Wednesday, August 22, 2012

ပါတီ စုံညီ အထူးအစည်းအဝေးတွင် ပြောကြားသော ဥက္ကဋ္ဌ၏အဖွင့်မိန့်ခွန်း

“ကျနော်တို့တိုင်းပြည်ဟာ လက်တွေ့မှာ ဒီမိုကရေစီအခြေအနေ စစ်မှန်တဲ့ ဒီမိုကရေစီဝန်းကျင် အခြေအနေတွေကို ဖန်တီးတည်ဆောက်နိုင်တဲ့ အခြေအနေတွေ မရှိသေးဘူး။ ကျနော်တို့ တိုင်းပြည်ဟာ အာဏာရှင်ရဲ့ လက်အောက်မှာပဲ ရှိသေးတယ်။ ကျနော်တို့ကို စစ်တပိုင်းအစိုးရက ဆက်လက် အုပ်ချုပ်ထားဆဲပဲ ဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ဒီအခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ဆိုတာက ကျနော်တို့ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုအားလုံး၏ ပခုံးပေါ်ကိုကျရောက်နေတဲ့ ယနေ့ တာဝန်ဖြစ်တယ်။ အဲဒီလိုပဲ ပုဂ္ဂိုလ်တစ်ဦးချင်းစီအနေနဲ့ ပြောရမယ်ဆိုရင် ကျနော် အပါအဝင် ခင်ဗျားတို့အားလုံး တစ်ဦးချင်းစီရဲ့ပခုံးပေါ်ကို ကျရောက်နေတဲ့တာဝန် ဖြစ်တယ်။ သို့သော်လည်းပဲ ခုနက ကျနော် ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ တိုင်းပြည်ရဲ့ အလှည့်အပြောင်းကိုတော့ ဘာဖြစ်မလဲဆိုတာ ရေရေရာရာပြောဖို့ တော်တော်ခက်သေးတယ် …” 


လေးစားအပ်တဲ့ ရဲဘော်များ ခင်ဗျား …

ယနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ ပါတီစုံညီအထူးအစည်းအဝေးပွဲကို တတ်ရောက်လာကြတဲ့ ရဲဘော်အားလုံးကို ကျေးဇူးတင်တယ်လို့ ကျနော်အနေနဲ့ ပထမဦးဆုံး ပြောချင်ပါတယ်။ ဒီနေ့လို အခြေအနေမျိုးမှာ ကျနော်တို့တတွေ ပြည်တွင်းမှာရှိတဲ့ ရဲဘော်တွေ၊ အကြောင်းအမျိုးမျိုးကြောင့် အဝေးကိုရောက်နေတဲ့ရဲဘော်တွေ စုံညီတဲ့ အစည်းအဝေးတရပ်ကို ကျင်းပနိုင်ခဲ့ရင် ပိုပြီးတော့ ကောင်းပါမယ်။

သို့သော်လည်းပဲ ကျနော်တို့ ရဲဘော်တွေအားလုံး အနယ်နယ်အရပ်ရပ်ကို ရောက်နေကြတယ်။ အားလုံး ဒီကိုလာနိုင်တဲ့ အခြေအနေ နည်းတယ်။ ထို့အတူပဲ ပြည်တွင်းမှာရှိတဲ့ ရဲဘော်တွေနဲ့လည်း ပြန်ပြီးတော့ဆုံရမယ့် အခြေအနေကလည်း မပေးသေးဘူး။ ဒီအခြေအနေတွေအောက်မှာပဲ ပါတီစုံညီအစည်းအဝေးကို ဒီမှာရှိတဲ့ ရဲဘော်တွေနဲ့ တတ်နိုင်သမျှ အကျဉ်းချုံးပြီးတော့ ကျင်းပရတာပဲ ဖြစ်တယ်။ သို့သော်လည်း ဘယ်လိုပဲဖြစ်ဖြစ် ရပ်ဝေးကနေပြီးတော့ တာဝန်အမျိုးမျိုးနဲ့ ဒီအစည်းအဝေးကို တက်ရောက်လာကြတဲ့ ရဲဘော်တွေကို အထူးကျေးဇူးတင်တဲ့အကြောင်း ကျနော် ထပ်ပြီး ပြောချင်ပါတယ်။

ဒုတိယအချက်အနေနဲ့ ပြောချင်တာကတော့ ကျနော်တို့တတွေ၊ ပြည်တွင်းမှာရှိတဲ့ ကျနော်တို့ ရဲဘော်တွေ၊ ကျနော်တို့ ခေါင်းဆောင်တွေ၊ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတကာကိုရောက်နေကြတဲ့ ရဲဘော်တွေနဲ့ အားလုံးစုစည်းပြီးတော့ ပါတီညီလာခံတရပ်ကို ကျင်းပနိုင်ဖို့ အခြေအနေဟာ မဝေးတော့ဘူးလို့ ယူဆရပါတယ်။ အဲဒီလို အခြေအနေမျိုးရောက်အောင်လည်း ကျနော်တို့အားလုံး ကြိုးစားသွားကြရမှာဖြစ်တယ်။ ဒီလို ညီလာခံတရပ်ကို စုံစုံညီညီ ကျင်းပနိုင်ဖို့ အခြေအနေတစ်ခုဟာ မဝေးတော့ဘူးလို့ ယူဆရပေမယ်လို့ ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေ၊ နိုင်ငံရေးအလှည့်အပြောင်းက ဘာဖြစ်ဦးမယ်ဆိုတာ ပြောဖို့ခက်တယ်။

