Friday, September 7, 2012

ကျနော်တို့ ရဲဘော်တွေကတော့ ဒီနေ့အခြေအနေထိ လူ့ဘောင်သစ်စိတ်ဓာတ် ရှိသေးတယ်

သောတရှင်များရှင့် … ရှစ်လေးလုံး ဒီမိုကရေစီအရေးအခင်းက ပေါက်ပွားလာခဲ့ပြီး အခု ထိုင်းနိုင်ငံအခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ဟာ မနေ့က ရန်ကုန်မြို့ကို ရောက်လာပါတယ်။

ဒီရက်ပိုင်းအတွင်း တခြားခေါင်းဆောင်ဟောင်းတွေလည်း ခေတ္တပြန်ရောက်လာကြလို့ နှစ် ၂၀ ကျော်ကာလမှာ ပထမဦးဆုံးရောက်လာတဲ့ ဦးအောင်မိုးဇော်အနေနဲ့ ဒီခရီးစဉ်ဟာ မျှော်လင့်ထားတဲ့ပုံစံ ဖြစ်နေပြီလားလို့ ကိုမိုးမြင့်က မေးကြည့်ပါတယ်။

ဦးအောင်မိုးဇော် ။ ။ အဲဒီအခြေအနေတော့ မရှိသေးဘူး ထင်တယ်ဗျာ၊ ဘာကြောင့်လဲဆိုတော့ အခု ကျနော်တို့လာတာ ဒီမှာ ခဏပဲ ခွင့်ပြုတာ ဖြစ်တယ်။ ဒီမှာ အစိုးရပိုင်းက ပုဂ္ဂိုလ်တွေနဲ့ ကျနော်တို့ တွေ့မယ်၊ ကျနော်တို့ နိုင်ငံရေးပါတီတခုအနေနဲ့ ဒီကနေ့ တိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်စဉ်ထဲမှာ ဝင်ပါဖို့ဆိုတဲ့ကိစ္စကို ဆက်လက်ပြီးတော့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ ပထမ တစ်ချက်ပေါ့၊


ဒုတိယ တစ်ချက်ကတော့ ဒီမှာရှိတဲ့ ညီအကိုမောင်နှမတွေရဲ့ အသံတွေ၊ တခြားနိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးပုဂ္ဂိုလ်တွေရဲ့ အသံတွေကိုလည်းပဲ ကျနော်တို့ တွေ့ဆုံပြီးတော့ နားထောင်ရမယ်ပေါ့နော့်။

ကိုမိုးမြင့် ။ ။ အခု ပြန်လာတာကျတော့ လူ့ဘောင်သစ်ပါတီ ဥက္ကဋ္ဌတာဝန်အနေနဲ့ လာတာပါလား။

ဦးအောင်မိုးဇော် ။ ။ စီစဉ်သူတွေကတော့ ကျနော်ကို ပုဂ္ဂိုလ်ရေးအရ၊ သို့မဟုတ်လို့ရှိရင် ပါတီဥက္ကဋ္ဌအနေနဲ့ ဖိတ်တာ ဖြစ်ပါတယ်။ အဲတော့ ကျနော်တို့ ပါတီနဲ့ ညှိတယ်၊ ညှိတယ်အခါကျတော့ ကျနော်တို့ပါတီက ပါတီကို ကိုယ်စားပြုပြီးသွားပါလို့ တာဝန်ပေးတဲ့အတွက် ကျနော် ပါတီကိုကိုယ်စားပြုပြီး ဒီကိုလာတာ ဖြစ်ပါတယ်။

ကိုမိုးမြင့် ။ ။ အခုပြန်လာတဲ့ တချို့ခေါင်းဆောင်တွေကလည်း ပြောတယ်။ ပြည်တွင်းမှာ ဘယ်လိုလုပ်နိုင်မလဲဆိုတာကို သူတို့ကြည့်ကြမယ်လို့ ပြောတယ်၊ ဦးအောင်မိုးဇော်ရော ဘာတွေလုပ်နိုင်မယ်လို့ အခု မြင်ထားတာရှိပါလဲခင်ဗျား။

ဦးအောင်မိုးဇော် ။ ။ ရှစ်ဆယ့်ရှစ်က ကျနော်တို့ တရားဝင်နိုင်ငံရေးပါတီတရပ်အနေနဲ့ ဖြစ်ဖို့ လိုတယ်၊ တရားဝင် နိုင်ငံရေးပါတီဖြစ်ဖို့ဆိုလို့ရှိရင် အစိုးရက ခွင့်ပြုဖို့လိုလိမ့်မယ်၊ ဒုတိယတချက် ကျနော်တို့ ဒီမှာရှိတဲ့ လူ့ဘောင်သစ် ပြည်တွင်းအပေါ်နော် ကိုဇေယျတို့လုပ်တာ ရှိတယ်။ တခြား လူ့ဘောင်သစ်အင်အားစုတွေ ရှိတယ်၊ ဒီအင်အားစုတွေနဲ့ ညှိနှိုင်းပြီးတော့ အားလုံးပါတဲ့ တစုတည်းသော လူ့ဘောင်သစ်အဖြစ်ရပ်တည်ဖို့ကိစ္စ ကျနော်တို့ရဲ့ အန္တိမ ရည်မှန်းချက်တခု ဖြစ်ပါတယ်။

