Sunday, July 15, 2012

သူရဦးရွှေမန်းနှင့်တွေ့ဆုံမှုသည် အမျိုးသားရင်ကြားစေ့ရေးအတွက် မပြည့်စုံသေးဟု ဇေယျ (လူ့ဘောင်သစ်) ပြော


"အစိုးရဘက်က နိုင်ငံရေးအခင်းအကျဉ်းတွေကို ပြင်ဖို့ဆိုရင် အထွေထွေ လွတ်ငြိမ်းခွင့်ကို ပေးစေချင်ပါတယ်။ လက်ရှိအခြေအနေနဲ့ ဆီလျော်မှုမရှိတော့တဲ့ ဥပဒေတွေကို ပြင်ပေးစေချင်ပါတယ်။ ဆွေးနွေးပွဲတွေအပေါ်မှာလည်း ဖိအားပေးတာမျိုးတွေ မလုပ်ဘဲ ဆွေးနွေး တိုင်ပင်တာတွေကို တားဆီးတဲ့လုပ်ရပ်တွေကို အလျှင်အမြန် ပယ်ဖျက်ပေးဖို့ လိုပါတယ်။ နှစ်ဖက်ဆွေးနွေးမှုတွေမှာ လုံခြုံရေး အာမခံချက်ရှိဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေမှာ အချိန် အတိုင်းအတာတခုရှိဖို့ လိုပါတယ်။ တန်းတူရည်တူ ဆက်ဆံမှုတွေကို လမ်းဖွင့်ပေးဖို့ လိုပါတယ်။ အဓိကပြောလိုတာက အစိုးရနဲ့ ဆွေးနွေးဖက်များဟာ ပြည်သူလူထု သိသင့်သိထိုက်တာတွေကို သိနိုင်ဖို့ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့ လိုပါတယ် ..."

ရန်ကုန်၊ ဇူလိုင် ၈

အကြောင်းအမျိုးမျိုးကြောင့် အနယ်နယ်အရပ်ရပ်တွင် ပြန့်ကျဲနေသည့် လူ့ဘောင်သစ်ပါတီဝင်များနှင့် ဒီမိုကရေစီအင်အားစုများအား စုစည်းနိုင်ရန်အတွက် ၂၀၁၂ ခုနှစ် ဇွန် ၁ တွင် ကော်မတီအဖွဲ့ဝင် ၂၀ ဦးဖြင့် ‘စုစည်းရေး ကော်မတီ’ တစ်ရပ်ကို ဖွဲ့စည်းခဲ့ရာ အဆိုပါ ကော်မတီ၏ တာဝန်ခံ ဇေယျ (ရန်ကုန်) နှင့် မြန်မာ အင်ဒီပဲန်ဒင့် တွေ့ဆုံမေးမြန်းခဲ့သည်။


မေး ။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ဆိုတော့ ပြည်ပက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနဲ့ ဘယ်လိုကွဲပြားမှုရှိလဲ။

ဖြေ ။ ။ ကျွန်တော့်အမြင်ပြောရရင် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာမှာ ပါတီကို ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်လိုက်ပြီးနောက်ပိုင်း ကျွန်တော် ဒီဇင်ဘာမှာ အထိန်းအသိမ်းခံရပြီးတော့ ၂၀၀၃ ခုနှစ်၊ မေ ၅ မှာ သာယာဝတီထောင်က ပုဒ်မ ၁၀(က) နဲ့ ပြန်လွတ်ခဲ့ပါတယ်။ နောက် ပုဒ်မ ၅(ည)နဲ့ ထပ်ပြီးထောင်ကျလို့ လွတ်ရက်စေ့ခဲ့ပေမယ်လည်း ၁၀(က)နဲ့ ထပ်အဖမ်းခံရပါတယ်။ ၂၀၀၇ ခုနှစ်၊ မေလမှာ လွတ်ပါတယ်။ လွတ်ပြီးနောက်ပိုင်း ထိုင်းနယ်စပ်တနေရာမှာ လူ့ဘောင်သစ်ပါတီ ရပ်တည်လှုပ်ရှားနေတယ်လို့ ကြားသိရတယ်။ ထောင်ထဲမှာ ၁၂ နှစ်ခွဲနေခဲ့ရလို့ ပါတီနဲ့ အဆက်အသွယ်ပြတ်ခဲ့ပါတယ်။ ပြန်လွတ်လာပြီးတဲ့နောက်ပိုင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ ပြန်ရပ်တည်ဖို့ ကြိုးစားဆောင်ရွက်မှုတခုအနေနဲ့ လူ့ဘောင်သစ်ဒီမိုကရေစီအင်အားစုတွေကို ပြန်စုစည်းဖို့ ကြိုးစားတဲ့အခါမှာ တချို့အခြေအနေမှာ ဝိဝါဒကွဲပြားစရာရှိနိုင်တဲ့အတွက်ရယ်၊ နောက်တစ်ချက်က လက်လှမ်းမီသလောက် ဆောင်ရွက် (စာကျတယ် ထင်ပါတယ်၊ အစပ်အဆက် မရှိ) မနှောင်းမှာ ပြည်ပမှာရှိတဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ခေါင်းဆောင်များနဲ့ ဆွေးနွေးနေတဲ့ အနေအထားတွေရှိတဲ့အတွက် လူ့ဘောင်သစ်ပါတီကို မရှုပ်ထွေးစေချင်လို့ရယ်၊ နေရာဒေသပေါင်းစုံရောက်နေတဲ့ လူ့ဘောင်သစ်ရဲဘော်တွေရဲ့ သဘောထားတွေက သိပ်ပြီး ညှိနှိုင်းစရာ မလိုတဲ့အတွက် လောလောဆယ် စုစည်းနိုင်တဲ့အနေအထားအရ အခြေပြုပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ဆိုပြီး သုံးပြီးတော့ ဆောင်ရွက်နေတာပါ။

