဆို ကိုယ့်တိုင်းပြည်မှာဗျာ ကိုဇော်မင်းရေးထားသလို ဘူဒိုဇာထိုးမယ့် ကျွမ်းကျင်လုပ်သား တနိုင်ငံလုံးပေါင်းမှ ၅၀၀ မနည်းစုနေရတဲ့ ဘဝလောက်နဲ့တော့ သေရောပေါ့ဗျာ။ ဘယ်လို ရင်ဘောင်တန်းမလဲဗျာ ...။ ခင်ဗျားအနေနဲ့ပေါ့လေ တကယ် ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံဖြစ်စေချင်တဲ့ စေတနာတကယ်ရှိတယ်ဆိုရင် ...။

ပြည်ပရောက်နေတဲ့ပညာရှင် တွေ၊ နိုင်ငံသားတွေကို တရားဝင်စာနဲ့ပေနဲ့ပြန်ခေါ်ပါ (၃) နှစ်လောက်အာဆီယံထဲက လာအိုလောက်ကိုယှဉ်ဘို့ မှီသေးတယ်ဗျ။ ပါးစပ်စကားနဲ့တော့မပြန်နိုင်ဘူးနော် ကျနော်တို့ဒီမှာနေသားကျနေပြီ ဘယ်သူမှမခြိမ်းခြောက် ဘူးဗျ၊ အလုပ်တော့လုပ်နေရတာပါပဲ လုပ်သလောက်လည်းခံစားရတာပဲ ညဘက်ဘယ်ကောင်မှလာခေါ်မှာ လည်းမကြောက်ရဘူး ကိုယ်တိုင်းပြည်ကိုလွမ်းနေတာ စေတနာတွေရှိနေတာကြောင့်သာ။

နောက်ပြီးပြောသွားတဲ့အထဲမှာ Rule and Law ဆိုတာတွေပြောသွားတာအများကြီးလေနော။ ဟုတ်ပြီဗျာ... လိုအပ်တာပဲနည်းနည်းထောက်ပြမယ်။ အခုခင်ဗျားတို့တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်ရပ်ရေး၊ ငြိမ်း ချမ်းရေးတွေလုပ်နေတာတွေ.. နေပါဦး.. သူတို့ကိုမတရားအသင်းတွေအဖြစ်ကြေငြာထားတာမလား ခင်ဗျားတို့ ဘယ်လိုဆွေးနွေးဆွေးနွေး မတရားအသင်းတွေနဲ့စကားပြောနေရတာဖြစ်နေမှာပဲ သူတို့လည်းစကားသာပြော နေရတာခိုးလို့ခုလုဖြစ်နေမှာပဲ ရှင်းအောင်လုပ်ရင်ဗျာ မတရားအသင်းကနေ တရားအသင်းဖြစ်သွားမှ ဥပဒေ အရတရားဝင်မှာပဲဗျ အခုငြိမ်းချမ်းရေးကိစ္စတွေကတော်ကြာပြန်ဖြစ်လိုက်၊ တော်ကြာမပြေလည်လိုက်ဖြစ်နေ တာတွေဟာ... အဲ့ဒီ့အချက်ကိုအရင်မလုပ်ပဲနေလို့ပဲဗျ... ယုံကြည့်မှုဆိုတာတန်းတူရည်တူတည်ဆောက်ရတယ် ထင်ပါတယ်။ မတရားအသင်းဥပဒေဆိုတာကြီးကလည်းဗျာ ဟိုးနယ်ချဲ့ကိုလိုနီက (၁၉၁၇) လောက်ကပြဌာန်း ထားတာကြီး ဒီဥပဒေကြီးကိုယ်က အဲ့ဒီအချိန်က အမျိုးသားပညာရေး၊ နယ်ချဲ့ဆန့်ကျင်ရေးလုပ်မဲ့ သခင် အောင်ဆန်းတို့လိုလူတွေ၊ အဖွဲ့တွေကိုနယ်ချဲ့ကဖမ်းလို့ရအောင်လုပ်ထားတဲ့ဟာကြီး ခင်ဗျားတို့ပဲဆက်သုံး နေတာ အင်္ဂလန်မှာတောင် အဲ့ဒီ့လိုဥပဒေမရှိတာကြာလှပါပြီ။ ဒီတော့ ဒီဥပဒေကြီး မရှိသင့်တော့ပါဘူးဗျနော...။

နောက်ဆုံးတော့ဗျာ တိုင်းပြည်ကိုတကယ်ချစ်တယ်၊ တကယ်တိုးတက်ခြင်ရင် ခင်ဗျားဗီယက်နမ်သမတကို လှမ်း သာမေးလိုက်ပါ သူတို့နိုင်ငံမှာ ပြည်ပရောက်နိုင်ငံသားတွေပြန်လာအောင် ဘယ်လိုလုပ်ခဲ့သလဲဆိုတာ.... တခု တော့ရှိတယ်နော်စာနဲ့ပေနဲ့ ဥပဒေနဲ့ပြဌာန်းမှ ခင်ဗျားပြောတဲ့ Rule of Law ဖြစ်မှာကတော့ကျိန်းသေတယ် ဗျား...။

ကိုယဉ်ထွန်း (လူ့ဘောင်သစ်)
မတ်လ ၁ ရက်နေ့၊ ၂၀၁၂။
 

No comments:

Post a Comment