ကိုမိုးမြင့် ။ ။ အခု မြန်မာနိုင်ငံတွင်းမှာ ဒီနိုင်ငံရေးအပြောင်းအလဲတချို့ရှိခဲ့တာဆိုရင် တစ်နှစ်ကျော်လောက်ရှိခဲ့ပြီဆိုတော့ အရင်တုန်းကတည်းက လှုပ်ရှားခဲ့တဲ့ လူ့ဘောင်သစ်ပါတီ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ခေတ်အနေနဲ့ ရှိသေးလား မြန်မာ့နိုင်ငံရေးအတွင်းမှာ ပြန်လုပ်နိုင်ဖို့ အနေအထားက အခက်ခဲတွေရှိနေလား ခင်ဗျား။

ဦးအောင်မိုးဇော် ။ ။ ပြည်တွင်းမှာပဲ ပြန်လာလုပ်လုပ်၊ အပြင်မှာပဲ ပြန်လာလုပ်လုပ်၊ တော်လှန်ရေးနယ်မြေမှာပဲ လုပ်လုပ် အခက်အခဲတွေက အများကြီးပဲပေါ့၊ တစ်ခုရှိတာ ကျနော်တို့ ရဲဘော်တွေကတော့ ဒီနေ့အခြေအနေထိ လူ့ဘောင်သစ်စိတ်ဓာတ် ရှိသေးတယ်၊ ကျနော်တို့ရဲ့ရည်မှန်းချက်ကတော့ အနိမ့်ဆုံးအဆင့်ပေါ့ဗျာ၊ Responsible ဖြစ်တဲ့ အတိုက်အခံနိုင်ငံရေးပါတီတခု တည်ဆောက်မယ်ဆိုတဲ့ ခံယူချက် ရှိပါတယ်၊ ကျနော် ဒီအခက်အခဲတွေကို ကျနော် ရင်ဆိုင်နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

ကိုမိုးမြင့် ။ ။ ရောက်တာကတော့ နေ့တရက် မပြည့်သေးပါဘူး၊ ဒါပေမယ့် တွေ့ပြီသလောက် အခြေအနေမှာရော လူတွေရဲ့ လူ့ဘောင်သစ်ပေါ်ထားတဲ့သဘောထား ဦးအောင်မိုးဇော်အနေနဲ့ ဘယ်လို တွေ့ရပါသလား ခင်ဗျား။

ဦးအောင်မိုးဇော် ။ ။ ဒီကို လာရမယ်၊ မလာရဘူး ဘယ်ရက်လာရမလဲဆိုတာ ကျနော်တို့ မသေချာဘူး၊ မသေချာတဲ့အခါကျတော့ ကျနော်တို့ မပြင်ဆင်ထားမိဘူးပေါ့၊ သို့သော်လည်း လာတဲ့အခါကျတော့ ကျနော်တို့ရဲဘော်တွေ တော်တော်များများလာပြီးတော့ ကြိုကြတယ်၊ ကျနော်အနေနဲ့ ပြောမယ်ဆိုလို့ရှိရင်တော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ဆက်ရပ်တည်ပြီးတော့ ဆောင်ရွက်မယ်ဆိုလို့ရှိရင်တော့ ကျနော်တို့ အခက်အခဲတွေကို ရင်ဆိုင်နိုင်မယ့်အားတော့ ကျနော်တို့မှာရှိသေးတယ်လို့ ကျနော် အဲ(ဒီ)လို ယုံကြည်ပါတယ်။

ကိုမိုးမြင့် ။ ။ အစိုးရခေါင်းဆောင်ပိုင်းတွေရော၊ နောက်ပြီးတော့ ဒီက နိုင်ငံရေးသမားတွေနဲ့ရော တွေ့ဆုံဖို့ရှိသေးတယ်ဆိုတော့ ဘယ်သူတွေနဲ့တွေ့ဖို့ စီစဉ်ထားပါလဲ ခင်ဗျား။

ဦးအောင်မိုးဇော် ။ ။ ကျနော့်ခရီးစဉ်က သုံးပတ်ပဲကြာမှာ ဖြစ်ပါတယ်၊ ၁၅ ရက်နေ့လောက်ထိက ကနေ့ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအဖွဲ့က အကျိုးဆောင်တွေရဲ့အစီအစဉ်နဲ့ အစိုးရပိုင်းက တာဝန်ရှိတဲ့သူတွေနဲ့ တွေ့ဖို့ရှိတယ်လို့ ကျနော် သိရပါတယ်၊ အဲဒါပြီးလို့ရှိရင်တော့ ကနေ့ ကျနော်တို့ ရှစ်လေးလုံးခေါင်းဆောင်တွေနဲ့ ကျနော်တွေ့ဖို့အတွက်ကို ကျနော် မေတ္တာရပ်ခံထားပါတယ်၊ တခြား နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့တွေ့ဖို့ ကျနော်မေတ္တာရပ်ခံဖို့ အစီအစဉ် ရှိပါတယ်။

(BBC 4-9-2012) 


No comments:

Post a Comment