Saturday, July 14, 2012

ACF နှင့် DPNS ယနေ့မြန်မာနိုင်ငံရေးအခြေအနေ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖိလစ်ပိုင်နိုင်ငံ Active Citizenship Foundation (ACF) တို့ ပူးတွဲပြုလုပ်သော Burma today and outlook future program ကို ဖိလစ်ပိုင်နိုင်ငံ Akbayanပါတီ လူ့ဘောင်သစ် လူငယ်၊ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတရေးဌာန (IPSJB)၊ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ (YCOWA) တို့နှင့် ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်နေ့များတွင် ပြုလုပ်ခဲ့ကြသည်။

 
ထိုဆွေးနွေးပွဲ၏ ပထမပိုင်းတွင် အဖွဲ့များအလိုက် လုပ်ငန်းစဉ်များ ရှင်းလင်းခြင်းကို ပြုလုပ်ခဲ့ကြသည်။ ထိုသို့ပြုလုပ်ရာတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက ပါတီ၏သမိုင်းအကျဉ်း၊ လတ်တလော နိုင်ငံရေးအခြေအနေများအပေါ် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ရပ်တည်ချက် လုပ်ငန်းစဉ်များအကျဉ်းကို တင်ပြဆွေးနွေးသည်။


 
မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် လူမှုတရားမျှတရေးဌာနညွှန်ကြားရေးမှူး ဒေါက်တာသောင်းထွန်း ကလည်း ၎င်းတို့အဖွဲ့အစည်း၏ လုပ်ငန်းစဉ်များနှင့် လတ်တလောနိုင်ငံရေးဖြစ်နိုင်ခြေများကို တင်ပြဆွေးနွေးသည်။

 
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက ၎င်းတို့အဖွဲ့အစည်း၏ ၁၃ နှစ်တာ ဖြတ်သန်းမှုမှတ်တမ်း ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးသည်။ ထို့နောက် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်အတွင်း ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီး ကာလများတွင်ဖြစ်ပေါ်နေသော အပေါင်းလက္ခဏာ၊ အနှုတ်လက္ခဏာဆောင်သောကိစ္စရပ်များနှင့် မသေချာသောကိစ္စရပ်များကို လူ့ဘောင်သစ်လူငယ်များမှ ဆွေးနွေးတင်ပြကာ DPNS၊ IPSJB၊ YCOWA တို့မှတာဝန်ရှိသူများက ပြန်လည်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် လူ့ဘောင်သစ်လူငယ်များနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဝင်များက ယခင်နှစ်တွင် ချမှတ်ထားသော အမြင်များအပေါ် ပြန်လည်သုံးသပ်ကာ၊ ပြန်လည် ပြင်ဆင်မည့် လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြခဲ့ကြသည်။ DPNS နှင့် YNS တို့အား မိမိတို့လုပ်ငန်းစဉ်များတွင် အားသာချက်၊ အားနည်းချက်များနှင့် ရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများကို ပြန်လည်သုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ ထို့အပြင် ၂၀၁၂ ခုနှစ်အတွင်း (ACF) နှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့အကြား ပူးတွဲလုပ်ဆောင်မည့် လုပ်ငန်းစဉ်များကိုလည်း ညှိနှိုင်းခဲ့ကြသည်။ (DPNS) နှင့် (ACF) တို့အကြား အလုပ်သင်များ အပြန်အလှန် စေလွှတ်ရေးကိုလည်း သဘောတူညီခဲ့ကြသည်။

 
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ Akbayan ပါတီ ဒုဥက္ကဋ္ဌ မစ္စမားကရစ်၊ မစ္စတာအာနိုးနှင့် မစ္စတာ အက်စ်အိုင်ဆွန်တို့ တက်ရောက်ခဲ့ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ပါတီဝင်များ၊ လူ့ဘောင်သစ် လူငယ် ဥက္ကဋ္ဌ နော်မေဘယ်ထူးနှင့် အဖွဲ့ဝင်များ အပါအဝင် စုစုပေါင်း ၂၆ ဦး တက်ရောက်ခဲ့သည်။

-xxx- 

No comments:

Post a Comment