Wednesday, July 3, 2013

“အစွန်းရောက်တဲ့ အမျိုးသားရေး ပြောဆိုလှုပ်ရှားမှုတွေကို ကာကွယ်တားဆီးဖို့၊ ထိန်းသိမ်းဖို့ အစိုးရမှာ တာဝန်အရှိဆုံးပါပဲ”

၁၉၈၈၊ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံကြီးတွင် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှားခဲ့သည့် ကျောင်းသားများ ပါဝင်ဖွဲ့စည်းခဲ့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲလွန်ကာလ၌ နဝတ အစိုးရက ပါတီကို ဖျက်သိမ်းပစ်ခဲ့သည်။ ထိုသို့ဖျက်သိမ်းခံလိုက်ရသော်လည်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပျောက်ကွယ်မသွားခဲ့ဘဲ တောတွင်း၊ နယ်စပ်ဒေသ၊ အကျဉ်းထောင်တို့၌သာမက တိုင်းပြည်နှင့်အနှံ့တွင် ဆက်လက်ရှင်သန်နေဆဲပင်ရှိသည်။ 

ယခုအခါ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်လာမှု အနေအထားများပေါ်မူတည်လျက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနှင့်အညီ မှတ်ပုံတင်လျက် တရားဝင်နိုင်ငံရေးပါတီအဖြစ် ရပ်တည်ရန် ပြင်ဆင်လာခဲ့သည်။ ထိုသို့ပြင်ဆင်လာခဲ့ခြင်းအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နှင့် 7Day က တွေ့ဆုံမေးမြန်းထားချက် အပြည့်အစုံကို ဖော်ပြလိုက်ပါသည်။ 


မး ။ ။ ပြည်တွင်းမှာ တရားဝင်ပါတီ တစ်ရပ်အဖြစ် ရပ်တည်ဖို့အတွက် ဘယ်လိုပြင်ဆင်မှုတွေ လုပ်ထားပြီးပြီလဲ။

ဖြေ ။ ။ ကြိုးစားပမ်းစား ပြင်ဆင်နေတုန်းပါပဲ။ 

(က) ပါတီရဲဘော်တွေ (အတွင်း၊ အပြင်)နဲ့ လက်လှမ်းမီသလောက် ဆွေးနွေးညှိနှိုင်းနေတယ်။ 

(ခ) တစ်တိုင်းပြည်လုံးအနှံ့ ဒေသအလိုက် စည်းရုံးရေးကော်မတီတွေ စုဖွဲ့နိုင်ဖို့ ကြိုးစားနေတယ်။ 

(ဂ) ဒီနေရာမှာ အရေးကြီးတဲ့ ပါတီရဲ့ရပ်တည်မှု၊ အထွေထွေနိုင်ငံရေးသဘောထား၊ လုပ်ငန်းစဉ်စတဲ့ ပါတီရဲ့ Program တွေကို ဆွေးနွေးညှိနှိုင်းရင်းနဲ့ ပိုမိုပြည့်စုံစေဖို့ အခြေအနေတွေနဲ့ ကိုက်ညီဖို့ ပြင်ဆင်နေပါတယ်။ 

(ဃ) နောက်အရေးကြီးတဲ့ လက်တွေ့ပြဿနာလည်းဖြစ်တဲ့ ကျွန်တော်တို့တစ်ဦးချင်းစီ ရဲဘော်တစ်ဦးချင်းစီရဲ့ ရပ်တည်ရေးနဲ့ ပါတီတစ်ခုလုံးအနေနဲ့ ရပ်တည်နိုင်ရေးအတွက် ဘဏ္ဍာရေး အပါအဝင် လိုအပ်တဲ့အချက်အလက်တွေအတွက် နည်းလမ်းရှာဖွေနေပါတယ်။ ပြင်ဆင်နေပါတယ်။

မး ။ ။ တရားဝင်ပါတီအဖြစ် ရပ်တည်ပြီးနောက်ပိုင်း ၂၀၁၅ ရွေးကောက်ပွဲကိုရော ဝင်ရောက်ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိသလား။