ကျနော်တို့ အကောင်းမြင်ဘက်ကို ကြည့်ပြီးပြောရရင် ကျနော်တို့အားလုံး စုံစုံညီညီနဲ့ ညီလာခံတရပ်ကိုကျင်းပနိုင်တဲ့ အခြေအနေတွေ ဖြစ်ကောင်း ဖြစ်လာနိုင်တယ်။ ဒါက အကောင်းဘက်ကိုကြည့်ပြီး ကျနော်ပြောတာ။ သို့တည်းမဟုတ် အဲလိုအခြေအနေမျိုးလည်း ရချင်မှ ရလိမ့်မယ်။ ကျနော်တို့လုပ်ရမယ့် အလုပ်တွေကို နယ်စပ်ဒေသတွေမှာပဲဖြစ်ဖြစ်၊ တောထဲတောင်ထဲတွေမှာပဲဖြစ်ဖြစ် ဆက်လက်ရပ်တည်ပြီးတော့ လုပ်ရတဲ့အခြေအနေမျိုးလည်း ပေါ်ထွန်းကောင်း ပေါ်ထွန်းလာနိုင်တယ်။ ကျနော် အဓိက ပြောချင်တာကတော့ ကျနော်တို့အနေနဲ့ ကျနော်တို့ရဲဘော်တွေ အားလုံးပါဝင်ပြီးတော့ စုံညီတဲ့ ပါတီညီလာခံတရပ်ကို မြန်မာပြည်ထဲမှာကျင်းပနိုင်ဖို့ မကြာမီအချိန်မှာ ကျင်းပနိုင်ဖို့ မျှော်လင့်ပေမယ်လို့ ကျနော်တို့ မျှော်လင့်တဲ့အတိုင်း ဖြစ်ကောင်းမှ ဖြစ်ပါလိမ့်မယ်။

ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် ကျနော်တို့ ရဲဘော်အားလုံးနဲ့အတူ ကျနော်တို့ ရောက်ရှိတဲ့နေရာမှာ ကျနော်တို့ ပါတီအလံကို မြင့်မြင့်မားမား လွှင့်ထူနိုင်ဖို့ ဆက်လက်ချီတက်သွားရမယ့် တာဝန်ကတော့ ကျနော်တို့ ရဲဘော်တစ်ဦးချင်းစီမှာ ရှိတယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။ ဒီကိစ္စတွေကို ကျနော် ဘာကြောင့်ပြောရသလဲဆိုလို့ရှိရင် ရဲဘော်များအားလုံးသိတဲ့အတိုင်းပဲ သတင်းတွေထဲမှာပဲဖြစ်ဖြစ်၊ မီဒီယာတွေထဲမှာပဲဖြစ်ဖြစ်၊ တိုင်းပြည်ထဲမှာပဲဖြစ်ဖြစ် တချို့သော ဒီမိုကရေစီအခြေခံအချက်အလက်တွေကို ကျနော်တို့ မြင်တွေ့နေရတယ်။

အဲဒီအချို့သော ဒီမိုကရေစီအခြေခံအချက်အလက်တွေပေါ်မှာ နိုင်ငံရေးအရ လှုပ်ရှားဆောင်ရွက်မှုတွေ၊ လှုမှုရေးအရ လှုပ်ရှားဆောင်ရွက်မှုတွေ၊ အခြားအခြားသော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်တဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် များများစားစား တွေ့မြင်နေရတဲ့အချိန် ဖြစ်တယ်။

ဒါ့ကြောင့်မို့လို့ အများက ကျနော်တို့တိုင်းပြည်က ပြောင်းလဲနေပြီ၊ ကျနော်တို့ တိုင်းပြည်ကတော့ ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ကို ဦးတည်နေပြီလို့ ပြောသံဆိုသံတွေ တော်တော်လေး ပွက်လောညံနေတဲ့ အချိန်ကာလလည်း ဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ကျနော်တို့ ပါတီအနေနဲ့ ရဲဘော်တွေအားလုံး စုံညီပြီးတော့ ပါတီညီလာခံတစ်ရပ်ကို ကျင်းပနိုင်တဲ့ အခြေအနေ ဖြစ်ထွန်းလာဖို့ မဝေးတော့ဘူးလို့ ယူဆတယ်၊ သုံးသပ်တယ်ဆိုရင် ယူဆသုံးသပ်လို့ ရကောင်းရနိုင်တယ်။ သို့သော်လည်း ယနေ့ကာလမှာ သေသေချာချာ ပြောချင်တာကတော့ ကျနော်တို့တိုင်းပြည်ဟာ အာဏာရှင်လက်အောက်ကနေ မလွတ်မြောက်သေးဘူး ဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်ကို စစ်အာဏာရှင်အစိုးရက ဆက်ပြီးတော့ အုပ်ချုပ်ထားဆဲပဲ ဖြစ်တယ်။ ယနေ့ ကျနော်တို့ တိုင်းပြည်ရဲ့ အစိုးရဟာ စစ်တပိုင်းအစိုးရသာလျှင် ဖြစ်တယ်။

