Monday, July 9, 2012

ဇူလိုင် ၇ ရက် အရေးတော်ပုံ နှစ် ၅၀ ပြည့် အခမ်းအနား ကျင်းပ

ဇူလိုင် ၇ ရက် အရေးတော်ပုံ နှစ် ၅၀ ပြည့် အခမ်းအနားကို (၇- ၇- ၂၀၁၂) ရက်နေ့ မနက် ၉ နာရီခွဲမှစတင်ကာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ နိုင်ငံရေးသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

 

အခမ်းအနားတွင် ဒီမိုကရေစီတိုက်ပွဲအတွင်း ကျဆုံးသွားသော ရဟန်း ပြည်သူ၊ ကျောင်းသား ရဲဘော်များအား အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲအတွက် ဆက်လက်တိုက်ပွဲဝင်ရန် အဓိဌာန်ပြုခြင်း၊ ၆၂ ခုနှစ် ဗကသများအဖွဲ့ချုပ်၏ အတွင်းရေးမှူးအဖွဲ့ဝင် ကိုလှရွှေ၏ မိန့်ခွန်းအား ဖတ်ကြားခြင်း၊ ၈၈ ဗကသများအဖွဲ့ချုပ်မှ ကိုတင်အေး၊ ကိုမင်းနိုင်တို့မှ ဇူလိုင် ၇ ရက်ဖြစ်စဉ်နှင့် ဇူလိုင် ၇ ရက်နောက်ပိုင်း ကျောင်းသားလှုပ်ရှားမှုများအား ရှင်းလင်းပြောကြားခြင်းနှင့် ကျောင်းသားတပ်မတော် ဥက္ကဋ္ဌ ကိုသံခဲမှ အမှတ်တရစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ကြသည်။


 
ထို့နောက် လူ့ဘောင်သစ် လူငယ်အဖွဲ့မှ နှစ် ၅၀ ပြည့် ဇူလိုင် ၇ ရက် အခမ်းအနားသို့ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာနှင့် ကယန်းပြည်သစ်ပါတီမှပေးပို့သော သဝဏ်လွှာအား ဖတ်ကြားကာ လူ့ဘောင်သစ်နိုင်ငံရေးသင်တန်းသား/သူများက ကဗျာများ၊ တေးသီချင်းများဖြင့် သီဆိုဂုဏ်ပြုကာ အခမ်းအနားကို ၁၁ နာရီခွဲတွင် ရုတ်သိမ်းခဲ့ကြသည်။

 
အဆိုပါအခမ်းအနားသို့ မြန်မာ့အမျိုးသမီးသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်မှ ကျောင်းသားဟောင်းများ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဝင်များ၊ လူ့ဘောင်သစ် လူငယ်များ၊ SYCB ၊ ABSDF နှင့် လူ့ဘောင်သစ်ကျောင်းသား/သူ များ စုစုပေါင်း ၈၀ ခန့် တက်ရောက်ခဲ့ကြသည်။

သတင်း၊ ဓာတ်ပုံ (လူ့ဘောင်သစ် လူငယ်)

No comments:

Post a Comment