ဖြေ ။ ။ လက်ရှိတည်ဆဲဥပဒေအရဆိုရင် ရွေးကောက်ပွဲမှာ ပါတီတစ်ခုအနေနဲ့ အနည်းဆုံး အမတ်နေရာ ဘယ်နှနေရာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ရှိတယ်လို့ ထင်တယ်။ လာမယ့်ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးမှာ လွတ်လပ်တဲ့၊ မျှတတဲ့ အခြေအနေရှိဖို့ Level Playingf Field ရှိဖို့ ကျွန်တော်တို့ ရုန်းကန်ရဦးမယ်။ ကျွန်တော်တို့ ပါတီဟာ အနှစ် ၂၀ ကျော်ကျော် တောထဲမှာ၊ နယ်စပ်ဒေသတွေမှာ၊ တိုင်းပြည်အပြင်မှာရပ်တည်ခဲ့တဲ့ နိုင်ငံရေးပါတီဖြစ်တယ်။ ကျွန်တော်တို့ကိုယ်တိုင် ကိုယ်စားလှယ်လောင်းတွေအဖြစ် မှတ်ပုံတင်လို့မရအောင် ကန့်သတ်ထားတဲ့ တည်ဆဲဥပေဒတွေ ရှိပါသေးတယ်။ ဒါတွေကို ကျော်လွှားဖို့ဆိုရင် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ နိုင်ငံရေးပါတီတွေနဲ့ပတ်သက်တဲ့ ဥပဒေတွေ၊ ရွေးကောက်ပွဲဥပဒေမှာပါတဲ့ အကန့်အသတ်တွေကို ပြုပြင်ပေးဖို့ တောင်းဆိုရဦးမယ်။ ရုန်းကန်ရဦးမှာဖြစ်တယ်။ ဒီအခြေအနေတွေကို ကျော်လွှားနိုင်မှ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ရေး၊ မပါဝင်နိုင်ရေးဆိုတာကို စဉ်စားရလိမ့်မယ် ထင်ပါတယ်။ ရွေးကောက်ပွဲကတစ်ဆင့် အပြောင်းအလဲတွေကို ဖော်ဆောင်ရမှာဖြစ်ပေမယ့် အားလုံးအတွက်၊ ကျွန်တော်တို့အတွက် အဲဒီအခြေအနေ ပေး၊ မပေးက အရေးကြီးတယ်။ 

မး ။ ။ ပြည်တွင်းမှာ တရားဝင်ပါတီအဖြစ် ရပ်တည်တော့မယ့် နိုင်ငံရေး အဖွဲ့အစည်းအနေနဲ့ လက်ရှိကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံ၊ ရွေးကောက်ပွဲ ဥပဒေတွေအပေါ် သဘောထားပြောပါဦး။

ဖြေ ။ ။ ရှေ့မေးခွန်းမှာ ကျွန်တော်တို့ သဘောထားတွေကို ဖြေခဲ့ပြီးပါပြီ။ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ကတော့ နည်းနည်း ထပ်ပြောချင်ပါတယ်။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံကို အနှစ်သာရအရ ဒီမိုကရေစီ၊ လူသားတစ်ဦးချင်းစီနဲ့ ဂုဏ်သိက္ခာကိုအာမခံတဲ့ ဥပဒေ၊ တိုင်းပြည်တွင်းမှာ အတူတကွနေထိုင်နေကြတဲ့ တိုင်းရင်းသားလူမျိုးစုအတွက်၊ နောက်လူနည်းစုတွေရဲ့ တန်းတူရေးကိုအာမခံတဲ့ ဥပဒေအဖြစ် ပြင်ဆင်ဖို့လိုပါတယ်။ 

မး ။ ။ ၉၀ ရွေးကောက်ပွဲတုန်းက ဒုတိယလိုက်ခဲ့တဲ့ ပါတီအနေနဲ့ပြန်လည်ရပ်တည်မယ်ဆိုရင် အရင်လို နိုင်ငံရေးသြဇာရရှိအောင် ဘယ်လိုပြန်လည်ထူထောင်မယ်လို့ စိတ်ကူးသလဲ။

