Friday, April 13, 2012

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေ - ဦးမျိုး (ဥပဒေ)

(၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၀) ကို ဥပဒေရေးရာ ဆန်းစစ်သုံးသပ်ခြင်း။

မြန်မာနိုင်ငံ ပြည်ထောင်စုလွှတ်တော်က မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေကို ၂၀၁၂ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့က ပြဋ္ဌာန်းလိုက်ပါသည်။ ယခင်က နဝတ အမိန့်ကြော်ငြာစာ၊ အမှတ်၊ ၄၄/၉၁ ဖြင့် ထုတ်ပြန်ထားသည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန်ခွဲရေး ဗဟိုအဖွဲ့၏ တာဝန်များနှင့် လုပ်ပိုင်ခွင့်များ သတ်မှတ်ခြင်းနှင့် မြေယာ လုပ်ပိုင်ခွင့်/ အသုံးပြုခွင့်ပေးရန် လုပ်ထုံးလုပ်နည်းများ (မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ် ၁/၉၁) လည်းရှိနှင့်ပြီးသား ဖြစ်ပါသည်။

ယခုပြဋ္ဌာန်းလာသည့် ဥပဒေအမှတ် ၁၀/၂၀၁၂ ဤဥပဒေတွင် ပုဒ်မပေါင်း ၃၄ ခုပါရှိပါသည်။ ယခင်က နဝတ အမိန့်ကြော်ငြာစာ အမှတ် ၄၄/၉၁ ကို ရုပ်သိမ်းကြောင်း ဖော်ပြထားချက်ကို မတွေ့ရှိရပါ။ ဤဥပဒေ ပုဒ်မ ၃၃ တွင် ‘ဤဥပဒေအရ ဖွဲ့စည်းသော ဗဟိုကော်မတီသည် ဤဥပဒေ မပြဋ္ဌာန်းမီက ဖွဲ့စည်းသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆက်ခံဆောင်ရွက်ရမည်။’ ဟုသာ ဖော်ပြထားပါသည်။ ဤဥပဒေ ပုဒ်မ ၃၄(ခ) တွင် လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန်နိုင်သည် ဟုဖော်ပြထားသော်လည်း ဥပဒေကို လက်တွေ့ အကောင်အထည်ဖော်ရမည့် လုပ်ထုံးလုပ်နည်းကို တဆက်တည်း မပြဋ္ဌာန်းနိုင်သည့် အားနည်းချက်ကို တွေ့ရပါသည်။

ဤဥပဒေ ပုဒ်မ-၂ (င) တွင် ‘မြေလွတ်၊ မြေလပ် ဆိုသည်မှာ ယခင်က သီးစားခံယူလုပ်ကိုင်လာခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် စွန့်လွှတ်ထားသည့် သီးစားခံယူ လုပ်ကိုင်သူမရှိသော စိုက်ပျိုးရေး သို့မဟုတ် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်နိုင်သည့် မြေနှင့် နိုင်ငံတော်က သီးသန့် ရာထားသတ်မှတ်သည့် မြေများကို ဆိုသည်။’ ဟု ဖော်ပြသည်။

ပုဒ်မ -၂ (စ) တွင် ‘မြေရိုင်းဆိုသည်မှာ သစ်ပင်၊ ဝါးပင် သို့မဟုတ် ချုံနွယ်များ ပေါက်ရောက်လျက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပထဝီ မြေအနေအထားအရ မြေမျက်နှာပြင် ညီညာမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ တစ်ကြိမ် တစ်ခါမျှ စိုက်ပျိုးလုပ်ကိုင်ခဲ့ခြင်းမရှိသော မြေသစ်ဖြစ်သည့် မြေရိုင်းနှင့် တောရိုင်းမြေများကို ဆိုသည်။ ယင်းစကားရပ်တွင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တု ထုတ်လုပ်ခြင်းလုပ်ငန်း၊ အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သော အခြားလုပ်ငန်းများလုပ်ကိုင်ရန်အလို့ငှာ တရားဝင်ပယ်ဖျက်ပြီးဖြစ်သည့် ကြိုးဝိုင်းသစ်တောမြေ၊ စားကျက်မြေနှင့် အင်းအိုင်မြေများလည်း ပါဝင်သည်။’ ဟု ဖော်ပြထားသည်များကို တွေ့ရပါသည်။