ဒီအခြေအနေက လွတ်မြောက်ဖို့ ဒါမှမဟုတ်လို့ရှိရင် ကျနော်တို့ တိုင်းပြည်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ခိုင်ခိုင်မာမာ ရောက်ရှိဖို့ ကျနော်တို့ ဒီ့ထက် လေးငါးဆယ်ဆပိုပြီးတော့ အလုပ်လုပ်ကြရဦးမယ်လို့ ကျနော် ပြောချင်ပါတယ်။

ခုနကပြောခဲ့တဲ့ ဒီမိုကရေစီရေး အခြေခံအချက်အလက်တွေကို တွေ့နေရတယ်ဆိုပေမယ့် အကျဉ်းထောင်တွေထဲမှာ ကျနော်တို့ရဲဘော်တွေ ရှိနေသေးတယ်။ နယ်စပ်ဒေသတွေမှာ စစ်ပွဲတွေ ဆက်ဖြစ်နေသေးတယ်။ ဒုက္ခသည်တွေ သိန်းနဲ့ သောင်းနဲ့ချီပြီး နယ်စပ်ဒေသတွေမှာ ရှိနေသေးတယ်။ ကျနော်တို့ ကိုယ်နှိုက်က နယ်စပ်ဒေသမှာသော်လည်းကောင်း၊ သူများနိုင်ငံမှာသော်လည်းကောင်း ရပ်တည်ပြီးတော့ ကနေ့ ကျနော်တို့ ယုံကြည်တဲ့ကိစ္စတွေကို ဆက်လက်ပြီးတော့ ဆောင်ရွက်နေရတဲ့ အခြေအနေမှာပဲ ရှိသေးတယ်။ တိုင်းပြည်ထဲမှာကော ကျနော်တို့ရဲ့အလုပ်သမားတွေ တစုံတရာ အခြေအနေ မြင့်တက်လာပြီလား၊ ကျနော်တို့ ရဲ့လယ်သမားတွေ တစုံတရာ အခြေအနေတွေ မြင့်တတ်လာပြီလား၊ ကျနော်တို့ရဲ့ ကျောင်းသားတွေ၊ တက္ကသိုလ်တွေဟာ တကယ့် ဒီမိုကရေစီစနစ် အောက်က တက္ကသိုလ်တွေအဖြစ်၊ တကယ့် ဒီမိုကရေစီစနစ်အောက်က ကျောင်းတော်သူ၊ ကျောင်းတော်သားတွေအဖြစ် ရပ်တည်နိုင်ကြပြီလား။

ဒီမေးခွန်းတွေအများကြီးကိုတော့ ကျနော်တို့ ဆက်ပြီးတော့ ဖြေကြရဦးမှာဖြစ်တယ်။ ဒါကြောင့်မို့လည်း ကျနော် ပြောတာက ယနေ့ကာလမှာ ကျနော်တို့တိုင်းပြည်ဟာ လက်တွေ့မှာ ဒီမိုကရေစီအခြေအနေ စစ်မှန်တဲ့ ဒီမိုကရေစီဝန်းကျင် အခြေအနေတွေကို ဖန်တီးတည်ဆောက်နိုင်တဲ့ အခြေအနေတွေ မရှိသေးဘူး။ ကျနော်တို့ တိုင်းပြည်ဟာ အာဏာရှင်ရဲ့ လက်အောက်မှာပဲ ရှိသေးတယ်။ ကျနော်တို့ကို စစ်တပိုင်းအစိုးရက ဆက်လက် အုပ်ချုပ်ထားဆဲပဲဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ဒီအခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်ဖို့ ဆိုတာက ကျနော်တို့ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုအားလုံး၏ ပခုံးပေါ်ကိုကျရောက်နေတဲ့ ယနေ့ တာဝန်ဖြစ်တယ်။

အဲဒီလိုပဲ ပုဂ္ဂိုလ်တစ်ဦးချင်းစီအနေနဲ့ ပြောရမယ်ဆိုရင် ကျနော် အပါအဝင် ခင်ဗျားတို့အားလုံး တစ်ဦးချင်းစီရဲ့ပခုံးပေါ်ကို ကျရောက်နေတဲ့တာဝန် ဖြစ်တယ်။ သို့သော်လည်းပဲ ခုနက ကျနော် ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ တိုင်းပြည်ရဲ့ အလှည့်အပြောင်းကိုတော့ ဘာဖြစ်မလဲဆိုတာ ရေရေရာရာပြောဖို့ တော်တော်ခက်သေးတယ်။

