Wednesday, July 25, 2012

လူ့ဘောင်သစ် လူငယ် ဥက္ကဋ္ဌ IUSY၏ အာရှပစိဖိတ်ဒေသဆိုင်ရာ တာဝန်ခံအဖြစ် ခန့်အပ်ခံရ

ခရိုအေးရှား (Croatia) နိုင်င်ငံ၌ ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့သည့် IUSY သဘာပတိ အစည်းအဝေးကို Asia-Pacific ဒေသဆိုင်ရာ ဒုဥက္ကဋ္ဌ နော်မေဘယ်ထူးမှ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် နော်မေဘယ်ထူးအား အာရှပစိဖိတ် ဒေသဆိုင်ရာ တာဝန်ခံအဖြစ် တရားဝင်ခန့်အပ် တာဝန်ပေးခဲ့သည်။ ဒေသဆိုင်ရာ တာဝန်ခံမှ လာမည့် စက်တင်ဘာလ ၁၅ ရက်နေ့ကို နောက်ဆုံးထားကာ ဒေသတွင်း အဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်ပြီး မိမိတို့ဒေသတွင်းပြုလုပ်လိုသည့် ရှေ့လုပ်ငန်းစဉ်များနှင့် ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုများအပြင် ဒေသတွင်း အဖွဲ့အစည်းများမှ ပြုလုပ်သည့် လှုပ်ရှားမှုများတွင် IUSYကို ဖိတ်ကြားလိုသည့် ကိစ္စရပ်များအတွက်ပါ မူကြမ်းတွင် ထည့်သွင်းရေးဆွဲပြီး အတွင်းရေးမှူးအဖွဲ့သို့ တင်ပြရမည် ဖြစ်သည်။ ဒေသအလိုက် တာဝန်ခံမှ ပေးပို့လာသည့် လုပ်ငန်းစဉ်များကို လာမည့်နိုဝင်ဘာလတွင် ကျင်းပမည့် ဒုတိယ အကြိမ် IUSY သဘာပတိ အစည်းအဝေးတွင် ပြန်လည်ဆွေးနွေးကာ အတည်ပြုချမှတ် လုပ်ဆောင်သွားမည်ဖြစ်သည်။


ဒေသဆိုင်ရာကော်မတီ အစည်းအဝေးကို တာဝန်ခံမှ တစ်နှစ်လျှင် ၁ ကြိမ် ဦးဆောင်ပြုလုပ်သွားရမည်ဖြစ်သည်။ ထို့ပြင် တစ်လ ၁ ကြိမ် ပုံမှန် ဒေသတွင်း နိုင်ငံရေးအခြေအနေသုံးသပ်ချက် ရေးပို့ရမည် ဖြစ်သည်။ ဒုဥက္ကဋ္ဌများအနေဖြင့် မိမိတို့ တာဝန်ယူထားသောလုပ်ငန်းများကို ဦးဆောင်ကာ အတွင်းရေးမှူးချုပ်နှင့် ပုံမှန်ဆက်စပ်ပြီး တိုးတက်မှု၊ ဆုတ်ယုတ်မှုများကို သဘာပတိအစည်းအဝေးတိုင်းတွင် အစီရင်ခံစာ တင်သွင်းသွားရမည်ဖြစ်သည်။

 
၂၀၁၂- ၂၀၁၄ ခုနှစ်တွင် IUSY ၏ ဒု-ဥက္ကဋ္ဌများမှ အဓိကထား လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များမှာ ဆင်းရဲမွဲတေမှုပပျောက်ရေး (Ending poverty)၊ ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး (Global democracy and human rights)၊ လူမှုတရားမျှတရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲမည့် ဖွံ့ဖြိုးရေးအတွက် တိုးတက်သော စီးပွားရေးစနစ် (Progressive economics for social justice and sustainable development)၊ လွတ်လပ်လုံခြုံသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေး (Peace and Security for safe and free development) အပါအဝင် လုပ်ငန်း ၁၇ ကို ချမှတ်ထားသည်။

ဤအစည်းအဝေးတွင် IUSY ဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ်နှင့် Control Commission ဥက္ကဋ္ဌတို့မှ အဖွဲ့အစည်းဆိုင်ရာ၊ ငွေရေးကြေးရေးဆိုင်ရာ အစီရင်ခံစာများ တင်သွင်ခဲ့သည်။ ထို့အပြင် IUSY ၏ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ကြပြီး တာဝန်ခွဲဝေခြင်း၊ ရှေ့လုပ်ငန်းစဉ် မူကြမ်းများ ရေးဆွဲခြင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ပြုလုပ်မည့် Campaign များအကြောင်းကို ဆွေးနွေးခဲ့ကြပါသည်။

 
IUSY ၏ သဘောပတိအစည်းအဝေးကို တစ်နှစ်လျှင် ၃ ကြိမ် ပြုလုပ်လေ့ရှိပြီး ပုံမှန်အားဖြင့် ၂ ကြိမ်ကို သီးခြားပြုလုပ်ကာ ကျန် ၁ ကြိမ်ကို world council, world congress or festival တို့နှင့်တွဲ၍ ပြုလုပ်လေ့ရှိသည်။ သဘာပတိ အစည်းအဝေးများတွင် ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း၊ သုံးသပ်ခြင်း၊ IUSY ၏ မူဝါဒနှင့် နိုင်ငံရေးဆွေးနွေးမှုများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်းများ ပုံမှန်ပြုလုပ်သွားရမည် ဖြစ်သည်။ ယခု ကျင်းပပြုလုပ်သော IUSY ၏ သဘာပတိအစည်းအဝေးကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူးချုပ်၊ အတွင်းရေးမှူးအဖွဲ့ဝင်များ၊ ဒုဥက္ကဋ္ဌများနှင့် Control Commission အဖွဲ့ဝင်တချို့တို့ ပါဝင်တက်ရောက်ခဲ့ကြပါသည်။

-xxx- 


No comments:

Post a Comment