Wednesday, April 18, 2012

တိုင်းရင်းသားလူမျိုးများရေးရာနှင့် အနာဂတ်ပြည်ထောင်စုသစ် - နိဂုံးပိုင်း (ရဲဘော်ဇော်ကိုနိုင်)

အပစ်ရပ် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ အခြေအနေများမှာလည်း အောက်ပါအတိုင်း မြင်တွေ့ ကြားသိနေရသည်။

အပစ်ရပ် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများမှာ စစ်အုပ်စု၏ သွေးခွဲဖြိုခွဲမှု၊ ဖိနှိပ်ခံနေရမှုကို ရင်ဆိုင်နေကြရသည်။ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လက်နက်ဖြုတ်သိမ်းရေး၊ နယ်ခြားစောင့်တပ်အသွင် ပြောင်းဖွဲ့စည်းရေး စသည့် ဖိအားမျိုးစုံဖြင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးခြင်း၊ ဒေသဖွံ့ဖြိုးရေး၊ ဒေသခံပြည်သူများ ကြီးပွားတိုးတက်ရေး စသည့်လုပ်ငန်းများမှာ တိုးတက်ဖြစ်ထွန်းလာမှု မရှိချေ။

အပစ်ရပ်အဖွဲ့အစည်းများအတွင်း အထက်အောက် ကွာဟမှုကြီးထွားလာစေရန်၊ အဖွဲ့အတွင်း အချင်းချင်း အားပြိုင်မှုများ ပေါ်ပေါက်လာစေရန်၊ နယ်မြေလု တိုက်ခိုက်မှုများ ဖြစ်ပေါ်စေရန်၊ အာဏာလုပွဲများ၊ ခွဲထွက်မှုများ၊ လုပ်ကြံသတ်ဖြတ်/တိုက်ခိုက်မှုများ၊ လက်နက်ချမှုများ၊ အဖွဲ့အစည်းအတွင်းမှ ထွက်ခွာသွားမှုများ စသည်တို့ ဖြစ်ပေါ်လာစေရေးကိုသာ ရည်ရွယ်ချက်ရှိရှိ သပ်လျှိုဖြိုခွဲ ပြုမူလုပ်ဆောင်ခဲ့သည်။

အလားတူ ငြိမ်း/အင်အားစုများအားလုံးအပေါ် လုံးပါးပါးအောင် ဖန်တီးသည်။ နိုင်ငံရေးလုပ်ငန်းများထက် စီးပွားရေး လုပ်ငန်းများကိုသာ အဓိကဦးစားပေးလုပ်ကိုင်စေပြီး အတွေးအခေါ်ပျက်စီးစေရန် ဖန်တီးသည်။ နိုင်ငံရေးအရ တန်းတူရည်တူ ဆက်ဆံပြောဆိုခြင်း မရှိချေ။ ဘိန်းဂိုဏ်းများအဖြစ်ဖန်တီးစေပြီး နိုင်ငံရေးသိက္ခာကျစေရန် ပြုမူပြောဆိုသည်။ အချို့အင်အားစုများ၏ တိုင်းရင်းသားခေါင်းဆောင်များမှာ ‘စီးပွားရေးလုပ်ငန်းရှင်ကြီးများအသွင် ဖြစ်နေသည်’။ စစ်အုပ်စုနှင့် အပစ်ခတ်ရပ်စဲရေး တည်တံ့စေရေးကိုသာ အဓိက စဉ်းစားလာကြသည်။ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုမဖြစ်ရန် နေထိုင်ပြောဆိုသည်။ ဤသည်မှာ အပစ်ရပ်တိုင်းရင်းသား အင်အားစုများ၏ အခြေအနေမှန်ပင်ဖြစ်သည်။


စစ်အာဏာရှင်စနစ်၊ စစ်အုပ်စု၏လုပ်ရပ်များသည် ယခင်က ဗမာဘုရင်များပြုကျင့်ခဲ့သော ‘လူမျိုးကြီးဝါဒ’ အား လက်ကိုင်ပြုထားနေသည်ကိုတွေ့ရပြီး တိုင်းပြည်အား တိုက်ခိုက်သိမ်းပိုက်ခြင်းဖြင့် စုစည်းညီညွတ်မှု (Unity by Annexation) နှင့် ပဒေသရာဇ်နိုင်ငံတော်အား ဆက်လက် ထိန်းသိမ်းထားခြင်းဖြစ်လေသည်။