ရှင်းရှင်းလင်းလင်း မြင်တဲ့လူတွေရှိသလို၊ ရှင်းရှင်းလင်းလင်း မမြင်တဲ့လူတွေလည်း အများကြီး ရှိသေးတယ်။ ရှင်းရှင်းလင်းလင်း မြင်တဲ့လူတွေနဲ့ ရှင်းရှင်းလင်းလင်း မမြင်တဲ့သူတွေကြားမှာလည်းပဲ အယူအဆအရ၊ အတွေးအခေါ်အရ၊ ကြည့်မြင်မှုတွေအရ ပဋိပက္ခတွေ ရှိကြတယ်။ ဒါ့ကြောင့်လည်း နိုင်ငံရေး အဝန်းအဝိုင်းမှာပဲဖြစ်ဖြစ်၊ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ပုဂ္ဂိုလ်တွေရဲ့ အဝန်းအဝိုင်းမှာပဲဖြစ်ဖြစ်၊ စာပေလောကမှာပဲဖြစ်ဖြစ်၊ ကဏ္ဍအသီးသီးရဲ့ အဝန်းအဝိုင်း အသီးသီးမှာ တိုင်းပြည်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ပတ်သက်လို့ ရှုပ်ထွေးမှုတွေ ငြင်းခုန်မှုတွေ ရှိနေဆဲဖြစ်တာ အမှန်ပဲ။ ဒီလို ရှုပ်ရှုပ်ထွေးထွေ အခြေအနေအောက်မှာ ကျနော့်အနေနဲ့ ရဲဘော်တွေကို အထူးသဖြင့် ဒီနေ့မှာ တိုက်တွန်းလိုတာကတော့၊ အထူးသဖြင့် ကြည့်မြင်စေလိုတာကတော့ ကျနော့်အနေနဲ့ တင်ပြချင်တာကတော့ တစုံတရာ ဒီမိုကရေစီ အခြေခံအချက်အလက်တွေ ဖြစ်ထွန်းနေတာ မှန်တယ်။

သို့သော်လည်း ဒီတစုံတရာ ဒီမိုကရေစီ အချက်အလက်ဆိုတာက အာဏာရှင်တွေက ဖန်တီးပေးထားတဲ့ အခြေအနေ အချက်အလက်တွေသာလျှင် ဖြစ်တယ်။ ကျနော်တို့ဟာ အာဏာရှင်လက်အောက်မှာပဲ ရှိသေးတယ်။ သို့သော်လည်း ဒီအခြေအနေ အချက်အလက်တွေကို ဆုပ်ကိုင်ပြီးတော့ နောက် အခြေအနေကြီးတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်ဖို့ တိုင်းပြည်ကို ဒီမိုကရေစီရေးလမ်းကြောင်းပေါ် ရောက်အောင် တွန်းဖို့ဆိုတဲ့ကိစ္စတွေကိုတော့ ကျနော်တို့ ရဲဘော်တစ်ဦးချင်းစီအနေနဲ့ ရှင်းရှင်းလင်းလင်း ကြည့်မြင်ထားဖို့ လိုတယ်။ ရှင်းရှင်းလင်းလင်း ဆုပ်ကိုင်ထားဖို့ လိုတယ်။ ဒီအခြေအနေ ဒီအချက်အလက်ကို ဆုပ်ကိုင်ပြီးတော့ ကျနော်တို့ လုပ်စရာရှိတဲ့အလုပ်တွေကို ဆက်ပြီးလုပ်သွားနိုင်ဖို့လိုလိမ့်မယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။

နောက်တစ်ချက် ကျနော် ထပ်ပြောချင်တာကတော့ ခုနက ကျနော် တင်ပြခဲ့တာက ကျနော်တို့ တိုင်းပြည်ရဲ့ နိုင်ငံရေး အခြေအနေအကျဉ်းချုပ်ပဲ ပြောကြပါစို့။ နိုင်ငံရေးအခြေအနေတချို့ကို ဖမ်းပြီးတော့ဆုပ်ပြတဲ့ ကိစ္စတစ်ခုပဲဖြစ်လိမ့်မယ်လို့ ကျနော် ထင်တယ်။ တပြိင်နက်တည်းမှာ ကျနော်တို့ ပါတီအနေနဲ့ ဒီဘက်မှာ ရပ်တည်နေရတယ်။ ကျနော်တို့ပါတီရဲ့ ရဲဘော်တချို့ မြန်မာပြည်ထဲမှာ ရပ်တည်လှုပ်ရှားနေတာ ရှိတယ်။ အဲဒီလိုပဲ ကျနော်တို့လူငယ်တွေ၊ အခြားခြားသော ကျနော်တို့ရဲဘော်တွေ တိုင်းပြည်ရဲ့ နေရာအနှံ့အပြားမှာ ခုနက တိုင်းပြည်ရဲ့ နိုင်ငံရေးတာဝန်တွေကို ဆက်လက် ထမ်းဆောင်နေတာ ရှိတယ်၊ နေရာဒေသအသီးသီးမှာ ကျနော်တို့တတွေဟာ ကျနော်တို့ မဟာမိတ်တွေနဲ့အတူ နိုင်ငံရေးတာဝန်တွေကို ထမ်းဆောင်ဖို့ ကြိုးစားနေကြတာ ရှိတယ်၊ လူမျိုးစုဒေသတွေမှာဆိုလည်း လူမျိုးစုဒေသ အလျောက်၊ ပြည်တွင်းမှာဆိုလို့ရှိရင်လည်း ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ဆက်စပ်ပြီးတော့ လှုပ်ရှားနေကြတာ ဖြစ်တယ်။ ကျနော်တို့တိုင်းပြည်ကို ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ကိုရောက်အောင် ကျနော်တို့ ဆက်တွန်းရမယ့်တာဝန်ရှိတယ်လို့ ကျနော် ခုနက ပြောတယ်။

