Sunday, June 2, 2013

အုတ်ဖိုမှ ပေါင်းလောင်းသို့ - နီလွင်သွေး (ဒဿနိက)

ကျနော်တို့ခေတ်မှာ
မွှေးကြိုင် ဆိုတဲ့အမည်နာမ မပါရင်
အုတ်ဖိုသမိုင်းကြောင်းနဲ့
ပဲခူးတိုင်းအနောက်ခြမ်း
သမိုင်းဖြတ်သန်းမှုက
မပြည့်စုံလှဘူး။

ဘဝမှာ တသက်တာ အိမ်ပြန်မလာနိုင်တော့တဲ့
မဆုံးတဲ့ခရီးရှည်ကိုနှင်ရင်း
လူထုအပေါ်မှာထားတဲ့သစ္စာကို
သူ့အသက်ခနွာနဲ့ ရင်းခဲ့ပေါ့။

ကိုယ်လွတ်မရုန်း
အမာခံလူထုကို အဆုံးအရှုံးမခံ
တော်လှန်ရေးသမား
သူရဲကောင်း ကျောင်းသားတယောက်
မဖောက်မပြန် သစ္စာမှန်ခဲ့တယ်။


အသက် ၈၈ နှစ်အရွယ်
သူရဲကောင်းတယောက်ရဲ့အမေဟာ
သားပြန်လာချိန်ကိုမျှော်စောင့်နေရင်း
နွေဦး နှစ်ဆယ့်ငါးနှစ်တိုင်
အိမ်မပြန်နိုင်သေးတဲ့သား
ပြန်လာမည့်ရက်
အသက်ရှင်လျှက် စောင့်မျှော်ဆဲ။

၁၉၉၅ ခုနှစ်
ပြည်သူ့တပ်သား
ကျောင်းသားစစ်သည်
ဒီမိုကရေစီရေး
ငြိမ်းချမ်းရေး
သွေးနဲ့ သစ္စာဆောက်တည်
နီရင့်ခဲ့။

ပဲခူးတိုင်းအနောက်ခြမ်း သွေးစည်းရေးကြယ်နီ
အလယ်ပိုင်းအခြေခံဒေသ ပေါင်းလောင်းဂွင်ဆီ
တော်လှန်ရေးခရီးရှည်ထဲက
ကျောင်းသားခေါင်းဆောင် မွှေးကြိုင်
ကျောင်းသားစစ်သည် မွှေးကြိုင်
ပြည်သူ့တပ်သား ဆေးမှူးကိုဦး
တပ်ဦးဒေါင်းအလံ
သူရဲကောင်းဒေါင်းတမာန်
ကျောင်းသားအာဇာနည်
နီခဲ့ ချွန်ခဲ့။

အုတ်ဖိုမှ ပေါင်းလောင်းသို့
ဒေါင်းတမာန်လျှင်
ဆင်ခွန်ရွာဘက်သို့ထွက်ရာ
ဆင်ကွင်းရွာသစ်ထိပ်
သူရဲကောင်းဗိမာန်ဆီ
အလေးနီပြုပါရဲ့။

အမေအို
သားရဲ့ကိုယ်စား
စာစကားဖြင့်
ရဲရင့်သည့်သား
ချစ်သည့်သားကို
လေးစားဦးညွှတ်ခဲ့ပါကြောင်း။ ။

နီလွင်သွေး (ဒဿနိက) 
ဇွန် ၂၊ ၂၀၁၃ တနင်္ဂနွေနေ့
ည - ၁ နာရီ ၁၅ မိနစ်

ဓာတ်ပုံမှာ ရဲဘော်မွှေးကြိုင် ခေါ် ကိုဦးရဲ့ မိခင်ဖြစ်ပါတယ်။


 

No comments:

Post a Comment