မေး ။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ရဲ့ စုစည်းရေးကော်မတီဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကို သိပါရစေ။

ဖြေ ။ ။ ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်မှာ ပါတီစုံ အထွေထွေရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ စည်းမျဉ်းစည်းကမ်းများအရ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တရားဝင်ရပ်တည်မှုမှ ပယ်ဖျက်လိုက်ပြီး နောက်ပိုင်းမှာ ပါတီဟာ မြေပေါ်မှာ တရားဝင်ရပ်တည်မှုမှ ပယ်ဖျက်ခံလိုက်ရပါတယ်။ ဒီအချိန်မှာ မတရားအသင်း ကြေညာခြင်း မဟုတ်ပါဘူး။ ယခု ပါတီကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်ကတော့ အနယ်နယ် အရပ်ရပ်မှာ ပြန့်ကြဲနေတဲ့ လူ့ဘောင်သစ်ပါတီဝင်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို စုစည်းနိုင်ဖို့အတွက် စုစည်းရေးကော်မတီတရပ်ကို ၂၀၁၂ ခုနှစ်၊ ဇူလိုင် ၁ မှာ ဖွဲ့စည်းခဲ့တာပါ။ ကော်မတီအနေနဲ့ နိုင်ငံနဲ့ လူထုအတွက် လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လိုအပ်ချက်အရ အမျိုးသား ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတို့မှာ ပိုမိုပွင့်လင်းမြင်သာပြီး တိုးတက်ကောင်းမွန်တဲ့ အခြေအနေတရပ် ဖြစ်နိုင်သမျှ အမြန်ဆုံးဖြစ်ပေါ်လာရေးအတွက် ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားပါတယ်။

မေး ။ ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) ရဲ့ မူဝါဒလမ်းစဉ်တွေကို ပြောပြပါ။

ဖြေ ။ ။ လတ်တလော အခြေခံရပ်တည်အရဆိုပြီး (၁) အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး (အမျိုးသား ပြန်လည်သင့်မြတ်ရေး)၊ (၂) ပြည်တွင်းငြိမ်းချမ်းရေး၊ (၃) ပြည်ထောင်စုသားချင်းများ တန်းတူအခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ (၄) ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများ အနှစ်သာရရှိရှိ ထွန်းကားရေးဆိုတဲ့ အခြေခံ ၄ ချက် ချမှတ်ပြီးတော့ အောက်တိုဘာ ၁၄ မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စတင်တည်ထောင်ကတည်းက ချမှတ်ခဲ့တဲ့ အခြေခံ ပေါ်လစီတွေအပေါ်မှာ ဆက်လက်ကိုင်စွဲပြီး ဆောင်ရွက်နေပါတယ်။

 
မေး ။ ။ အနယ်အနယ်အရပ်ရပ်မှာ ပြန့်ကြဲနေတဲ့ လူ့ဘောင်သစ်ပါတီဝင်တွေနဲ့ ဒီမိုကရေစီအင်အားစုတွေကို ဘယ်လို စုစည်းနိုင်ခဲ့ပါသလဲ။