ဖြေ ။ ။ (က) ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒုတိယလိုက်ခဲ့တဲ့ ပါတီဆိုတာ မဟုတ်ပါဘူး။ ပါတီတည်ထောင်ပြီးစ ၁၉၈၈ နှောင်းပိုင်းနဲ့ ၁၉၈၉ ခုနှစ်အစပိုင်းတွေမှာ အင်အားအရ၊ ပါတီရဲ့လှုပ်ရှားနိုင်မှု၊ ပြည်သူလူထုအများစုရဲ့ စိတ်ဝင်စားမှု၊ နိုင်ငံတကာရဲ့စိတ်ဝင်စားမှု အရှိန်အဟုန်နဲ့ ရရှိခဲ့တယ်။ နိုင်ငံကြီးအချို့ရဲ့ သံရုံးအစီရင်ခံစာတွေမှာ ဒုတိယ အင်အားအကြီးဆုံးပါတီအဖြစ် ဖော်ပြခဲ့ကြတယ်။ ပါတီကို ရဲဘော်မိုးသီးဇွန် ဦးဆောင်စဉ်ကာလတုန်းကပါ။ အဲဒီလို နိုင်ငံရေးအရ အရှိန်အဟုန်ကြီးမားခဲ့ရတဲ့ အကြောင်းရင်းတွေရှိတယ်။ အဲဒီအကြောင်းရင်းတွေက ... 

၁။ ပါတီဟာ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးအတွင်းမှာ သန္ဓေတည်ခဲ့ပြီး အရေးတော်ပုံတပ်သားတွေက နေရာအနှံ့မှာ ဦးဆောင်စုစည်းခဲ့လို့ ... 

၂။ အဲဒီကာလက စစ်အစိုးရအပေါ် ပြတ်ပြတ်သားသား ရှုမြင်ရပ်တည်ခဲ့လို့ အစိုးရကလည်း ပြင်းပြင်းထန်ထန်ဖိနှိပ်ခဲ့လို့ ... 

၃။ နိုင်ငံရေးပါတီတစ်ရပ် ဆိုတာထက် ကျောင်းသား၊ လူငယ်တွေရဲ့ လှုပ်ရှားမှု၊ ဒီမိုကရေစီရေးလှုပ်ရှားမှု (Democracy Movement) အဖြစ်ခိုင်ခိုင်မာမာရပ်တည်ခဲ့လို့ ... 

၎။ လူထုရဲ့ အခြေခံလိုအပ်ချက်တွေကို နေရာအနှံ့မှာ ရဲရဲဝံ့ဝံ့ ဖော်ထုတ်တိုက်ပွဲဝင်ခဲ့လို့ ... 

၅။ အရေးကြီးဆုံးအချက်ကတော့ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့အရှိန် (Momentum) က အဲဒီကာလတွေမှာ အားကောင်းဆဲပဲဖြစ်ခဲ့လို့ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ ယူဆတယ်။ အခြားအချက်အလက်တွေ ရှိနိုင်ပါသေးတယ်။ 