အဲဒီလို ဆက်တွန်းရတော့မယ်ဆိုရင် ကျနော်တို့ ပါတီတစ်ခုတည်းနဲ့ တိုက်တိုက်တွန်းတွန်း လုပ်ဖို့ဆိုတာ မလွယ်ဘူး။ ကျနော်တို့ ပါတီတစ်ခုတည်းနဲ့ လုပ်ရမယ့်ကိစ္စ မဟုတ်ဘူး။ လုပ်နိုင်တဲ့ကိစ္စလည်း မဟုတ်ဘူး။ ကျနော်တို့ မဟာမိတ်တွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ တူညီတဲ့ဘုံလုပ်ငန်းစဉ်တခုအပေါ်မှာ မဟာမိတ်တွေအားလုံးနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ တိုင်းပြည်ကို ဒီမိုကရေစီရေးလမ်းကြောင်းပေါ် မရောက်ရောက်အောင် တွန်းကြရမှာဖြစ်တယ်။ ဒီကိစ္စဟာ ကျနော်တို့အတွက် အရမ်းကို အရေးကြီးတယ်။ ကျနော်တို့ တိုင်းပြည်ထဲမှာဆိုရင် ယနေ့ကာလ အခြေအနေအရ ပြောမယ်ဆိုရင် ပါတီထဲမှာဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ယနေ့ ကျနော်တို့တိုင်းပြည် နိုင်ငံရေးအရ လှုပ်ရှားမှုရဲ့ ရှေ့ဆုံးမှာရှိတဲ့ နိုင်ငံရေးပါတီတရပ်လို့ ပြောတယ်။

ထို့အတူပဲ ခင်ဗျားတို့ ကျနော်တို့ရဲ့ အစ်ကိုတော်တွေ၊ ခင်ဗျားတို့ ကျနော်တို့ရဲ့ ရဲဘော်တွေဖြစ်တဲ့ ရှစ်လေးလုံးအင်အားစုတွေဆိုလို့ရှိရင်လည်းပဲ ရှေ့တန်းမှာ တိုင်းပြည်ရဲ့ ဒီမိုကရေစီရေး စစ်မျက်နှာမှာ ရှေ့တန်းမှာရောက်နေတဲ့ နိုင်ငံရေးအင်အားစုတွေ ဖြစ်တယ်။ အဲဒီလိုပဲ အခြား နိုင်ငံရေးအင်အားစုတွေလည်း ရှိတယ်။ ဒီအင်အားစုတွေနဲ့ ကျနော်တို့က နေရာဒေသအရ ဝေးကွာရင် ဝေးကွာနေလိမ့်မယ်၊ လှုပ်ရှားတဲ့ပုံသဏ္ဌာန် တူချင်မှတူလိမ့်မယ်၊ သူတို့နဲ့ ကျနော်တို့ ဟန်ချက်ညီညီ အပြန်အလှန် အပေးအယူတွေနဲ့ အလုပ်လုပ်နိုင်ဖို့ လိုတယ်။ လက်တွဲပြီး အလုပ်လုပ်နိုင်ဖို့ လိုတယ်။

အဲဒီလိုအခြေအနေမျိုးကို ကျနော်တို့ ဖန်တီးနိုင်ပါမှ ကျနော်တို့တိုင်းပြည်ရဲ့ အခြေအနေဟာ ရှေ့ကို မြန်မြန်ရောက်မယ်။ ကျနော်တို့နဲ့ အလုပ်အတူတူလုပ်ရမယ့် မဟာမိတ်အင်အားစုတွေ အများကြီးရှိတယ်။ အများကြီးရှိတဲ့နေရာမှာ ခုနက ပြောသလိုပဲ မဟာမိတ်အင်အားစု တစ်ခုနဲ့တစ်ခု ပုံသဏ္ဌာန် မတူကြဘူး။ သူတို့ရဲ့ ဦးတည်ချက် ကျနော်တို့ အားလုံးရဲ့ ဦးတည်ချက်တွေ တူကြပေမယ့် လှုပ်ရှားတဲ့ပုံသဏ္ဌာန်၊ အလုပ်လုပ်တဲ့ ပုံစံတွေက ကွာခြားကြတယ်။ တိုင်းရင်းသားဒေသမှာဆိုရင်လည်း ပုံစံတစ်မျိုး။ တိုင်းရင်းသားဒေသမှာဆိုလို့ရှိရင် တချို့က လက်နက်ကိုင်ပြီး တိုက်ပွဲဝင်နေတယ်။ တချို့က စားပွဲဝိုင်းပေါ်က၊ စားပွဲဝိုင်းပေါ်ကနေ တိုက်ပွဲဝင်နေတယ်။ တချို့က အပစ်အခတ်တွေ ရပ်စဲထားကြတယ်။ မတူတဲ့ အဖွဲ့အစည်းအသီးသီးကို ကျနော်တို့ မတူတဲ့ပုံသဏ္ဌာန်နဲ့ ဆက်စပ်ပြီးတော့ အလုပ်လုပ်ကြရမှာဖြစ်တယ်။