ဖြေ ။ ။ ၁၉၈၈ မှာ ပေါက်ဖွားလာတဲ့ ကျောင်းသားခေါင်းဆောင်တွေ၊ သမဂ္ဂခေါင်းဆောင်တွေ၊ လူထုလူတန်းစားခေါင်းဆောင်တွေ၊ ဒေသန္တရခေါင်းဆောင်တွေအားလုံးဟာ ပါတီရဲ့ ရပ်တည်ချက်တွေအပေါ်မှာ ကျွန်တော်တို့ ယုံကြည်စွာ ရပ်တည်ခဲ့ကြလို့၊ ပြီးတော့ မူဝါဒ ၄ ရပ်အပေါ်မှာ ရပ်တည်ခဲ့ကြလို့ အချင်းချင်းကြားမှာ နားလည်ဖို့ သိပ်မခဲယဉ်းပါဘူး။ တချို့က ဘဝပေးအခြေအနေအရ ပြန်လည်ဆက်သွယ်နိုင်မှု မရှိဘူး၊ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ မတိုင်ခင်က နိုင်ငံတကာ အနေအထားတွေရယ်၊ လက်ရှိသမ္မတကြီးတို့၊ လွှတ်တော်ဥက္ကဋ္ဌကြီးတို့ ပြောဆိုထားတဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးအခြေအနေတစ်ခု ဆောင်ရွက်နိုင်ဖို့၊ ဒီမိုကရေစီကျင့်စဉ်တွေ ထွန်းကားဖို့ ရောက်တဲ့နေရာက စုစည်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ ဒီမိုကရေစီအခွင့်အလမ်းတွေ၊ နိုင်ငံရေး အခင်းအကျင်းတွေကို အစိုးရအနေနဲ့ ဖွင့်ပေးလိုက်မယ်လို့လည်း မျှော်လင့်ထားပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ ဇူလိုင် ၁ ရက်က ၈၈ ခေါင်းဆောင်တွေနဲ့ ပြည့်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ခဲ့သလိုမျိုး၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) အနေနဲ့ သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့ ဒါမှမဟုတ် အတူတူ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ်ရှိမရှိ သိချင်ပါတယ်။