(ခ) ဒီနေ့ကာလ ပါတီတည်ဆောက်ရေးကိစ္စတွေကတော့ ပိုပြီး အခက်အခဲတွေနဲ့ တွေ့နိုင်တယ်။ အရင်ကလို Momentum မျိုးရနိုင်ဖို့ နောက်ခံအခြေအနေကလည်း အတော်ကွာခြားသွားပြီ။ သို့သော်လည်း ဘယ်လောက်ပဲ ခက်ခဲခက်ခဲ ရင်ဆိုင်ရမှာ၊ ကျော်လွှားရမှာ၊ တည်ဆောက်ရမှာက ယနေ့ပါတီကို တာဝန်ယူထားတဲ့ ကျွန်တော်တို့ရဲ့တာဝန်ပါပဲ။ ကျွန်တော်တို့ပါတီကို သိပ်သည်းကျစ်လျစ်ပြီး အရည်အချင်းကောင်းတဲ့ ပါတီတစ်ရပ်၊ ပြည်သူကို တကယ်ပဲ အလုပ်အကျွေးပြုတဲ့ ပါတီတစ်ရပ်အဖြစ် တည်ဆောက်လိုတယ်။ သိပ်သည်းကျစ်လျစ်တဲ့ပါတီလို့ ပြောပေမယ့် ပါတီကို နိုင်ငံရေးအရ ရင့်ကျက်မှုရှိတဲ့ ပညာတတ်ပုဂ္ဂိုလ် (Intellectual) အချို့ကပဲ စုစည်းတဲ့ ပါတီမျိုးမဟုတ်ဘဲနဲ့ တန်းတူရေး၊ တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ ဒီမိုကရေစီရေးအတွက် ရုန်းကန်ကြိုးစားနေကြတဲ့ လူ့အဖွဲ့အစည်းရဲ့ အလွှာအသီးသီးထောင့် အသီးသီးက တက်ကြွလှုပ်ရှားသူတွေနဲ့ စုစည်းတဲ့ ပါတီ၊ အဲဒီတက်ကြွလှုပ်ရှားသူတွေရဲ့ ပါတီအဖြစ် တည်ဆောက်လိုတယ်။ အဲဒါကို ဦးတည်ပြီး တည်ဆောက်သွားမယ်။ ဒါဆိုရင် ကျွန်တော်တို့ပါတီအနေနဲ့ နိုင်ငံရေးအရ ဂုဏ်သိက္ခာရှိတဲ့ ပါတီတစ်ရပ်အဖြစ် ပြည်သူကို တကယ်ပဲ လက်တွေ့မှာ အလုပ်အကျွေးပြုတဲ့ ပါတီတစ်ရပ်အဖြစ် ရပ်တည်လာနိုင်လိမ့်မယ်။ 

မး ။ ။ နိုင်ငံရေးသမားတစ်ဦးချင်းစီရဲ့ အရည်အချင်းအပြင် ပုဂ္ဂိုလ်ရေးယုံကြည်အားကိုးမှုနဲ့ ပေါ်လွင်ထင်ရှားမှုအပေါ် မူတည်ပြီး လူထုအကြိုက်ကွဲပြားနေတဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေအပေါ် ဦးအောင်မိုးဇော် ဘယ်လိုယုံကြည်မှုနဲ့ ပြန်ခြေချမလဲ။

ဖြေ ။ ။ (က) ကျွန်တော့်အနေနဲ့ရော ကျွန်တော်တို့ပါတီအနေနဲ့ရောပေါ့နော်။ တိုင်းပြည်ရဲ့ နိုင်ငံရေးလှုပ်ရှားမှု၊ ဒီမိုကရေစီရေးလှုပ်ရှားမှုထဲကနေပြီး တစ်ခါမှ အချိန်အချို့လောက်တောင်မှ အပြင်ကိုရောက်သွားခဲ့တယ်ဆိုတာ မရှိခဲ့ပါဘူး။ ဒီလှုပ်ရှားမှုထဲမှာပဲ အရွယ်ရောက်စကနေ ယနေ့အထိ နက်နက်ရှိုင်းရှိုင်းရှိနေခဲ့တာပါ။ ဒီအတွက် “ပြန်လည်ခြေချ” ဆိုတဲ့ စကားအသုံးအနှုန်းကတော့ ကျွန်တော်အတွက် ပြဿနာရှိပါတယ်။ 

(ခ) ယနေ့ ကျွန်တော်တို့တိုင်းပြည်ဟာ ခိုင်မာတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို မိမိရရ မဆုပ်ကိုင်နိုင်သေးဘူး ဖြစ်တယ်။ ခိုင်မာတဲ့ ငြိမ်းချမ်းရေးကို မတည်ဆောက်နိုင်သေးဘူး ဖြစ်တယ်။ ဒီအတွက်လည်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ်ကို မရောက်သေးဘူး။ ဒီအတွက် အလုပ်လုပ်စရာတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေနဲ့ လက်တွဲပြီး ခုနကကိစ္စတွေကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် လုပ်ကိုင်နိုင်လိမ့်မယ်။ အခက်အခဲတွေကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်။ 

