Wednesday, August 22, 2012

ဆွီဒင် ဆိုရှယ်ဒီမိုကရက်လူငယ်အဖွဲ့ချုပ် (SSU) ၏ နွေရာသီစခန်းချ ဆွေးနွေးပွဲသို့ လူ့ဘောင်သစ်လူငယ်အဖွဲ့ တက်ရောက် ဆွေးနွေး

ဆွီဒင် ဆိုရှယ်ဒီမိုကရက်လူငယ်အဖွဲ့ချုပ် (SSU) ၏ နွေရာသီစခန်းချ ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်လူငယ်ဥက္ကဋ္ဌ နော်မေဘယ်ထူးက ...

“မြန်မာနိုင်ငံထဲမှာ ပြုပြင်ပြောင်းလဲမှုတွေရှိနေပြီလို့ နိုင်ငံတကာက ပြောဆိုနေကြပေမယ့် အမှန်တကယ် လက်တွေ့ကျတော့ အပြောင်းအလဲတွေက ထင်သလောက် မဖြစ်သေးပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်နေတယ်ဆိုပေမယ့်လည်း တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပါသေးတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတယ်ဆိုပေမယ့်လည်း ရာနဲ့ချီတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ကျန်ရှိနေပါသေးတယ်” ဟု Burma- Real signs of changes? ခေါင်းစဉ်ဖြင့် မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်များကို တက်ရောက်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။


တက်ရောက်လာသူများမှ မေးမြန်သည့် မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားပေးခဲ့သည်။ အဆိုပါ SSU summer camp ကို Sweden နိုင်ငံ Bommersvik တွင် သြဂုတ်လ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပပြုလုပ်ရာ အဖွဲ့ဝင်ကျောင်းသားလူငယ် ၆၀၀ ခန့် တက်ရောက်ခဲ့ပါသည်။ ထို့အပြင် အရှေ့အလယ်ပိုင်းဒေသမှ အီရတ်၊ တူနီးရှား၊ ပါလက်စတိုင်း၊ အီဂျစ်၊ လစ်ဗျား၊ တူရကီ၊ အီရန်၊ ဆီးရီးယားနိုင်ငံမှ လူငယ်အဖွဲ့အစည်းများမှ ဧည့်သည်လူငယ် ၂၀ နှင့် မြန်မာနိုင်ငံကိုယ်စားပြု၍ လူ့ဘောင်သစ်လူငယ်အဖွဲ့မှ ဥက္ကဋ္ဌ နော်မယ်ဘယ်ထူးနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင် မတင်တင်နွယ်တို့ တက်ရောက်ခဲ့ကြသည်။

SSU Summer camp ဖွင့်ပွဲအခမ်းအနားကို ဆွီဒင်ဆိုရှယ်ဒီမိုကရက်ပါတီ ဥက္ကဋ္ဌကိုယ်တိုင်တက်ရောက်၍ မိန့်ခွန်း ပြောကြားခဲ့ပါသည်။ ၃ ရက်ကြာ ဆွေးနွေးပွဲများကို အင်္ဂလိပ်ဘာသာ၊ ဆွီဒင်ဘာသာတို့ဖြင့် ပြုလုပ်ခဲ့သည်။ အင်္ဂလိပ် ဘာသာဖြင့် ပြုလုပ်သော ဆွေးနွေးပွဲများမှာ (1) Europe in Crisis, (2) UN: Time for reform, (3) Revolution in Egypt (Arab spring) and Middle East: one year after, (4) Belarus: Europe’s last dictatorship, (5) Burma- Real signs of changes? စသည့်ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ ခရီးစဉ်အတွင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးသင်တန်းကျောင်းနှင့်ပတ်သက်၍ SSU မှ တာဝန်ရှိသူများနှင့်လည်း ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ဒိန်းမတ် ဆိုရှယ်ဒီမိုကရက်တစ်လူငယ် Danish Social Democratic Youth (DSU) မှ တာဝန်ရှိသူ Anna Ingrisch နှင့် တွေ့ဆုံပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် သင်တန်းကျောင်းသို့ လာရောက်လေ့လာမည့် ခရီးစဉ်နှင့်ပတ်သက်၍လည်း အသေးစိတ်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

 

No comments:

Post a Comment