သို့သော် ဤဥပဒေပုဒ်မ -၂၅ (က) တွင် - ဗဟိုကော်မတီသည် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိထားသူက လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဒေသခံ တောင်သူလယ်သမားများနှင့် အငြင်းပွားခြင်း၊ ဟန့်တား နှောင့်ယှက်ခြင်း၊ ကျူးကျော်ဝင်ရောက်လုပ်ကိုင်ခြင်း၊ အကျိုးဖျက်ဆီးခြင်းများ ပြုလုပ်ခံရကြောင်း တင်ပြလာလျှင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ဦးစွာညှိနှိုင်းပေးရမည်။ ညှိနှိုင်း၍မရပါက ဥပဒေအတိုင်း ဆောင်ရွက်ရမည် ဟုလည်းကောင်း၊ ပုဒ်မ- ၂၅(ဂ) တွင် မြေလွတ် မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ချထားပေးသော မြေဧရိယာအပေါ်တွင် ယခင်ကတည်းက လုပ်ကိုင်ခွင့်ရရှိထားပြီးသော တောင်သူလယ်သမားများရှိပါက ၎င်းတို့ နှစ်ဦးနှစ်ဖက် သဘောတူညီချက်ဖြင့် ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည် ဟုလည်းကောင်း ဖော်ပြထားပါသည်။ တောင်သူလယ်သမားများ မိရိုးဖလာ ဘိုးစဉ်ဘောင်ဆက်ကပင် လုပ်ကိုင်လာခဲ့သည့် မြေယာများကိုပင် ဤဥပဒေအရ သိမ်းပိုက်နိုင်ရန် ပြဋ္ဌာန်းလာခြင်းမှာ နိုင်ငံတော်၏ ထမင်းရှင် တောင်သူလယ်သမားများ၏ ထမင်းအိုးကို ရိုက်ခွဲလိုက်သလို ဖြစ်နေပါသည်။ ဆင်းရဲမွဲတေမှုကို အလွန်အမင်း ကြီးထွားသွားစေပါသည်။

ဤဥပဒေ ပုဒ်မ - ၁၀ တွင် ဗဟိုကော်မတီသည် မြေလွတ် မြေလပ်နှင့် မြေရိုင်းများကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ယင်းနှင့် ဆက်နွယ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများအတွက် ခွင့်ပြုသည့်အခါ မြေဧရိယာနှင့်စပ်လျဉ်း၍ -

(က) စိုက်ပျိုးရေးလုပ်ငန်းတွင် -

(၁) နှစ်ရှည်ပင်ဖြစ်ပါက စုစုပေါင်းဧက ၅၀၀၀၀ (ငါးသောင်း) အထိ ခွင့်ပြုနိုင်သည်။

(၂) ဥယျဉ်ခြံ သီးနှံဖြစ်ပါက ဧက ၃၀၀၀ (သုံးထောင်) ထက် မပိုစေဘဲ ခွင့်ပြုနိုင်သည်။

(၃) စက်မှုကုန်ကြမ်း ရာသီသီးနှံဖြစ်ပါက စုစုပေါင်း ဧက ၅၀၀၀၀ (ငါးသောင်း) အထိ ခွင့်ပြုနိုင်သည်။

(၄) ကျေးလက်ဒေသ တောင်သူလယ်သမားများနှင့် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်လိုသူများအတွက် ၅၀ ဧကထက် မပိုသော မြေလွတ် မြေလပ်နှင့် မြေရိုင်းကို သက်ဆိုင်ရာ ဒေသအဖွဲ့အစည်းတစ်ခုခုက ခွင့်ပြုနိုင်ရေးအတွက် စီမံဆောင်ရွက်နိုင်သည်ဟု ဖော်ပြပါရှိသည်။

စုစုပေါင်း ဧက ၅၀၀၀၀ (ငါးသောင်း) ဆိုသော မြေယာ အကျယ်အဝန်းမှာ ယခုသတ်မှတ်ထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ တခုလောက်ပင် ကျယ်ဝန်းနေသည်ကို တွေ့ရပါသည်။ ဦးသိန်းစိန် ကြံ့ဖွံ့အစိုးရ၏ နိုင်ငံတော် လက်ဝါးကြီးအုပ် မြေရှင်ကြီးစနစ်ကို အကောင်အထည်ဖော်နိုင်ရန် ပြဋ္ဌာန်းလာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကြံ့ဖွံ့အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ - ၃၆ (ခ) တွင်ဖော်ပြထားသော ‘တစ်ဦး တစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု သို့မဟုတ် ဈေးကစားမှုပြုခြင်းဖြင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ တားဆီးကာကွယ်မည်။’ အချက်ကို ဤဥပဒေ က ချိုးဖောက်ထားကြောင်း တွေ့ရသည်။ ကြံ့ဖွံ့အစိုးရနှင့် လက်ဝေခံကုမ္ပဏီကြီးများက မြေယာအမြောက်အများ ပိုင်ဆိုင်နိုင်ရန် တဖက်သတ် ပြဋ္ဌာန်းချက်ဖြစ်ကြောင်း ထင်ရှားပေါ်လွင်ပါသည်။

ဤဥပဒေ ပုဒ်မ -၄ တွင် ‘ဗဟိုကော်မတီသည် နိုင်ငံတော်အတွင်းရှိ မြေလွတ် မြေလပ်နှင့် မြေရိုင်းများကို အောက်ဖော်ပြပါ လုပ်ငန်းများအတွက် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ပြုနိုင်သည် -