(ဂ) အချို့ကျွန်တော်တို့ရဲ့ သက်တူရွယ်တူ မျိုးဆက်တူတွေရဲ့ ပြောဆိုချက်တွေကို ကြားနေရတယ်။ ၂၀၁၅ အလွန် နိုင်ငံရေး ၊ ၂၀၂၀ ရွေးကောက်ပွဲ စသည်ဖြင့် အဲဒီအတွက် လူပုဂ္ဂိုလ်တွေအပေါ် မူတည်ပြီး သုံးသပ်ပြောဆိုကြနေကြတယ်။ ကျွန်တော်တစ်ဦးတည်းအနေနဲ့ဖြစ်ဖြစ်၊ ပါတီအနေနဲ့ ဖြစ်ဖြစ် အဲဒီပြောသံဆိုသံတွေကို နားမလည်သလို စိတ်လည်း မဝင်စားဘူး။ ကျွန်တော့်စိတ်ဝင်စားမှုက ကျွန်တော်တို့ပါတီကို Party Platform အပေါ်မှာ အခြေခံစုစည်းတဲ့ ပါတီဖြစ်အောင် သိပ်သည်းကျစ်လျစ် အရည်အသွေးကောင်းတဲ့ ပါတီဖြစ်အောင် ဘယ်လိုတည်ဆောက်မလဲဆိုတာပဲ။ နောက် အခြားနိုင်ငံရေးပါတီတွေကိုရော ကျန်းမာသန်စွမ်းတဲ့ ပါတီတွေဖြစ်အောင် ဘယ်လိုကူညီနိုင်မလဲ၊ ဘယ်လို ပူးပေါင်းပြီး အခြေအနေတွေနဲ့ ကိုက်ညီတဲ့ နိုင်ငံရေးပါတီစနစ် (Party System) ကျွန်တော်တို့တိုင်းပြည်မှာ ပေါ်ထွန်းလာအောင် ဘယ်လိုကြိုးစားကြမလဲ ဆိုတာပါပဲ။ အခု Nation Building တို့ State Building တို့ ပြောဆိုနေကြတာ ရှိပါတယ်။ ကိုယ်ဝါသနာပါတဲ့ ကိုယ်စိတ်ဝင်စားတဲ့အပိုင်းမှာ ကိုယ်တတ်စွမ်းသရွေ့ အုပ်တစ်ချပ်ဖြစ်ဖြစ် သဲတစ်ပွင့်အနေနဲ့ ဖြစ်ဖြစ်၊ ပါဝင်ဆောင်ရွက်သွားချင်ပါတယ်။ 

(ဃ) နိုင်ငံရေးမှာ ခေါင်းဆောင်တွေ၊ လူပုဂ္ဂိုလ်တွေရဲ့အခန်းကဏ္ဍ အရေးကြီးပါတယ်။ ကျွန်တော်တို့တိုင်းပြည်အတွက်ဆို ပိုပြီးလိုအပ်နေသေးတယ်။ အဲဒီလူပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေရဲ့ သဘောထားတွေက တိုင်းပြည်ရဲ့ ကံကြမ္မာအပေါ်သက်ရောက်တာပါပဲ။ ဒါပေမဲ့ အဆိုးတွေထဲက အကောင်းလို့ ပြောရမလား မသိဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည်လို၊ ကိုမင်းကိုနိုင်လို ခေါင်းဆောင်မျိုးတွေကို ရရှိထားတာပါပဲ။ အချို့က ဒီလိုပုဂ္ဂိုလ်မျိုးတွေရဲ့အရှိန်သြဇာကို မလွန်ဆန်နိုင်တော့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ ဆည်းကပ်မှုတို့ဆိုတာတွေကို ရေတိုအမြင်နဲ့ ပုံကြီးချဲ့နိုင်တယ်။ အပြစ်တင်နိုင်တယ်။ ကျွန်တော်ယုံကြည်တာက ဒီခေါင်းဆောင်တွေရဲ့ အရှိန်အဝါတွေဟာ ကျွန်တော်တို့လိုချင်တဲ့ နိုင်ငံရေးယဉ်ကျေးမှုကို တည်ဆောက်သွားဖို့ အရမ်းအခရာကျတယ်ဆိုတာပါပဲ။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး ရေချိန်မြင့်လာတာနဲ့အမျှ ကျွန်တော်တို့ မြင်ချင်တဲ့ နိုင်ငံရေးယဉ်ကျေးမှု၊ ဒီမိုကရေစီယဉ်ကျေးမှု စတာတွေကို ကျွန်တော်တို့ တိုင်းပြည်မှာ လူ့အဖွဲ့အစည်းမှာ တွေ့လာရမှာပါပဲ။ တာရှည်မယ်။ ခက်ခဲမယ်။ အန္တရာယ်နဲ့ ကြုံရနိုင်တယ်။ ဒါတွေကို ညှိပြီးရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်တော်တို့လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပါ။ 