ကျနော် အဓိကထား ပြောချင်တာကတော့ ရှေ့ဆက်သွားရမယ့် ဒီမိုကရေစီရေးတိုက်ပွဲ၊ ရှေ့ဆက်သွားရမယ့် ငြိမ်းချမ်းရေးတိုက်ပွဲတွေအတွက် မဟာမိတ်အင်အားစုတွေက ကျနော်တို့အတွက် အရမ်း အဓိကကျတယ်။ သူတို့နဲ့ ဆက်စပ်ပြီးတော့ အလုပ်လုပ်နိုင်ဖို့ အရမ်းအရေးကြီးတယ်။ သူတို့နဲ့ နားလည်မှု၊ ယုံကြည်မှုတည်ဆောက်နိုင်ဖို့ အရေးကြီးတယ်။ ဒါမှ ကျနော်တို့ ခုနကပြောခဲ့တဲ့ ဒီမိုကရေစီရေးပန်းတိုင်၊ သို့မဟုတ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်းပေါ်ကို ကျနော်တို့ မြန်မြန်ဆန်ဆန် လျှောက်လှမ်းနိုင်မှာ ဖြစ်တယ်။

တတိယတစ်ချက် ကျနော် တင်ပြချင်တာကတော့ ကျနော်တို့ ရဲဘော်အသီးသီးအနေနဲ့ ကျနော်တို့ပါတီနဲ့ပတ်သက်လို့ ကျနော် ပြောခဲ့ပြီးပြီ။ ပထမဦးဆုံးမှာ ပြောခဲ့သလိုပါပဲ၊ ကျနော်တို့ အားလုံးပါဝင်တဲ့ ပါတီညီလာခံလို ညီလာခံတရပ်ကို မကြာခင်မှာ ကျင်းပလာနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်တယ်။ မျှော်လင့်ပေမယ့်လို့ ဖြစ်ချင်မှလည်း ဖြစ်လာမယ်။ ဒါကို နှလုံးသွင်းထားဖို့ လိုတယ်။ ဒါကို စိတ်ထဲမှာ အခိုင်အမာသတိရှိဖို့လိုတယ်လို့ ကျနော့်အနေနဲ့ ပြောချင်တယ်။

ဒီလိုအခြေအနေတွေအောက်မှာ ပါတီကို ကြံ့ခိုင်တဲ့ပါတီ၊ ကျယ်ပြန့်တဲ့ ပါတီတရပ်အဖြစ် တည်ဆောက်ဖို့ဆိုတဲ့ကိစ္စဟာ ခဲခဲရင်းရင်းလုပ်ရမှာ ဖြစ်တယ်။ အားလုံးသိတဲ့အတိုင်းပဲ ကျနော်တို့ပါတီဟာ တရားဝင် နိုင်ငံရေးပါတီ မဟုတ်ဘူး၊ မတရားသင်း ကြေညာခံထားရတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ ဖျက်သိမ်းခံထားရတဲ့ နိုင်ငံရေးအဖွဲ့အစည်းတစ်ခု ဖြစ်တယ်။ ပြည်တွင်းမှာလည်း ယနေ့ ဒီမိုကရေစီရေးအခြေအနေ အချက်အလက်အချို့ ဖြစ်ထွန်းလာလို့ အချို့ရဲဘော်တွေက ပြန်လည်စုစည်းရေးကိစ္စအချို့ကို လုပ်လာနိုင်ပေမယ့် လွတ်လွတ်လပ်လပ်ကြီး လုပ်လာနိုင်တဲ့ အခြေအနေတော့ မရှိသေးဘူး။

ကျနော်တို့ဆိုလို့ရှိရင်လည်း နယ်စပ်ဒေသမှာပဲဖြစ်ဖြစ်၊ သူများနိုင်ငံမှာပဲဖြစ်ဖြစ် အခြေခံပြီးတော့ ကျနော်တို့ရဲ့ ပါတီစည်းရုံးရေးလုပ်ငန်း၊ ပါတီတည်ဆောက်ရေးလုပ်ငန်းတွေကို လုပ်ကြရတာသာ ဖြစ်တယ်။ ဆိုတဲ့အခါကျတော့ ကျနော်တို့က သူများတွေထက် လေးငါးဆယ်ဆ ပိုပြီးတော့ အလုပ်မလုပ်နိုင်ဘူးဆိုလို့ရှိရင် ကျနော်တို့ ပါတီတည်ဆောက်ရေးလုပ်ငန်းတွေဟာ အခက်အခဲနဲ့ တွေ့ရမယ်။ ယနေ့ကာလ နိုင်ငံရေး အလှည့်အပြောင်းတွေကို ကျော်လွှားနိုင်ဖို့ ခက်တယ်။

