Saturday, July 20, 2013

ပါတီဥက္ကဋ္ဌ ရဲဘော် အောင်မိုးဇော်၏ နိဂုံးချုပ်အမှာစကား

ပါတီဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးတွင်ပြောကြားသော ပါတီဥက္ကဋ္ဌ၏ နိဂုံးချုပ်အမှာစကား 

(၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၅ ရက်) 

အခု ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေးကနေပြီးတော့ ကျနော်တို့ကို လာမယ့် ၂ နှစ်အတွင်းမှာလုပ်ရမယ့် အလုပ်တွေ အများကြီးကို ချမှတ်ပေးလိုက်တယ်။ အဲဒီလုပ်ရမယ့်အလုပ်တွေကို ကျနော်တို့အကုန်လုံးက တကယ်ပဲ တက်တက်ကြွကြွနဲ့ အောင်အောင်မြင်မြင်ဖြစ်အောင် ဆောင်ရွက်ရပါလိမ့်မယ်။ ဒီလုပ်ငန်းတွေကိုသာ ကျနော်တို့ အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်ဆိုရင် ကျနော်တို့ပါတီဟာ ကျိန်းသေပေါက် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ကျနော်တို့တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်မှာ ရပ်တည်လာနိုင်မှာဖြစ်တယ်။ အဲဒီလို ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးပါတီတစ်ရပ်အဖြစ် ဒီ ၂ နှစ်အတွင်းမှာ ကြိုးစားပမ်းစားလုပ်မယ်ဆိုလို့ရှိရင် ပါတီ ရပ်တည်လာနိုင်မှာဖြစ်တယ်ဆိုတာကို ကျနော်တို့ ဗဟိုစည်းရုံးရေးကော်မတီဝင် တစ်ဦးချင်းစီက အသေအချာ ယုံကြည်ဖို့လိုတယ်။ အသေအချာယုံကြည်မှုအပေါ်မှာ အခြေခံပြီးတော့ ကျနော်တို့အလုပ်တွေကို တက်တက်ကြွကြွ လုပ်ဖို့လိုတယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။ 


နောက်တစ်ချက်ကတော့ ဒီလို အလုပ်တွေကို ပျော်ပျော်ရွှင်ရွှင် အပင်အပန်းခံပြီး လုပ်နိုင်ဖို့ဆိုလို့ရှိရင် ကျနော်တို့ရဲ့ ပါတီတွင်း ညီညွတ်ရေး အလွန်အရေးကြီးတယ်။ အထူးသဖြင့် ပါတီဗဟိုစည်းရုံးရေးကော်မတီရဲ့ ညီညွတ်ရေးဟာ အရေးကြီးတယ်လို့ ပြောချင်တယ်။ ကျနော်တို့အချင်းချင်း တကယ့် ရဲဘော်ရဲဘက်စိတ်နဲ့ သေသေချာချာ လက်တွဲညှိနှိုင်းပြီးသွားနိုင်မှ ကျနော်တို့ရဲ့ညီညွတ်ရေးနဲ့ ကျနော်တို့ပါတီရဲ့ ညီညွတ်ရေးလည်း တည်ဆောက်နိုင်မယ်။ တပြိုင်နက်တည်းမှာလည်းပဲ အလုပ်တွေကို ပျော်ပျော်ရွှင်ရွှင် တက်တက်ကြွကြွနဲ့ အလုပ်လုပ်နိုင်မှာဖြစ်တယ်။ ဒါကြောင့် ဒီ ပါတီညီညွတ်ရေးကို အထူးသဖြင့် အဓိကထားပြီးတော့ အမြဲတမ်းသတိနဲ့ တည်ဆောက်ဖို့ ကျနော်တို့သာမက နောက်ထပ်တိုးချဲ့မယ့် ဗဟိုစည်းရုံးရေးကော်မတီတွေကိုလည်းပဲ ကျနော်တို့နဲ့ တစ်သားတည်းဖြစ်အောင် တည်ဆောက်နိုင်ဖို့ အလွန်အရေးကြီးတယ်။ ပါတီတစ်ခုလုံးရဲ့ညီညွတ်ရေးဟာ ကျနော်တို့တတွေရဲ့ ညီညွတ်ရေးအပေါ်မှာ အများကြီးတည်မှီတယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။ 

နောက်ဆုံးတစ်ချက်ကတော့ အစည်းအဝေးအဖွင့်တုန်းက ကျနော်ပြောခဲ့သလိုပဲ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ကျနော်တို့ ဒီ ၂ နှစ်လောက် ၃ နှစ်လောက် တော်တော်လေး အပင်အပန်းခံ အဆင်းရဲခံ အနစ်နာခံပြီးတော့ ဖြတ်သန်းနိုင်ပါမှ ဒီ အခြေအနေတွေကို ကျနော်တို့ တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်မှာဖြစ်တယ်။ ကျနော့်အနေနဲ့ တောင်းဆိုချင်တာကတော့ ကျနော်တို့တစ်ဦးချင်းစီအနေနဲ့ ဒီပါတီကို တကယ့်ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးပါတီအဖြစ် ဒီ ၂ နှစ်အတွင်းမှာ ရပ်တည်နိုင်အောင် ကျနော်တို့ မနားမနေ ကြိုးစားမယ်။ တက်တက်ကြွကြွ ကြိုးပမ်းမယ်ဆိုတဲ့သံဓိဋ္ဌာန်ကို ကျနော်တို့ တစ်ဦးချင်း ခိုင်ခိုင်မာမာချကြပါလို့ ကျနော့်အနေနဲ့တောင်းဆိုရင်း နိဂုံးချုပ်ပါတယ်။ ကျေးဇူးတင်ပါတယ်။ ။ 


 

No comments:

Post a Comment