Saturday, July 20, 2013

ပါတီဥက္ကဋ္ဌ ရဲဘော် အောင်မိုးဇော်၏ အဖွင့်မိန့်ခွန်း

ပါတီဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးတွင်ပြောကြားသော ပါတီဥက္ကဋ္ဌ၏ အဖွင့်မိန့်ခွန်း 

(၂ဝ၁၃ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်) 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးကို တက်ရောက်လာကြတဲ့ ဗဟိုစည်းရုံးရေး ကော်မတီဝင်အားလုံးကို ကြိုဆိုကြောင်း ပထမဦးစွာ ပြောလိုပါတယ်။

ကျနော်တို့ရဲဘော်တွေအားလုံးသိတဲ့အတိုင်းပဲ ဒီကနေ့ကာလဟာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအပေါ်ကိုလည်း ခိုင်ခိုင်မာမာ မရောက်ရှိသေးဘူးဖြစ်တယ်။ တပြိုင်နက်တည်းမှာလည်းပဲ ကျနော်တို့တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တဲ့အခြေအနေ မရှိသေးဘူးဖြစ်တယ်။ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ ရှေ့ကိုဆက်လက်တိုးတက်ဖို့ဆိုလို့ရှိရင် ကျနော်တို့အားလုံး စိန်ခေါ်မှု အမြောက်အများကို ရင်ဆိုင်ရဦးမယ် ကျော်ဖြတ်ရဦးမယ်ဆိုတာ ကျနော်တို့ ပါတီဗဟိုစည်းရုံးရေးကော်မတီဝင်အားလုံး သိရှိပြီးဖြစ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။

ဒီလိုအခြေအနေတွေအောက်မှာ ဒီလိုတိုင်းပြည်ရဲ့တာဝန်တွေထမ်းဆောင်နိုင်ဖို့အတွက်၊ တိုင်းပြည်ရဲ့ ကြုံတွေ့ရမယ့် အခက်အခဲတွေကို အခြားဒီမိုကရေစီအင်အားစုတွေ အခြားညီအစ်ကိုတော်တွေနဲ့အတူ လက်တွဲပြီးတော့ ရင်ဆိုင်ဖို့ ကျော်လွှားဖို့၊ တိုင်းပြည်ကရရှိနေတဲ့ ကနေ့အခွင့်အရေးတွေကို ချဲ့ထွင်ဖို့၊ တိုင်းပြည်ကို စစ်မှန်တဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် တင်နိုင်ဖို့၊ တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်းပေါ်ကို တွန်းတင်နိုင်ဖို့အတွက် ကျနော်တို့ပါတီအနေနဲ့လည်းပဲ အလှည့်အပြောင်းတွေလုပ်ကြရတော့မှာဖြစ်တယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။