(က) စိုက်ပျိုးရေး လုပ်ငန်း၊

(ခ) မွေးမြူရေး လုပ်ငန်း၊

(ဂ) ဓာတ်သတ္တုထုတ်လုပ်ခြင်း လုပ်ငန်း၊

(ဃ) အစိုးရက ခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ။

- ဟု ပါရှိပါသည်။ ဋ္ဌာနေတိုင်းရင်းသားများနေထိုင်ရာ ဒေသများတွင် မြေဧက အမြောက်အများကို သိမ်းပိုက်ကာ ဓာတ်သတ္တုထုတ်လုပ်ခြင်းလုပ်ငန်းကို တရားဝင်လုပ်ကိုင်နိုင်ရန် ကြိုတင်အကွက်ချ ပြဋ္ဌာန်းလာခြင်းဖြစ်သည်ကို တွေ့မြင်နေရပါသည်။

ဤဥပဒေ ပုဒ်မ - ၁၂ တွင် ‘ဗဟိုကော်မတီသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူများ သို့မဟုတ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံသူများပါဝင်သည့် အဖွဲ့အစည်းက မြေလွတ် မြေလပ်နှင့် မြေရိုင်းများ လုပ်ကိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားလာပါက နိုင်ငံသားများ ဆောင်ရွက်နိုင်စွမ်းမရှိသော လုပ်ငန်းများသာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နိုင်ရန် စိစစ်ခွင့်ပြုရမည်။’ ဟု ဖော်ပြထားသည်။ နိုင်ငံပိုင် စီးပွားရေးဥပဒေနှင့် ရင်းနှီးမြှုပ်နှံမှုဥပဒေများတွင် အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ရာခိုင်နှုန်းပြည့် ခွင့်ပြုထားပါသည်။ အစိုးရက လက်ဝါးကြီးအုပ် စစ်ဗျူရိုကရက် အရင်းရှင်စနစ်ကို အကောင်အထည်ဖော်နေခြင်း သက်သက်မဟုတ်ဘဲ နိုင်ငံခြား လက်ဝေခံ စနစ်ကိုပါ ထည့်သွင်း အကောင်အထည်လာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လာရပါသည်။

ဤဥပဒေ အခန်း (၉) ပြစ်မှုနှင့် ပြစ်ဒဏ်များ ပုဒ်မ - ၂၇ တွင် ‘မည်သူမဆို မြေလွတ် မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူကသော်လည်းကောင်း၊ ယင်း၏ကိုယ်စား တာဝန်ရှိသူကသော်လည်းကောင်း ခွင့်ပြုခြင်းမရှိဘဲ ဤဥပဒေအရ မြေလွတ် မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရှိသောမြေတွင် ဝင်ရောက် ကျူးကျော်လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၂ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်ငါးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုလည်းကောင်း၊ ပုဒ်မ - ၂၆ တွင် ‘အကျိုးဖျက်ဆီးကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ၃ နှစ်ထက်မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ်တစ်ဆယ်သိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဟုလည်းကောင်း ပြဋ္ဌာန်းထားသေးသည်။ ‘လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူနှင့် ယင်း၏ကိုယ်စား တာဝန်ရှိသူ’ များမှာ ယခုလောလောဆယ် ဦးသန်းစိန် ကြံ့ဖွံ့အစိုးရနှင့် တိုက်ရိုက်ပတ်သက်နေသည့် ကုမ္ပဏီပိုင်ရှင်များ၊ လက်ဝေခံ စီးပွားရေးသမားများသာ ဖြစ်နေကြောင်းနှင့် တရားရုံးအသီးသီး၌ အမှုရင်ဆိုင်နေရသူများဖြစ်ကြောင်းကို သတင်းစာနယ်ဇင်း ဖော်ပြချက် အထောက်အထားများတွင် မြင်တွေ့နေရပါသည်။

ဒေသခံ တိုင်းရင်းသားပေါင်းစုံ တောင်သူလယ်သမား ပြည်သူများ၏ ဘိုးဘေးစဉ်ဆက်က ပိုင်ဆိုင်လာသည့် မြေများကို တမင်တကာ သိမ်းပိုက်လို၍ အကွက်ချပြဋ္ဌာန်းလာသည့် ဤဥပဒေကြောင့် အစိုးရနှင့် အစိုးရလက်ဝေခံ ကုမ္ပဏီကြီးများ၊ နိုင်ငံခြားရင်းနှီး မြှုပ်နှံသူ နိုင်ငံခြားသားများလက်ထဲသို့ ထိုးအပ်ခံရပါတော့မည်။ ထို့ကြောင့် တောင်သူလယ်သမား ပြည်သူများအနေဖြင့် သမဂ္ဂများ စုဝေးဖွဲ့စည်းပြီး ဤဥပဒေ ပုဒ်ထီး ပုဒ်မများကို မနှေးအမြန် ဖျက်သိမ်းပစ်ရန် တောင်းဆိုသင့်ပါသည်။ တောင်သူလယ်သမားတိုက်ပွဲဖြင့် တိုက်ဖျက်ပစ်ရပါမည်။

ဦးမျိုး (ဥပဒေ)
၁၀ – ၄ – ၂၀၁၂

-xxx-

No comments:

Post a Comment