Wednesday, August 15, 2012

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဦးတည်ချက်အသစ်တစ်ခု ထပ်မံတိုးချဲ့

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထူးအစည်းဝေးက မူလရှိပြီးသား နိုင်ငံရေးဦးတည်ချက်တွေအပြင် အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း တည်ဆောက်ရေး ဆိုတဲ့ ဦးတည်ချက်အသစ်တစ်ခုကို ထပ်မံ တိုးချဲ့လိုက်တယ်လို့ သိရပါတယ်။


လူ့ဘောင်သစ်ပါတီရဲ့ မူလတည်ရှိနေတဲ့ နိုင်ငံရေးဦးတည်ချက်တွေဖြစ်တဲ့ စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြည့်အဝ အာမခံနိုင်ရေး၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားများရဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစု ပြည်ထောင်စု တည်ဆောက်ရေး စတာတွေအပြင် အသစ်ထပ်မံ ပြဋ္ဌာန်းလိုက်တဲ့ ဦးတည်ချက်နဲ့ပတ်သက်လို့ ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပြောပါတယ်။

 
သြဂုတ်လ ၆ ရက်စတင်ပြီး ၆ ရက်ကြာကျင်းပခဲ့တဲ့ လူ့ဘောင်သစ်ပါတီ အစည်းအဝေးကို နိုင်ငံတကာရောက် ပါတီဝင်များ အပါအဝင် အဖွဲ့ဝင် ၅၀ ကျော် တက်ရောက်ခဲ့ပြီး ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးနဲ့ ပါတီလုံးဆိုင်ရာ အထူးအစည်းအဝေးဆိုပြီး ၂ ပိုင်းခွဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

 
 
ဒီအစည်းအဝေးကနေ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒု ဥက္ကဋ္ဌ ဦးယဉ်ထွေးနဲ့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းတို့ ဦးဆောင်တဲ့ ဗဟိုစည်းရုံးရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ပြန်လည်ရွေးချယ်ဖွဲ့စည်းခဲ့ပြီး ဒီ ဗဟိုစည်းရုံးရေးကော်မတီမှာ ယခင် ဗကသ (နိုင်ငံခြားရေးကော်မတီ)က ဦးမင်းနိုင်၊ မြန်မာအမျိုးသမီး သမဂ္ဂများအဖွဲ့ချုပ်မှ ဒေါ်နိုးနိုးထက်စံနဲ့ ဗကသ ခေါင်းဆောင်ဟောင်း ဦးတင်အေးတို့အပြင် လူ့ဘောင်သစ် လူငယ်ခေါင်းဆောင်များဖြစ်တဲ့ မမေဘယ်ထူးနဲ့ ကိုနေမင်းတို့ကိုလည်း ကော်မတီဝင်အဖြစ် တိုးချဲ့တာဝန်ပေးအပ်ခဲ့တယ်လို့လည်း ဦးငွေလင်းက ပြောပါတယ်။

 
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေနဲ့ ဦးမိုးသီးဇွန်က စတင်တည်ထောင်ခဲ့တာဖြစ်ပြီး ၁၉၉၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့မှာတော့ ထိုင်း-မြန်မာနယ်စပ်ကို ပြောင်းရွှေ့ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့ အာရှအသံ (RFA) မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 

No comments:

Post a Comment