ဒါကြောင့်မိုလို့ ကျနော်တို့ပါတီကို တည်ဆောက်တဲ့နေရာမှာပဲ ဖြစ်ဖြစ်၊ လူငယ်ဆိုလို့ရှိရင်လည်း လူငယ်အဖွဲ့အစည်းကို တည်ဆောက်တဲ့အခါမှာပဲဖြစ်ဖြစ် ကျနော်တို့ တည်ဆောက်ရမှုက မလွတ်လပ်တဲ့ အခြေအနေအောက်မှာ တည်ဆောက်ရမှာ ဖြစ်တယ်။ မလွတ်လပ်တဲ့ အခြေအနေအောက်မှာ စည်းရုံးရမှာ ဖြစ်တယ်။ ဆိုတဲ့အခါကျတော့ ကျနော်တို့တတွေဟာ သူများတွေထက် ဆယ်ဆ၊ ဆယ့်ငါးဆ ပိုအလုပ်လုပ်နိုင်မှ ကျနော်တို့လိုချင်တဲ့ ကျနော်တို့ပါတီကို ကျနော်တို့ တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ကျနော် ပြောချင်တယ်။

အလုပ်လုပ်ရုံနဲ့ပြီးမလားဆိုတော့ အလုပ်လုပ်ရုံနဲ့တော့ မပြီးသေးဘူး။ အခြားသော နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ လူမှုရေးအရပဲဖြစ်ဖြစ် လိုအပ်တဲ့ ပါတီရဲ့စည်းမျဉ်းစည်းကမ်းတွေကို ကျနော်တို့ ပါတီဝင်တစ်ဦးချင်းစီက အခိုင်အမာလိုက်ပါနိုင်မှ ဖြစ်လိမ့်မယ်။ ပါတီရဲ့ စည်းရုံးရေးစည်းကမ်းတွေကို အခိုင်အမာလိုက်နာပါမှ သူများတွေကို စည်းရုံးနိုင်တဲ့ အခြေအနေ၊ သူများတွေကို ဆွဲဆောင်နိုင်တဲ့ အခြေအနေဖြစ်လိမ့်မယ်လို့ ကျနော် ပြောချင်တယ်။ ခြုံပြီးပြောရရင်တော့ ကျနော်တို့ ပါတီဟာ ခက်ခဲတဲ့ အခြေအနေအောက်ကနေပြီးတော့ ပါတီတည်ဆောက်ရေးကို လုပ်ရမှာဖြစ်တယ်။ ကျနော်တို့မှာ ငွေရေးကြေးရေးအရ အကန့်အသတ် ရှိတယ်။ တရားဝင်မှုအရ အကန့်အသတ် ရှိတယ်။ မြန်မာပြည်ထဲမှာဆိုလည်း တရားဝင်ပါတီ မဟုတ်။ ဒီမှာဆိုလည်း သူများနိုင်ငံမှာ။ အဲဒီလို အခြေအနေအောက်မှာ လုပ်ရတဲ့အခါကျတော့ အခက်အခဲ အမျိုးမျိုးကြားက ကျနော်တို့ပါတီကို တည်ဆောက်ရမှာ ဖြစ်တယ်။

ခင်ဗျားတို့ကို ကျနော် တောင်းဆိုချင်တာကတော့ ကျနော်တို့ တစ်ဦးချင်းစီအနေနဲ့ ဒီနေ့ကာလ နိုင်ငံရေးအချိုးအကွေ့ကို ကျော်လွှားနိုင်ဖို့ သူများတွေထက် လေး ငါးဆယ်ဆ ပိုပြီးတော့ အလုပ်လုပ်ကြပါ။ သူများတွေထက် လေးငါးဆယ်ဆ ပိုပြီးတော့ ကိုယ့်ပါတီရဲ့ စည်းရုံးရေးစည်းကမ်းတွေကို လိုက်နာကြပါလို့ ကျနော် အဓိက ပြောချင်တယ်။ ဒါ တတိယအချက် ကျနော် ပြောချင်တာဖြစ်ပါတယ်။

စတုတ္ထတချက်အနေနဲ့ကတော့ ကျနော် အဓိက ပြောချင်တာက ခုနက ပါတီတည်ဆောက်ရေးကိုပဲ လုပ်လုပ်၊ တခြားမဟာမိတ်တွေနဲ့ ပူးပေါင်းပြီးတော့ ကျနော်တို့ တိုင်းပြည်ရဲ့နိုင်ငံရေးအခြေအနေတွေ တိုးတက်ကောင်းမွန်အောင်ပဲ လုပ်လုပ်၊ အခြေခံအားဖြင့် လူထုမပါရင် ဘာမှ မဖြစ်ဘူး။ ဒီစကားကို ခင်ဗျားတို့ ခဏခဏ ကြားပြီးဖြစ်ပါလိမ့်မယ်။ စာတွေထဲမှာလည်း ခဏခဏ တွေ့ပါလိမ့်မယ်။ ဒါပေမယ့် လက်တွေ့မှာတော့ တော်တော်ခက်တယ်။ ဘာပဲလုပ်ချင်လုပ်ချင် လူထု မပါလို့ မဖြစ်ဘူး။ လူထုပါမှ ရမယ်။ လူထုရဲ့ ထောက်ခံမှုရမှ ဖြစ်တယ်။ ခင်ဗျားတို့ ဒီအစည်းအဝေးပြီးလို့ပဲ ဖြစ်ဖြစ်၊ ဒီမှာလာပြီးတော့ ခင်ဗျားတို့လုပ်နေတဲ့ နိုင်ငံရေးတာဝန် ပြီးဆုံးလို့ပဲဖြစ်ဖြစ်၊ ကိုယ့်အရပ် ကိုယ့်ဒေသကို သွားကြမယ်ဆိုလို့ရှိရင် နိုင်ငံရေးပါတီတည်ဆောက်ရေးလုပ်ငန်း နိုင်ငံရေးလုပ်ငန်းတွေအပြင် အခြားလူမှုရေး လုပ်ငန်းတွေ၊ အခြားနယ်ပယ်အသီးသီးက နိုင်ငံရေးနဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့လုပ်ငန်းတွေ ခင်ဗျားတို့ အများကြီး တွေ့ရမယ်။

