Friday, August 10, 2012

၂၄ နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၈- ၈-၂၀၁၂ ရက်နေ့မှာကျရောက်သော ၂၄ နှစ်ပြည့် ရှစ်လေးလုံး လူထုအရေးတော်ပုံနေ့ အထိမ်းအမှတ် အခမ်းအနားကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးသင်တန်းကျောင်းတွင် လူ့ဘောင်သစ်လူငယ်များ၊ ကျောင်းသား ကျောင်းသူများနှင့် မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်တို့မှ ပြုလုပ်ခဲ့ကြသည်။


 
 
 
အခမ်းအနားတွင် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်း ကျဆုံးသွားသော ရဟန်းရှင်လူကျောင်းသား ပြည်သူအပေါင်းအား အလေးပြုခြင်း၊ လူ့ဘောင်သစ်လူငယ် အထွေထွေအတွင်းရေးမှူး ကိုနေမင်းမှ အဖွင့်အမှာစကား ပြောကြားခြင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်မှလည်း အမှတ်တရစကား ပြောကြားကာ ၈၈ မျိုးဆက် လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် ကိုအောင်ကျော်စိုးမှ ရှစ်လေးလုံးအရေးတော်ပုံကြီးတွင် ကိုယ်တိုင်ကြုံတွေ့ရမှုများကို ရှင်းလင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ကျောင်းသားလူငယ်များကွန်ဂရက်မှ တိုင်းရင်းသူတစ်ဦးမှ ရှစ်လေးလုံး အရေးတော်ပုံနှင့်ပတ်သက်၍ တိုင်းရင်းသားများ၏ အမြင်နှင့်ခံစားရမှုများကို ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံရေးသင်တန်းကျောင်းမှ ကျောင်းသား/သူများမှ ရှစ်လေးလုံးအရေးတော်ပုံနှင့်ပတ်သက်၍ ၎င်းတို့သိရှိလိုသောအချက်များကို မေးမြန်းရာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေအထွေအတွင်းရေးမှူး ဦးငွေလင်းမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့ပါသည်။

ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားများသို့ပေးပို့သော လူ့ဘောင်သစ်လူငယ်အဖွဲ့၏ သဝဏ်လွှာအား လူ့ဘောင်သစ်လူငယ် တွဲဖက်အတွင်းရေးမှူး (၂) မနဒီဝင့်မှ ဖတ်ကြားကာ၊ နိုင်ငံရေးသင်တန်းကျောင်းသား/သူများ က ကဗျာများရွတ်ဖတ်ခြင်း၊ ရှစ်လေးလုံးအရေးတော်ပုံအကြောင်း သရုပ်ဖော်တင်ဆက်ခြင်း၊ ကမ္ဘာမကြေဘူးသီချင်းဖြင့် သီဆိုကာ ရှစ်လေးလုံးအရေးတော်ပုံ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ကြပါသည်။

 
 
 
 
 
  (သတင်း၊ ဓာတ်ပုံ) လူ့ဘောင်သစ်လူငယ် 

 

No comments:

Post a Comment