တော်လှန်ရေးကောင်စီနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအမည်ခံ စစ်အစိုးရလက်ထက်တွင် ရေးဆွဲပြဌာန်းခဲ့သည် ၁၉၇၄ ခုနှစ် အခြေခံဥပဒေတွင် တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်အခွင့်ရေးများနှင့် စစ်မှန်သောပြည်ထောင်စု တည်ဆောက်ရေးမှာလည်း တိကျရေရာစွာ မရှိခဲ့။ ပြည်ထောင်စုဟု သုံးနှုန်းထားသော်လည်း လက်တွေ့မှာ တပြည်ထောင်စနစ်သာဖြစ်ပြီး တိုင်းရင်းသားများ၏ အခွင့်အရေးများ လုံးဝ မရရှိခဲ့ချေ။ တိုင်းရင်းသားလူမျိုးများ၏ အစဉ်တစိုက် တောင်းဆိုမှုမှာ ၎င်းတို့၏ ပြည်နယ်များအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် နိုင်ငံရေးအရ တန်းတူရည်တူ ရပိုင်ခွင့်များပင်ဖြစ်ပြီး စစ်မှန်သော ပြည်ထောင်စု (ဖက်ဒရယ်ပြည်ထောင်စု) ကို တည်ဆောက်လိုခြင်းပင်ဖြစ်သည်။

စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်အစိုးရ သက်ဇိုးရှည်ရေး၊ တိုင်းပြည်အား စစ်ကျွန်ပြုရေးအတွက် ၎င်းတို့ စိတ်တိုင်းကျ တဖတ်သတ်ရေးဆွဲပြဌာန်းပြီး အတင်းအဓမ္မ အတည်ပြုထားသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ မပါရှိချေ။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးတို့အား အာမခံသည့် ဥပဒေပြုမှုများ မပါရှိချေ။ ထိုအရာကိုကြည့်ခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး၊ စစ်မှန်သော ပြည်ထောင်စုတည်ဆောက်ရေး နှင့် တိုင်းပြည်ငြိမ်းချမ်းရေးတို့မှာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ် အုပ်ချုပ်နေသရွေ့ရနိုင်လိမ့်မည် မဟုတ်ချေ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ တိုင်းရင်းသားအင်အားစုများအပေါ် သဘောထားများကို လေ့လာကြည့်ရာတွင် အောက်ပါအချက်များကို တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ ကျင်းပပြုလုပ်ခဲ့သော မယ်သရောထာ နှီးနှောဖလှယ်ပွဲ (၁၉၉၇၊ ဇန်နဝါရီလ ၁၄) ၏ နိုင်ငံရေးရည်မှန်းချက်ဆိုင်ရာ သဘောတူညီချက်များ (မယ်သရောထာ ကြေညာချက်) အား ထောက်ခံကြောင်း (၁၉၉၇ ခုနှစ်) နှစ် ၅၀ ပြည့်မြောက် ပြည်ထောင်စုနေ့တွင် တရားဝင် ကြေညာထားခဲ့သည်။ မယ်သရောထာ ကြေညာချက်တွင် ...

(၁) စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရန်။
(၂) ဒီမိုကရေစီနိုင်ငံရေး စနစ်ကျင့်သုံးရန်။
(၃) လူမျိုးတိုင်း တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးရရှိရန်တို့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်မှ တိုင်းရင်သားလူမျိုးများ၏ သဘောထားအရ၊ အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ပြည်တွင်း ငြိမ်းချမ်းရေး ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ တန်းတူရေးတို့သည် ခိုင်မာတည့်တံ့သော ပြည်ထောင်စုအတွက် မရှိမဖြစ်လိုအပ်သော အုတ်မြစ်ဖြစ်ကြောင်း၊ ဤအခြေခံလိုအပ်ချက်များအား ဖော်ထုတ်ရန် အတူတကွ လက်တွဲလုပ်ရမည်ဖြစ်ကြောင်း၊ (NLD)နှင့်လက်တွဲလုပ်ကိုင်ကြရန် ဖိတ်ခေါ်ခဲ့သည်ကို တွေ့ရသည်။ ဤသို့ ကမ်းလှမ်းဖိတ်ခေါ်မှုသည် တိုင်းရင်းသားအင်အားစုများ၏ NLD အပေါ် နိုင်ငံရေး အရယုံကြည်မှု၊ ပိုမိုတိုးတက် ရရှိစေခဲ့သည်ကို တွေ့ရသည်။

