Thursday, August 23, 2012

ယနေ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် သဘောထားအမြင် ညှိနှိုင်းပွဲကျင်းပ

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB ၏ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ခေါင်းဆောင် နန်းဆိုင်နောင့် ဦးဆောင်သော အဖွဲ့သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) သို့ ၂၃- ၈- ၂၀၁၂ ရက်နေ့ နံနက် ၉ နာရီခွဲ အချိန်က လာရောက်၍ ငြိမ်းချမ်းရေးဖြစ်စဉ်များနှင့်ပတ်သက်သည့် သဘောထားအမြင်များအား ဆွေးနွေးဖလှယ်ခဲ့ကြသည်။

နန်းဆိုင်နောင့်က ၎င်းတို့၏ ငြိမ်းချမ်းရေးမစ်ရှင် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်သည် “မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်ကို နောက်ပြန်ဆုတ်မသွားစေဖို့နဲ့ စစ်မှန်တဲ့ငြိမ်းချမ်းရေးရရှိဖို့ ရည်ရွယ်ပြီး ဖွဲ့စည်းခြင်းဖြစ်ပါတယ်” ဟု ရှင်းလင်းပြောကြားသည်။ ထို့အပြင် ပဋိပက္ခဖြေရှင်းမှု ဖြစ်စဉ်အဆင့်ဆင့်တွင် အမျိုးသမီးများအနေဖြင့် အပြည့်အဝ ပါဝင်နိုင်ဖို့လည်း ရည်ရွယ်ကြောင်း ပြောကြားသည်။


WLB ၏ အထွေထွေအတွင်းရေးမှူး မတင်တင်ညိုက အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးမှုများကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

WLB ၏ ငြိမ်းချမ်းရေးမစ်ရှင်ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

 
ထို့နောက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ၏ တွေ့ဆုံဆွေးနွေးရေးဆိုင်ရာ သဘောထားကို ရှင်းလင်းပြောကြားရာတွင် “အခုအခြေအနေမှာ လမ်းပွင့်လာပြီလို့ ယူဆလို့ရတယ်။ ဒီပွင့်လာတဲ့အခွင့်အရေးကို မိမိရရဆုပ်ကိုင်ပြီး ဆက်လက်တိုးချဲ့သွားရမယ်လို့ ထင်ပါတယ်” ဟု ဆွေးနွေးသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ကိုငွေလင်းက အစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးခဲ့သည့်ကိစ္စရပ်များကို မိတ်ဆက်ပေးဆွေးနွေးခဲ့သည်။

လူ့ဘောင်သစ်လူငယ်အဖွဲ့ဝင်များကလည်း WLB ၏ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့နှင့်ပတ်သက်၍လည်းကောင်း၊ လတ်တလော ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်စဉ်များနှင့်ပတ်သက်၍လည်းကောင်း အသေးစိတ် သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြသည်။

 

ယနေ့ဆွေးနွေးပွဲကို နေ့လည် ၁၂ နာရီခွဲတွင် အဆုံးသတ်ခဲ့သည်။

WLB ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် တွေ့ဆုံခြင်းမတိုင်မီက အပစ်ရပ် တိုင်းရင်းသား အင်အားစုများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရသည်။ ယခုဆွေးနွေးပွဲသို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ ငြိမ်းချမ်းရေးမစ်ရှင်အဖွဲ့ဝင်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များ၊ လူ့ဘောင်သစ်လူငယ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ စုစုပေါင်း ၃၀ ဦး တက်ရောက်သည်။

No comments:

Post a Comment