အဲဒီလုပ်ငန်းတွေထဲမှာ ခင်ဗျားတို့ တက်တက်ကြွကြွနဲ့ ဦးမဆောင်နိုင်ဘူး၊ တက်တက်ကြွကြွနဲ့ မပါဝင်နိုင်ဘူး၊ ပညာရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်၊ လူမှုရေးလုပ်ငန်းတွေမှာပဲဖြစ်ဖြစ်၊ အလုပ်သမား လယ်သမားကိစ္စတွေမှာပဲဖြစ်ဖြစ် ခင်ဗျားတို့ ကြုံတွေ့ရမယ့် အဲဒီလို လုပ်ငန်းတာဝန်တွေမှာ အဲဒီလို နေရာဒေသတွေမှာ ခင်ဗျားတို့ တက်တက်ကြွကြွနဲ့ ဦးမဆောင်နိုင်ဘူး၊ တက်တက်ကြွကြွ မပါဝင်နိုင်ဘူးဆိုရင် ခင်ဗျားတို့ လူထုရဲ့အင်အား လူထုရဲ့ ထောက်ခံမှု ဒါတွေကိုရဖို့ ခဲယဉ်းတယ်။

အဲဒီတော့ ပါတီဝင်တယောက်ဟာ ကိုယ့်ပါတီရဲ့ နိုင်ငံရေးတာဝန်တွေကို လုပ်တယ်ဆိုတဲ့နေရာမှာ တပြိုင်နက်တည်းမှာပဲ ခုနက ပြည်သူလူထုက ကိုယ့်ကို ထောက်ခံလာအောင်၊ ပြည်သူလူထုက ယုံကြည်လာအောင် ကိုယ့်ဒေသမှာ ကိုယ့်လူထုကို ကိုယ် စည်းရုံးနိုင်အောင် ဒီကိစ္စတွေအတွက်လည်းပဲ ပြင်ဆင်ထားနိုင်ဖို့ လိုတယ်။ ကျနော်တို့အနေနဲ့တော့ ကျနော်တို့ ပါတီဝင်တွေကို လယ်သမားတွေထဲမှာလည်း ရှိစေချင်တယ်။ အလုပ်သမားတွေထဲမှာလည်း ရှိစေချင်တယ်။ ကျောင်းသားတွေထဲမှာလည်း ရှိစေချင်တယ်။ အဲဒီလို ပါတီဝင်တွေနဲ့ စုဖွဲ့ထားတဲ့ နိုင်ငံရေးပါတီတစ်ခုသာလျှင် ကျနော်တို့ ပြည်သူတွေကို အလုပ်အကျွေးပြုနိုင်လိမ့်မယ်ဖြစ်တယ်လို့ ကျနော် စတုတ္ထတချက်အနေနဲ့ ပြောချင်ပါတယ်။

နောက်ဆုံးတချက်အနေနဲ့ နိဂုံးချုပ်အနေနဲ့ ကျနော် ပြောချင်တာကတော့ ဒီကိစ္စတွေကိုပဲ ဆက်ပြီးပြောပါ့မယ်။ ကျနော်တို့ ဒီနေ့ စုံညီအစည်းအဝေးကို တက်ရောက်လာကြတဲ့ ကျနော်တို့ ရဲဘော်အားလုံးကို ကျနော် ကျေးဇူးတင်တယ်၊ ဒီစုံညီ အစည်းအဝေးကတဆင့် တကယ်ပဲ ကနေ့လက်တွေ့တိုက်ပွဲတွေထဲမှာ လက်တွေ့နိုင်ငံရေးအလှည့်အပြောင်းကို ကျော်လွှားနိုင်တဲ့၊ ဖြတ်ကျော်နိုင်တဲ့ နိုင်ငံရေးပါတီကောင်းတရပ်အဖြစ် ကျနော်တို့ ရဲဘော်အားလုံး ဝိုင်းဝန်း တည်ဆောက်နိုင်ကြပါစေလို့ ကျနော့်အနေနဲ့ ဆန္ဒပြုချင်တယ်။ ထပ်ပြီး သတိပေးချင်တာကတော့ ကျနော်တို့ လေးငါးဆယ်ဆ သူများထက်ပိုလုပ်မှ ကျနော်တို့ ဒီကနေ့ နိုင်ငံရေး အလှည့်အပြောင်းကို ကျော်ဖြတ်နိုင်မှာဖြစ်တယ်လို့ ကျနော်ပြောရင်း နိဂုံးချုပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment