Sunday, August 12, 2012

ပါတီ စုံညီအထူးအစည်းအဝေး ကျင်းပပြီးစီး


သတင်းထုတ်ပြန်ချက်အမှတ် - ၁/၂၀၁၂
၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၂ ရက်
ထိုင်း - မြန်မာ နယ်စပ်

လက်ရှိအခြေအနေဖြစ်ထွန်းမှုတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ကြရမယ် 

“လက်ရှိတိုင်းပြည်ရဲ့ နိုင်ငံရေးဖြစ်ထွန်းမှုတွေထဲမှာ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတချို့ကိုတော့ တွေ့မြင်နေရတယ်။ ဒါပေမယ့် စစ်စစ်မှန်မှန်ပြောင်းလဲရေးဘက်ကို ဦးတည်ရွေ့လျားနေတာလားဆိုတာကတော့ ပြောရခက်တယ်။ ဒီအပြောင်းအလဲတွေကို မိမိရရဆုပ်ကိုင်ပြီးတော့ တိုးချဲ့သွားဖို့ လိုတယ်။ သတိကြီးကြီးတော့ ထားကြရလိမ့်မယ်။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လမ်းကြောင်းမှန်ပေါ်ရောက်သွားနိုင်ရေးအတွက် ကျနော်တို့အားလုံး ကျားကုပ်ကျားခဲ လုံးပမ်းအားထုတ်သွားကြရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပါတီအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး အပါအဝင် ယနေ့ကာလနိုင်ငံရေး ဖြစ်စဉ်များအတွင်း တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် ပါတီရဲ့ နိုင်ငံရေး စည်းရုံးရေး အခြေခံတွေကို ဆက်လက်တိုးချဲ့ဆောင်ရွက်သွားဖို့ လိုပါတယ်။ လက်ရှိအခြေအနေ ဖြစ်ထွန်းမှုတွေကို သတ္တိရှိရှိ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ကျော်ဖြတ်ကြရမယ်” ဟု ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးနှင့် ပါတီ စုံညီအထူးအစည်းအဝေးတွင် ပြောကြားပါသည်။


လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၆ ရက်မှ ၉ ရက်နေ့အထိလည်းကောင်း၊ ပါတီစုံညီအထူးအစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်မှ ၁၁ ရက်နေ့ အထိလည်းကောင်း ထိုင်း မြန်မာနယ်စပ်တနေရာတွင် ကျင်းပခဲ့ပါသည်။ ပါတီ စုံညီအထူးအစည်းအဝေးတွင် ဗဟိုစည်းရုံးရေးကော်မတီဝင်များ အပါအဝင် ပါတီဌာနခွဲကိုယ်စားလှယ်များ၊ လူ့ဘောင်သစ်လူငယ်ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် ပါတီစည်းရုံးရေးအဖွဲ့ဝင်များ စုစုပေါင်း ၄၀ ဦး တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေးများ၌ ဗဟိုစည်းရုံးရေးကော်မတီ၏ နိုင်ငံရေးအစီရင်ခံစာ၊ လုပ်ငန်းအစီရင်ခံစာနှင့် ဘဏ္ဍာရေး အစီရင်ခံစာများအား တင်သွင်းခြင်း၊ ဆွေးနွေးခြင်းနှင့် အတည်ပြုခြင်း၊ ပါတီ၏ အထွေထွေနိုင်ငံရေးသဘောထားနှင့် ရှေ့လုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်တိုးချဲ့ခြင်း၊ ပါတီ၏ မြန်မာပြည်သစ်တည်ဆောက်ရေးဆိုင်ရာ အမြင်သဘောထားများအား တိုးချဲ့ခြင်းတို့ကို ပြုလုပ်ခဲ့ကြပါသည်။

ပါတီ၏ နိုင်ငံရေးဦးတည်ချက်များအား အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းပြည်၏ လက်ရှိ နိုင်ငံရေးဖြစ်စဉ်များနှင့်အညီ ရှေ့လုပ်ငန်းစဉ်များနှင့် လတ်တလော လုပ်ငန်းတာဝန်များကို ချမှတ်ခဲ့ပါသည်။ ပါတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေး အပါအဝင် လွှတ်တော်တွင်း လွှတ်တော်ပ နိုင်ငံရေးလှုပ်ရှားမှုများကို ဆက်စပ် ဆောင်ရွက်သွားနိုင်ရေးအတွက် ဖြစ်ပေါ်လာသည့် အခွင့်အလမ်းများအား အမိအရ ဆုပ်ကိုင်၍ ပြင်ဆင်မှုရှိရှိ ဆောင်ရွက်သွားရန် တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါသည်။

ထို့အပြင် ပါတီဗဟိုစည်းရုံးရေးကော်မတီအား အောက်ပါအဖွဲ့ဝင် ၁၅ ဦးဖြင့် ပြန်လည်ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။

၁။ ရဲဘော်အောင်မိုးဇော် (ဥက္ကဋ္ဌ)
၂။ ရဲဘော်ယဉ်ထွေး (ဒုတိယ ဥက္ကဋ္ဌ)
၃။ ရဲဘော်ငွေလင်း (အထွေထွေအတွင်းရေးမှူး)
၎။ ရဲဘော်မင်းလွင် (ဗဟိုဦးဆောင်ကော်မတီဝင်)
၅။ ရဲဘော်ထွဋ်ဦးလှိုင် (ဗဟိုဦးဆောင်ကော်မတီဝင်)
၆။ ရဲဘော်ဇော်ဇော်ထွန်း (ဗဟိုဦးဆောင်ကော်မတီဝင်)
၇။ ရဲဘော်တိုးတိုးထွန်း (ဗဟိုဦးဆောင်ကော်မတီဝင်)
၈။ ရဲဘော်အောင်ကို (ဗဟိုစည်းရုံးရေးကော်မတီဝင်)
၉။ ရဲဘော်မင်းမင်းဦး (ဗဟိုစည်းရုံးရေးကော်မတီဝင်)
၁၀။ ရဲဘော်အောင်ကျော်စိုး (ဗဟိုစည်းရုံးရေးကော်မတီဝင်)
၁၁။ ရဲဘော်မင်းနိုင် (ဗဟိုစည်းရုံးရေးကော်မတီဝင်)
၁၂။ ရဲဘော်တင်အေး (ဗဟိုစည်းရုံးရေးကော်မတီဝင်)
၁၃။ ရဲဘော်နိုးနိုးထက်စံ (ဗဟိုစည်းရုံးရေးကော်မတီဝင်)
၁၄။ ရဲဘော်မေဘယ်လ်ထူး (ဗဟိုစည်းရုံးရေးကော်မတီဝင်) (လူ့ဘောင်သစ်လူငယ်)
၁၅။ ရဲဘော်နေမင်း (ဗဟိုစည်းရုံးရေးကော်မတီဝင်) (လူ့ဘောင်သစ်လူငယ်)

ဆက်သွယ်ရန် -
ကိုအောင်မိုးဇော် (၀၈၁-၂၈၁-၅၃၅၀)
ကိုငွေလင်း (၀၈၁-၄၇၅-၉၂၂၃)

မှတ်တမ်း ဓာတ်ပုံတချို့

 
 

No comments:

Post a Comment