မး ။ ။ လက်ရှိအစိုးရ သက်တမ်းကုန်ဖို့ (၃၁)လပဲ လိုတော့တယ်။ ပြီးခဲ့တဲ့ ကာလတွေမှာ အစိုးရရဲ့ လုပ်ဆောင်မှုတွေထဲက ဘယ်လိုအရာတွေကို ကျေနပ်အားရပါသလဲ။ ဘာတွေက မကျေနပ်စရာဖြစ်နေပါသလဲ။

ဖြေ ။ ။ (က) လယ်သိမ်း၊ ယာသိမ်းကိစ္စတွေကို သေသေချာချာ မူဝါဒချ မှတ်ပြီး မဖြေရှင်းနိုင်တာ။ 

(ခ) ဒီနေ့အထိ အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလစာနဲ့ပတ်သက်လို့ မသတ်မှတ်နိုင်သေးတာ။ 

(ဂ) တိုင်းပြည်ဖွံ့ဖြိုးဖို့အတွက် အခြေခံကျတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုနဲ့ပတ်သက်လို့ အစိုးရရဲ့ ထိရောက်တဲ့ကြိုးစားမှု မတွေ့ရသေးတာ။ ပညာရေးကဏ္ဍမှာ ဦးစားပေးပြီး ထိထိရောက်ရောက် ရင်းနှီးမြှုပ်နှံမယ်ဆိုတဲ့လက္ခဏာ မတွေ့ရသေးတာ။ 

(ဃ) လူမျိုးရေး၊ ဘာသာရေးအခြေခံ အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်တာ။ ခြုံပြီးပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ငြိမ်းချမ်းမှုတည်ဆောက်ရေးကိစ္စတွေမှာ အချိန်ဇယား ရှိစေချင်တယ်။ တိကျတဲ့ Mechanism တွေ ရှိစေချင်တယ်။ လူထုကို သေသေချာချာ ချပြသင့်တယ်။ တိုင်းပြည်မှာ National Accord ရှိဖို့ အရမ်းလိုအပ်နေပြီ။ 

မး ။ ။ အခုလက်ရှိ အဝေးရောက်ပါတီတစ်ခုအနေနဲ့ နိုင်ငံရေးပွင့်လင်းလာချိန်မှာ ဘယ်လိုနိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ဖြစ်ပါသလဲ။

ဖြေ ။ ။ ကျွန်တော်တို့ပါတီကို မြေအောက်ပါတီတစ်ခုအနေနဲ့ရှုမြင်ရင် ပိုပြီးမှန်ကန်လိမ့်မယ် ထင်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော်က ဌာနချုပ်အဖြစ် ထိုင်း-မြန်မာနယ်စပ်မှာ ရပ်တည်ထားခဲ့ပေမယ့် ကျွန်တော်တို့ပါတီတွေ နေရာအနှံ့အပြားမှာ ရှိနေခဲ့တာပါပဲ။ အခု အဲဒီရဲဘော်အားလုံးပြန်လည်စုစည်းပြီး မြေပေါ်မှာ တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်ဖို့ပြင်ဆင်ကြိုးစားနေတယ်။ ကနေ့ နိုင်ငံရေးကိုဖြတ်သန်းဖို့ ညီနောင် မဟာမိတ်တွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ အမြင်ညှိနှိုင်းမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ပါတီအနေနဲ့တော့ ကနေ့ နိုင်ငံရေးအခြေအနေတွေအောက်မှာ ပါတီနဲ့ဆက်စပ်တဲ့ လူငယ်အင်အားစုတစ်ခုပေါ်ပေါက်နိုင်ရေး အာရုံစိုက်ပြီး ကြိုးပမ်းနေပါတယ်။ ဖက်ဒရယ်ကိစ္စ၊ အခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ အလုပ်သမား လယ်သမားကိစ္စ စတာတွေနဲ့ ပတ်သက်လို့တော့ လေ့လာမှုတွေ ဆွေးနွေးမှုတွေ အဆက်မပြတ်ရှိနေပါတယ်။ 

မး ။ ။ ရွေးကောက်ပွဲမှာ PR (အချိုးကျ ကိုယ်စားပြုစနစ်)အပေါ် ဘယ်လိုမြင်ပါသလဲခင်ဗျ။

ဖြေ ။ ။ ကျင့်သုံးဖို့ စောသေးတယ်လို့ ပြောချင်ပါတယ်။ 

မး ။ ။ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနဲ့ NLD ပါတီဥက္ကဋ္ဌတို့ အခုလို တပူးတွဲတွဲဖြစ်လာတဲ့အပေါ် ပြည်တွင်းနိုင်ငံရေး သုံးသပ်သူတွေက ကြိုဆိုကြတာရှိတယ်။ လွှတ်တော်မှာဖြစ်လာမယ့် အပေးအယူတစ်ခုလို့လည်း ပြောကြတယ်။ ဦးအောင်မိုးဇော်ရဲ့အမြင်ကို ပြောပါဦး။

ဖြေ ။ ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်က နည်းနည်းလေးမှသွေဖည်မယ့် ခေါင်းဆောင်မဟုတ်ဘူးလို့ ကျွန်တော် ယုံတယ်။ 

မး ။ ။ အသံကျယ်ကျယ်လောင်လောင် ပြောနေတဲ့ အချိုးကျကိုယ်စားပြုစနစ် (PR) ကနေ ညွန့်ပေါင်းဆိုတာကို လှည့်လာတာတွေ့ရပါတယ်။ ဦးအောင်မိုးဇော်တို့ပါတီအနေနဲ့ဆိုရင် ညွန့်ပေါင်းကိစ္စကိုဘာပြောမလဲ။

ဖြေ ။ ။ ကျွန်တော်တို့ပြည်သူတွေက ဒီမိုကရေစီကို တကယ်ဖော်ဆောင်မယ့် တိုင်းပြည်ကို တကယ်ငြိမ်းချမ်းအောင်၊ ဖွံ့ဖြိုးအောင်လုပ်မယ့်ပါတီကိုပဲ ပုံအောပြီး ထောက်ခံလိမ့်မယ်လို့ ကျွန်တော်ယုံကြည်တယ်။ 

မး ။ ။ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေအပေါ် ထပ်မံဖြည့်စွက်ပြောချင်တာများရှိရင်ပြောပါဦး။

ဖြေ ။ ။ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုကိုအခြေခံတဲ့ လှုပ်ရှားမှုတွေ၊ အကြမ်းဖက်မှုတွေဟာ ကျွန်တော်တို့ တည်ဆောက်ချင်တဲ့ ဒီမိုကရေစီနိုင်ငံရေးစနစ်အတွက် အလွန်ကြီးမားတဲ့အန္တရာယ်ပါပဲ။ အစွန်းရောက်တဲ့ အမျိုးသားရေး ပြောဆိုလှုပ်ရှားမှုတွေကို ကာကွယ်ဖို့၊ တားဆီးဖို့၊ ထိန်းသိမ်းဖို့ကိစ္စတွေဟာ အစိုးရမှာ တာဝန်ရှိပါတယ်။ နိုင်ငံရေးအင်အားစုတွေ အရပ်ဘက်လူ့အဖွဲ့အစည်းတွေ တာဝန်သိ တိုင်းသူပြည်သားတွေမှာလည်း တာဝန်ရှိပါတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ပြီး ထိန်းသိမ်းကြစေချင်ပါတယ်။ ဒီလိုလှုပ်ရှားမှုတွေကို ကာကွယ်တားဆီးဖို့ အစိုးရမှာ တာဝန်အရှိဆုံးလို့ ထပ်ဆင့်ပြီး ကျွန်တော့်သဘောထားကို ပြောချင်ပါတယ်။ 

မးမြန်းသူ - သီဟ၊ ဓာတ်ပုံ - ဂျေမောင်မောင် (အမရပူရ) 

7Day News Journal မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 

No comments:

Post a Comment