Thursday, September 6, 2012

တရားဝင် ပြန်လည်လှုပ်ရှားခွင့်ရရေးဟာ အဓိကရည်မှန်းချက်

မြန်မာနိုင်ငံထဲမှာ နိုင်ငံရေးပါတီတစ်ရပ်အနေနဲ့ တရားဝင် ပြန်ပြီး လှုပ်ရှားခွင့်ရဖို့ ရှေ့ကို တစ်လှမ်းပိုတိုးလာပြီလို့ နှစ် ၂၀ လောက် ထိုင်း-မြန်မာနယ်စပ်မှာ အခြေစိုက်လှုပ်ရှားခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြောပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့တွေ့ဆုံပြီး ပါတီ ပြန်ပြီးတော့ထူထောင်ဖို့နဲ့ နိုင်ငံရေးကိစ္စတွေကို ဆွေးနွေးဖို့အတွက် ဒီကနေ့ပဲ မြန်မာ နိုင်ငံကို ပြန်ရောက်လာတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ပြောပါတယ်။

အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ မခင်ဖြူထွေးက ပြောပြပါတယ်ရှင် … …။

မခင်ဖြူထွေး ။ ။ ဟုတ်ကဲ့ပါ ဒီရက်ပိုင်း ကျောင်းသားခေါင်းဆောင်ဟောင်းတွေ နောက်ပြည်ပ အခြေစိုက် နိုင်ငံရေးအဖွဲ့အစည်း ခေါင်းဆောင်တွေ အစိုးရရဲ့ ဖိတ်ခေါ်ချက်နဲ့ မြန်မာနိုင်ငံထဲကို ပြန်သွားနေကြရာမှာ ၁၉၈၈ ခုနှစ် နောက်ပိုင်း မြန်မာနိုင်ငံမှာ ဒုတိယ အင်အားအကြီးဆုံး နိုင်ငံရေးပါတီတခုဖြစ်ခဲ့တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ လက်ရှိ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်လည်း ပါဝင်ပါတယ်။


ဒီကနေ့ နေ့လည်ပိုင်းကပဲ မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဦးအောင်မိုးဇော်က ပြည်တွင်းမှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တရားဝင် ပြန်လည်လှုပ်ရှားခွင့်ရရေးဟာ သူ့ခရီးစဉ်ရဲ့ အဓိကရည်မှန်းချက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဦးအောင်မိုးဇော် ။ ။ အဓိကမျှော်လင့်ချက်ကတော့ ၂ ခုပဲ။ တစ်ခုကတော့ ကျနော်တို့ပါတီ ဒီမှာ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ပါနိုင်ဖို့ ကိစ္စကို အစိုးရပိုင်းက ပုဂ္ဂိုလ်တွေနဲ့တွေ့ရင် ကျနော်တို့ ဆွေးနွေးမယ် တင်ပြမယ်။ ဒါတစ်ချက်၊ ဒုတိယတစ်ချက်ကတော့ ကျနော်တို့ ရဲဘော် ရဲဘက်တွေနဲ့ တွေ့မယ်၊ ကျနော်တို့ ပါတီရှေ့ရေးကိစ္စတွေကို ဆွေးနွေးမယ်။ နောက်တစ်ခုကတော့ ကျနော်တို့ မဟာမိတ်အဖွဲ့ အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ သူတို့ရဲ့ အမြင်သဘောထားတွေကို နားထောင်မယ်၊ ဒါတွေကို ပြည့်ပြည့်စုံစုံ နားထောင်ပြီးတော့မှ ကျနော်တို့ ရှေ့ကို ဘာဆက်ပြီးတော့လုပ်ရင် ကောင်းမလဲဆိုတဲ့ကိစ္စတွေကို ဆုံးဖြတ်လို့ ရမှာပါ။ ကျနော့်ခရီးစဉ်ကတော့ တွေ့သင့်တွေ့ထိုက်တဲ့ နိုင်ငံရေး ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့တွေ့ဖို့၊ ကျနော်တို့ ရဲဘော်တွေနဲ့ တွေ့ဖို့၊ သူတို့သဘောထားတွေကို နားထောင်ဖို့၊ တစ်ပိုင်းကလည်း အစိုးရပိုင်းက ပုဂ္ဂိုလ်တွေ ကျနော်တို့ရဲ့ အမြင်၊ ကျနော်တို့ ပါတီနဲ့ ပတ်သက်တဲ့ ကျနော်တို့ လုပ်ချင်တဲ့ ကိစ္စတွေ ပြောဆိုဆွေးနွေးဖို့ တင်ပြဖို့ ဖြစ်ပါတယ်။

မခင်ဖြူထွေး ။ ။ အခုလို မြန်မာနိုင်ငံကို ပြန်လည်လာရောက်ခွင့်ရပြီး အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့် ရလာတဲ့အတွက် ပါတီအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာ တရားဝင် ပြန်လည်လှုပ်ရှားနိုင်ဖို့ ရှေ့တစ်လှမ်းတိုးလာပြီလို့ ယူဆတဲ့အကြောင်းလည်း ဦးအောင်မိုးဇော်က ပြောပါတယ်။

ဦးအောင်မိုးဇော် ။ ။ ဘယ်လိုခေါ်မလဲ၊ ကျနော်တို့ ဖြစ်ချင်တဲ့ဆန္ဒတွေက ပိုပြီးတော့ နီးလာတယ်လို့ ခံစားရတယ်။ ပိုပြီးတော့ တိုးတက်လာတယ်၊ ရှေ့ကို တစ်လှမ်းပိုတိုးလာတယ်လို့ပဲ ကျနော် ပြောချင်တယ်။

မခင်ဖြူထွေး ။ ။ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့အစီအစဉ်နဲ့ ဦးအောင်မိုးဇော် မြန်မာနိုင်ငံကို အခုလို ရောက်လာတာဖြစ်သလို ခရီးရောက်မဆိုက် အစီအစဉ် အသေးစိတ်ကို မသိရသေးပေမယ့် ဒီလ ၆ ရက်နေ့ကနေ ၁၁ ရက်နေ့ အတွင်းမှာ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီးတော့ သမ္မတဦးသိန်းစိန်နဲ့လည်း တွေ့ဆုံဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ချင်တဲ့အကြောင်းကိုလည်း တာဝန်ရှိသူတွေကို အကြောင်းကြားထားတယ်လို့ သူက ပြောပါတယ်။ အနှစ် ၂၀ ကျော်ကာလအတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် ပြန်လည်လာရောက်ခွင့်ရခဲ့တဲ့ ဦးအောင်မိုးဇော်ကို လူ့ဘောင်သစ်ပါတီဝင်တွေ၊ မိတ်ဆွေတွေနဲ့ ထောက်ခံသူတွေ အများအပြားက လေဆိပ်မှာ လာရောက်ကြိုဆို နှုတ်ဆက်ခဲ့ကြပါတယ်။ သူ့အနေနဲ့ အခုလို ပြန်ရောက်လာတဲ့အပေါ်မှာ ဖော်ပြလို့မရတဲ့ ခံစားမှုမျိုးနဲ့ ဝမ်းသာဝမ်းနည်း ဖြစ်ရတယ်လို့လည်း ဦးအောင်မိုးဇော်က ပြောပါတယ်။

ဦးအောင်မိုးဇော် ။ ။ ကျနော် မပြောတတ်ဘူးဗျ၊ ဝမ်းနည်းသလိုလို၊ ဝမ်းသာသလိုလို။ မနေ့ကဆို တစ်နေ့လုံးလည်း ကျနော် ဘာမှ လုပ်လို့မရဘူး၊ လေယာဉ်ပေါ်မှာလည်း နေမထိ ထိုင်မသာဘဲ။ လေယာဉ်ကွင်းဆင်းလာတော့ လာကြိုတဲ့သူတွေ အများကြီး တွေ့ရတဲ့အခါကျတော့ ဘယ်လိုခေါ်မလဲ ရင်ထဲဆို့လာတယ်ပေါ့။ ဝမ်းနည်းတာလိုလို ဝမ်းသာတာလိုလို ခံစားမှုကို ဘယ်လိုခံစားရလဲဆိုတာကို ကျနော် မပြောတတ်ဘူးဗျ။

မခင်ဖြူထွေး ။ ။ ဦးအောင်မိုးဇော်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနောက်ပိုင်း လူ့ဘောင်သစ်ပါတီဝင်တွေကို စစ်အစိုးရက ဖမ်းဆီးထောင်ချမှုတွေနဲ့ နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းတာတွေလုပ်ခဲ့ပြီးတဲ့နောက် နယ်စပ်ကို ထွက်ပြေး တိမ်းရှောင်ခဲ့တဲ့ ပါတီခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်။ အနှစ် ၂၀ ကျော်လောက် ပြည်ပမှာ လှုပ်ရှားခဲ့ပြီးတဲ့နောက် အခု တစ်ကြိမ် ပြန်လည်ရောက်ရှိလာတဲ့ သူ့ရဲ့ခရီးစဉ်အတွင်းမှာ သတင်းသုံးပတ်လောက် မြန်မာနိုင်ငံမှာရှိနေမှာဖြစ်ပြီးတော့ အစိုးရပိုင်းက တာဝန်ရှိသူတွေ၊ လူဘောင်သစ်ပါတီဝင်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့တွေ၊ NLD နဲ့ တိုင်းရင်းသား နိုင်ငံရေးအဖွဲ့အစည်းတွေ အပါအဝင် အတိုက်အခံ နိုင်ငံရေးအင်အားစုတွေနဲ့ တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ထားတယ်လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး အပြီး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမိုးသီးဇွန် ဦးဆောင်ပြီးတော့ လူငယ်ကျောင်းသားတွေ၊ အလုပ်သမား၊ လယ်သမားတွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့ နိုင်ငံရေးပါတီတစ်ခု ဖြစ်ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း စစ်အစိုးရရဲ့ အပြင်းအထန် နှိမ်နင်းမှုတွေကြောင့် နယ်စပ်ဒေသကို ပြောင်းရွှေ့လှုပ်ရှားခဲ့ရတဲ့ အဖွဲ့တစ်ခုလည်း ဖြစ်ပါတယ်။

(VOA 3-9-2012) 


 

No comments:

Post a Comment