ဒီမိုကရေစီအင်အားစုများ (ဒီမိုကရေစီရေးရရှိရေးအတွက် တိုက်ပွဲဝင်နေသူများအား ဒီမိုကရေစီအင်အားစုများ (တနည်း) ဗမာ တိုင်းရင်းသားအင်အားစုများဟု ဗမာ မဟုတ်သော တိုင်းရင်းသားလူမျိုးစုများက ခေါ်ဝေါ်သတ်မှတ်နေပြီး ၎င်းတို့အား တိုင်းရင်းသားအင်အားစုများဟု ခေါ်ဝေါ်သတ်မှတ်နေသည်) အနေဖြင့် တိုင်းရင်းသားလူမျိုးစုများ၏ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအပေါ် မူအရထောက်ခံကြပြီး တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားလွတ်မြောက်ရေး တိုက်ပွဲကိုလည်း ထောက်ခံ ပူးပေါင်းဆောင်ရွက်နေကြသည်။

ဒီမိုကရေစီအင်အားစုများ၏ လမ်းစဉ်၊ မူ၊ ပေါ်လစီများ ရေးဆွဲရာတွင်လည်း ‘တိုင်းရင်းသား လူမျိုးစုများအပေါ် သဘောထား’ ကို ရေးဆွဲချမှတ်ထားကြခြင်း၊ အနာဂတ်တိုင်းပြည်အား ဖက်ဒရယ်ပြည်ထောင်စု (ပြည်နယ်ပေါင်းစု ပြည်ထောင်စု) တည်ဆောက်ရေးဆိုသည်ကို မူအရလက်ခံခြင်း၊ တိုင်းရင်းသားအင်အားစုများနှင့်ပူးပေါင်း၍ အနာဂတ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအား ဝိုင်းဝန်းပြုစုလေ့လာကြခြင်းတို့ကို တွေ့ရသည်။
အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် စစ်မှန်သောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့သည် တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေး ရည်မှန်းချက်ပန်းတိုင်ဖြစ်သည်ကို သမိုင်းကြောင်းအရ၊ တိုင်းရင်းသား အင်အားစုများ၏ နိုင်ငံရေးတောင်းဆိုချက်အရ၊ တိုက်ပွဲဝင်မှုအရ ထင်ရှားစွာ တွေ့ရှိရသည်။ ဤသို့တောင်းဆိုနေမှုအား တိုင်းပြည်မှခွဲထွက်ရန် (သီးခြားနိုင်ငံ ထူထောင်ရန်) တောင်းဆိုနေခြင်းဖြစ်သည်ဟု အချို့နိုင်ငံရေးသမားများနှင့် နိုင်ငံရေးအင်အားစုများမှ ထင်မြင်ယူဆနေသည်များလည်း ရှိသည်။ ဤသို့ထင်မြင်ရခြင်းမှာ တိုင်းရင်းသား အင်အားစုများအတွင်း သီးခြားနိုင်ငံထူထောင်ရေး တောင်းဆိုခဲ့မှုများရှိခဲ့ခြင်းကြောင့်လည်း ဖြစ်သည်။ တိုင်းရင်းသား အင်အားစုများအနေဖြင့် သီးခြားနိုင်ငံထူထောင်ရေး (တနည်း) ခွဲထွက်ရေးအား ဘာကြောင့် တောင်းဆိုခဲ့/ တောင်းဆိုနေကြသည်ကို လေ့လာရန်လိုအပ်သည်။ အကြောင်းမဲ့တော့ မဟုတ်ချေ။