ဖြေ ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ရင်ကြားစေ့ရေးကို ဆောင်ရွက်မယ်ဆိုရင် ကျွန်တော်တို့ ကြိုဆိုပါတယ်။ ဝမ်းလည်းသာပါတယ်။ ဒါပေမယ့် အနှစ်သာရရှိရှိ ဆောင်ရွက်ဖို့တော့ လိုပါတယ်။ ဆောင်ရွက်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ အစိုးရက နိုင်ငံရေး အခင်းအကျင်းတွေကို ခင်းကျင်းဖို့ လိုအပ်တယ်။ အစိုးရအနေနဲ့ သဘောထားကြီးတဲ့ အမြင်မျိုးတွေပြဖို့ လိုပါတယ်။ အဲဒါတွေက ၁၇(၁) (၂) အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်း (စာကျတယ် ထင်ပါတယ်၊ အစပ်အဆက် မရှိ) ပွင့်လင်းမြင်သာမှု၊ အပြန်အလှန် လေးစားမှု၊ လူ့အခွင့်အရေး တန်ဖိုးထားမှု၊ လေးစားလိုက်နာမှုတွေအတွက် အပြုသဘောဆောင်တဲ့ ပြယုဂ်တွေပြဖို့ဆိုရင် ၄၀၁ အပိုဒ်(၁) နဲ့ မဟုတ်ဘဲ၊ ခြွင်းချက်မရှိ လွှတ်ရပါလိမ့်မယ်။ ပြည်ပရောက်နိုင်ငံသားတွေကိုလည်း သိက္ခာရှိရှိ ပြန်လာစေချင်ပါတယ်။ ဒီကိစ္စတွေအတွက် ပြည်ထောင်စု ဝန်ကြီးတွေ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ အစိုးရဘက်က နိုင်ငံရေးအခင်းအကျဉ်းတွေကို ပြင်ဖို့ဆိုရင် အထွေထွေ လွတ်ငြိမ်းခွင့်ကို ပေးစေချင်ပါတယ်။ လက်ရှိအခြေအနေနဲ့ ဆီလျော်မှုမရှိတော့တဲ့ ဥပဒေတွေကို ပြင်ပေးစေချင်ပါတယ်။ ဆွေးနွေးပွဲတွေအပေါ်မှာလည်း ဖိအားပေးတာမျိုးတွေ မလုပ်ဘဲ ဆွေးနွေး တိုင်ပင်တာတွေကို တားဆီးတဲ့လုပ်ရပ်တွေကို အလျှင်အမြန် ပယ်ဖျက်ပေးဖို့ လိုပါတယ်။ နှစ်ဖက်ဆွေးနွေးမှုတွေမှာ လုံခြုံရေး အာမခံချက်ရှိဖို့၊ တွေ့ဆုံဆွေးနွေးမှုတွေမှာ အချိန် အတိုင်းအတာတခုရှိဖို့ လိုပါတယ်။ တန်းတူရည်တူ ဆက်ဆံမှုတွေကို လမ်းဖွင့်ပေးဖို့ လိုပါတယ်။ အဓိကပြောလိုတာက အစိုးရနဲ့ ဆွေးနွေးဖက်များဟာ ပြည်သူလူထု သိသင့်သိထိုက်တာတွေကို သိနိုင်ဖို့ အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးဖို့ လိုပါတယ်။ အဲဒါက နှစ်ဖက်စလုံးမှာ လိုအပ်ပါတယ်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတဲ့အပေါ်မှာလည်း လူထု သိရှိနိုင်မှု နည်းနေတာ တွေ့ရပါတယ်။ ဆွေးနွေးပွဲတွေအပြီး သတင်းစာရှင်းလင်းပွဲတွေမှာ တချို့အချက်လောက်ပဲ ဖော်ပြတာဟာ မလုံလောက်ဘူးလို့ ထင်ပါတယ်။ All Inclusive ဆိုရင် အားလုံးပါဝင်ခွင့်ရှိဖို့ လိုပါတယ်။ အခြေအနေအရ အခက်အခဲ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် လိုအပ်လို့၊ ဒီအခြေအနေတွေကို တင်ပြရတာပါ။ သူရဦးရွှေမန်းနဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ဆွေးနွေးတဲ့အချက်ကို ကြည့်ရရင် မပြည့်စုံသေးတာ တွေ့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်တွေ့ပြီး ဆွေးနွေးတာကို ကြိုဆိုပါတယ်။ အပြန်အလှန် လေးစားမှုရှိတဲ့ဟန်လည်း တွေ့ရပါတယ်။ ဒါပေမယ့် ဒီဆွေးနွေးမှုတွေဟာ လူထု သိသင့်သိထိုက်တာတွေ၊ ကျန်တဲ့ နိုင်ငံရေးအင်အားစုတွေ သိရှိဖို့ ထုတ်ပြန်ကြေညာချက်မျိုးကို နှစ်ဖက်စလုံးမှာ မရှိတာ တွေ့ရပါတယ်။ ဒါဟာ နှစ်ဦးနှစ်ဖက် သဘောတူထားတဲ့ အချက်ပဲလားတော့ မသိဘူး။ အဲဒီမှာ အားနည်းတာ တွေ့ရတယ်။ တန်းတူရည်တူနဲ့ အပြုသဘောဆောင် ဆွေးနွေးမှုတွေမှာ အားနည်းချက်တွေ၊ လိုအပ်ချက်တွေ ရှိနေတာ တွေ့ရတယ်။ အချုပ်ပြောရရင် နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းပြည်ခေါင်းဆောင်တွေ အပါအဝင် (စာကျတယ် ထင်ပါတယ်၊ အစပ်အဆက် မရှိ) ရေးနဲ့ ပြည်တွင်းရင်ကြားစေ့ရေးဖြစ်တယ်လို့ ပြောဖို့ခက်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ပြည်တွင်း) သည် တရားဝင်ပါတီအဖြစ်တည်ရှိရန် မှတ်ပုံ မတင်ရသေးကြောင်း တရားဝင်တည်ရှိခွင့်ရရန် ကြိုးစားနေကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် အစီအစဉ်ရှိဆိုသည့်ကိစ္စအတွက် ပါတီဝင်များနှင့် တွေ့ဆုံဆွေးနွေး၍ သဘောထားတစ်ရပ် ချမှတ်ပြီးမှသာ သတင်းထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ပရှိ ကိုအောင်မိုးဇော်တို့ ပြည်တွင်းပြန်ဝင်ရန် သက်ဆိုင်ရာနှင့်ညှိနှိုင်းပြီး အဆင်ပြေပါက လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီကြီးတခုအဖြစ်စုစည်းပြီး ရပ်တည်သွားနိုင်မည်ဖြစ်ကြောင်း စုစည်းရေးကော်မတီဝင်တဦးဖြစ်သူ ကိုငြိမ်းချမ်း (မန္တလေး) ဖြည့်စွက် ပြောသည်။

မြန်မာ အင်ဒီပဲန်ဒင့် 
အမှတ် ၀၉၊ ၁၂ ဇူလိုင် ၂၀၁၂ 


 

No comments:

Post a Comment