ဒီလို အလှည့်အပြောင်းတွေလုပ်ဖို့ကိစ္စကိုလည်းပဲ ကျနော်တို့ပါတီရဲ့ ဗဟိုစည်းရုံးရေးကော်မတီဝင် တစ်ဦးချင်းစီမှာ သံဓိဋ္ဌာန် ခိုင်ခိုင်မာမာချမှတ်ပြီးဖြစ်လိမ့်မယ်လို့ ကျနော့်အနေနဲ့ ယုံကြည်တယ်။ ကျနော်တို့ပါတီအနေနဲ့ ဒီလိုအခြေအနေမျိုးတွေ ဖြတ်သန်းတဲ့နေရာမှာ ကျနော်တို့ခန့်မှန်းလို့ရတဲ့ စိန်ခေါ်မှုတွေရှိသလိုပဲ ခန့်မှန်းရခက်သေးတဲ့ ကျနော်တို့ မမြင်နိုင်သေးတဲ့ အခြားစိန်ခေါ်မှုတွေလည်း အမြောက်အများရှိနိုင်ပါတယ်။ အဲဒီလိုစိန်ခေါ်မှုတွေကို ကျနော်တို့ဖြတ်သန်းဖို့ဆိုလို့ရှိရင် ကျနော်တို့တစ်ဦးချင်းစီရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု၊ ကျနော်တို့တစ်ဦးချင်းစီရဲ့ သံဓိဋ္ဌာန်ခိုင်မာမှုဟာ အလွန်အရေးကြီးတယ်လို့ ကျနော် ထင်တယ်။ ကျနော်တို့တစ်ဦးချင်းစီရဲ့ သံဓိဋ္ဌာန်ခိုင်မာမှုနဲ့အတူ ကျနော်တို့ပါတီတစ်ခုလုံးရဲ့ သံဓိဋ္ဌာန်ခိုင်မာမှုကိုလည်း တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ ကျနော်တို့ပါတီအနေနဲ့ပဲပြောပြော ကျနော်တို့တစ်ဦးချင်းစီအနေနဲ့ပဲပြောပြော ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးကစလို့ ကနေ့အထိဆိုလို့ရှိရင် ပါတီအနေနဲ့ပဲဖြစ်ဖြစ် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအနေနဲ့ပဲဖြစ်ဖြစ် အတက်အကျ အပြောင်းအလဲတော်တော်များများကို ဖြတ်သန်းခဲ့ပြီးပြီ ကြုံတွေ့ခဲ့ပြီးပြီဖြစ်တယ်။ ကျနော်တို့ကြုံတွေ့ခဲ့ရတဲ့ အပြောင်းအလဲတိုင်းမှာလည်းပဲ ကျနော်တို့မှာ စိတ်ဓာတ်ရေးရာအရ ပြင်ဆင်မှုကလွဲလို့ အခြား ပြင်ဆင်နိုင်မှုတွေ မရှိခဲ့ဘူး။ ဒီလို ကျနော်တို့ရဲ့ စိတ်ဓာတ်ပိုင်း၊ ကျနော်တို့ရဲ့ ယုံကြည်မှု၊ ကျနော်တို့ရဲ့ ပြည်သူအပေါ် ယုံကြည်မှု၊ ကျနော်တို့ရဲ့ တော်လှန်ရေးအပေါ် ယုံကြည်မှုတွေနဲ့ပဲ ဒီအပြောင်းအလဲတွေကို ရင်ဆိုင်ခဲ့တာ ကျော်လွှားခဲ့တာဖြစ်တယ်။

ကနေ့ ပြောင်းလဲရမယ့် အပြောင်းအလဲ၊ ကနေ့ချိုးကွေ့ရမယ့် အချိုးအကွေ့ကလည်းပဲ ကျနော်တို့တစ်ခါမှ အရင်က မကြုံဖူးခဲ့တဲ့ အပြောင်းအလဲဖြစ်သလို ကြီးမားတဲ့ အပြောင်းအလဲလည်းဖြစ်တယ်။ ဒီအပြောင်းအလဲကို ကျနော်တို့ရင်ဆိုင်ဖို့ဆိုလို့ရှိရင် ကျနော်တို့မှာ ကျနော်တို့ပြည်သူအပေါ် ယုံကြည်မှု၊ ကျနော်တို့ပါတီအပေါ်မှာ ယုံကြည်မှု၊ ကျနော်တို့ကိုယ်ကျနော်တို့ ယုံကြည်မှုကလွဲလို့ အခြားမရှိနိုင်ပါဘူး။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုကလွဲလို့ အခြားရုပ်ဝတ္ထုပိုင်ဆိုင်ရာပြင်ဆင်မှု ကျနော်တို့မှာ မရှိပါဘူး။ သို့သော်လည်း ဒီအပြောင်းအလဲကို ကျနော်တို့ အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ကနေ့တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ကျနော်တို့ပြည်သူကို စွမ်းစွမ်းတမံ အလုပ်အကျွေးပြုတဲ့ နိုင်ငံရေးပါတီကောင်းတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒီလိုယုံကြည်မှုနဲ့ပဲ ဒီအပြောင်းအလဲကို ဆက်ပြီးရင်ဆိုင်ဖို့ ဗဟိုစည်းရုံးရေးကော်မတီဝင် ရဲဘော်အားလုံးကို တိုက်တွန်းလိုပါတယ်။

တပြိုင်နက်တည်းမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကြီးမားနေသလိုပဲ ကနေ့ တိုင်းပြည် နိုင်ငံရေးအခြေအနေရဲ့ ကျနော်တို့အပေါ် လိုအပ်ချက်ကလည်း ကြီးမားတယ်လို့ ကျနော် ထင်တယ်။ ကျနော်တို့အတွက်သာမဟုတ်ဘဲ ကျနော်တို့မျိုးဆက် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးရဲ့ မျိုးဆက်နိုင်ငံရေးသမားတွေ၊ ၈၈ မျိုးဆက် တက်ကြွလှုပ်ရှားသူတွေ၊ ဒီနောက်ပိုင်း လူငယ်မျိုးဆက် တက်ကြွလှုပ်ရှားသူတွေအပေါ်မှာ ကျနော်တို့တိုင်းပြည်ရဲ့ မျှော်လင့်ချက်က ကြီးမားပါတယ်။ ကျနော်တို့ ကနေ့နိုင်ငံရေးအခြေအနေရဲ့တောင်းဆိုချက်က ကြီးမားတယ်လို့ ကျနော် ပြောချင်တယ်။ ကျနော်တို့ပါတီအနေနဲ့ဆိုလို့ရှိရင် တိုင်းပြည်ရဲ့မျှော်လင့်ချက်၊ ကနေ့နိုင်ငံရေးအခြေအနေတွေရဲ့ မျှော်လင့်ချက်ကို ဘယ်အတိုင်းအတာအထိ ဘယ်လိုဖြည့်စွမ်းနိုင်မလဲဆိုတာ ကျနော်တို့ စဉ်းစားဖို့လိုပါလိမ့်မယ်။

ဒီ ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးမှာ ကနေ့တိုင်းပြည်ရဲ့ မျှော်လင့်ချက်တွေ၊ ကနေ့နိုင်ငံရေးအခြေအနေတွေရဲ့ တောင်းဆိုချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ကျနော်တို့ပါတီအနေနဲ့ ဘာတွေပြင်ဆင်သင့်သလဲ၊ ဘာတွေ ဆောင်ရွက်သင့်သလဲဆိုတာကို ကြေကြေလည်လည် ဆွေးနွေးစေချင်တယ်။ ကျိန်းသေတာကတော့ ကျနော်တို့တိုင်းပြည်မှာ ပြည်သူလူထုကို စွမ်းစွမ်းတမံ အလုပ်အကျွေးပြုတဲ့ နိုင်ငံရေးပါတီတွေ၊ လူငယ်နိုင်ငံရေးသမားတွေ လိုအပ်နေတာ အမှန်ပဲ။ အဲဒီလိုအပ်ချက်ကို ကျနော်တို့ပါတီအနေနဲ့ ဘယ်လိုပြည့်အောင်ဖြည့်မလဲ၊ ဒီတောင်းဆိုချက်တွေကို ဘယ်လိုဖြေဆိုနိုင်အောင် ကျနော်တို့ကြိုးစားမလဲဆိုတာ ဒီကနေ့ ဗဟိုစည်းရုံးရေး ကော်မတီအစည်းအဝေးမှာ ဝိုင်းဝန်းဆွေးနွေးကြဖို့အတွက် ထပ်မံတိုက်တွန်းပါတယ်။

နိဂုံးချုပ်အနေနဲ့ပြောချင်တာကတော့ ကျနော်တို့ရင်ဆိုင်ရမယ့် ကနေ့အပြောင်းအလဲရဲ့ စိန်ခေါ်ချက်က ကြီးမားတယ်။ ဒီစိန်ခေါ်မှုကို ကျနော်တို့ ရင်ဆိုင်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ ကျနော်တို့ ရဲဘော်တစ်ဦးချင်းစီအနေနဲ့ရော ပါတီတစ်ခုလုံးအနေနဲ့ရော ဒီလိုယုံကြည်မှုနဲ့ပဲ ကျနော်နိုင်ငံရဲ့အပြောင်းအလဲကို ကျနော်တို့အချင်းချင်း ခိုင်ခိုင်မာမာ လက်တွဲပြီး ဖြတ်သန်းကြပါစို့လို့ပြောကြားရင် နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။


 

No comments:

Post a Comment