လေ့လာတွေ့ရှိရသည့်အဖြေမှာ တိုင်းပြည်အားအုပ်ချုပ်နေသည့် အစိုးရအဆက်ဆက်သည် သမိုင်းအရ၊ လက်တွေ့ လုပ်ရပ်များအရ၊ လူမျိုးချင်းဆက်ဆံမှုများတွင် တန်းတူမရှိခြင်း၊ သင့်မြတ်မှုမရှိခြင်း၊ မှန်ကန်သည့် အမျိုးသားရေး ပေါ်လစီ မကျင့်သုံးခဲ့ခြင်း၊ ပြည့်စုံသော ပူးတွဲလုပ်ဆောင်ရေးယန္တရား မရှိခြင်း၊ ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် အလွန်အမင်း ကွာဟခြင်း၊ တဖတ်သတ် ဖိနှိပ်ဟန့်တားခြင်း၊ လူမျိုးကြီးဝါဒကျင့်သုံးခြင်း၊ အမျိုးသားအားလုံး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍများတွင် တန်းတူရည်တူ ပူးပေါင်းလုပ်ဆောင်ခွင့် မရှိခြင်း၊ အစိုးရ၏ စောင့်ရှောက်ခံရမှု အားနည်းခြင်း.. စသည်တို့ကြောင့်ပင် ဖြစ်သည်။ ထိုအချက်များကို စနစ်တကျကျင့်သုံးပါက တိုင်းရင်းသား အင်အားစုများအားလုံးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြန်လည်တည်ဆောက်နိုင်လိမ့်မည်ဟု ယုံကြည်ယူဆပါသည်။

တိုင်းရင်းသားအင်အားစုများ၏ စုစည်းညီညွတ်ရေးရရှိရန် ကျိုးကြောင်းဆီလျော်သည့် ဖြေရှင်းနည်းများဖြစ်သည့် ငြိမ်းချမ်းစွာ ညှိနှိုင်းသည့်နည်း၊ စေ့စပ်ဆွေးနွေးသည့်နည်း၊ ပြည်သူလူထုဆန္ဒဖြင့် ဆုံးဖြတ်သည့်နည်းများဖြင့် ဖြေရှင်းနိုင်ပါလိမ့်မည်။ တိုင်းရင်းသားအင်အားစုများ၏ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲဝင်မှုများသည် မိမိတို့လူမျိုးများ၏ ယဉ်ကျေးမှုများ တည်တံ့ခိုင်မြဲရေး၊ စီးပွားရေး၊ လူမှုရေး ရေချိန်မြှင့်တင်ရေး၊ လူမျိုးအချင်းချင်း ဖွံ့ဖြိုးမှုကွာဟနေသည်များကို တန်းတူဖြစ်အောင်ပြုလုပ်ရေး၊ အမျိုးသားအင်အားစုများအားလုံး၏ အကျိုးစီးပွားအတွက် နိုင်ငံရေးတွင် ပူးပေါင်းဆောက်ရွက်ခွင့် ရရှိရေးတို့ကြောင့်ပင်ဖြစ်သည်။ ဤအချက်များအား မျက်ကွယ်ပြုဖြေရှင်း၍ မရချေ။

ယနေ့ကာလတွင် တိုင်းရင်းသားအင်အားစုများမှ သီးခြားနိုင်ငံထူထောင်ရေး (ခွဲထွက်ရေး) တောင်းဆိုမှုအား ပယ်ဖျက်၍ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကိုတည်ဆောက်ကာ အတူတကွ ယှဉ်တွဲနေထိုင်ရေးကို တောင်းဆိုနေပြီဖြစ်သည်။ ဤသည်မှာ အမျိုးသားများ၏ အတွေးအခေါ်ရင့်ကျက်လာမှု၊ အမျိုးသားဆင်ခြင်တုံတရား ဖွံ့ဖြိုးလာမှု၊ လူမှုရေး ပူးတွဲလုပ်ဆောင်ရေးယန္တရားများ တစုံတရာ ပြည့်စုံလာမှု၊ နိုင်ငံတကာမှ ကြားဝင်ဖြန်ဖြေပေးမှုတို့ကြောင့်ပင်ဖြစ်သည်။

ယနေ့တိုင်းရင်းသားအင်အားစုများမှ တောင်းဆိုနေသော ဖက်ဒရယ်ပြည်ထောင်စုဆိုသည်ကို အလေးအနက်ထားရန် လိုအပ်ပါသည်။ ဖက်ဒရယ်သည် ခွဲထွက်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ဖွင့်ဆိုထားမှု မရှိချေ။ ဖက်ဒရယ်သည် နိုင်ငံတည်ဆောက်ပုံစနစ်တခုသာဖြစ်ပြီး ဝါဒသဘောတရားမဟုတ်ချေ။ ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ ပြည်ထောင်များ (ပြည်နယ်များ)ဖြင့် တန်းတူရည်တူ စုပေါင်းဖွဲ့စည်းထားသည့် ပြည်ထောင်စုနိုင်ငံတော်ကို ခေါ်ဝေါ်ခြင်းဖြစ်သည်။

ယနေ့ကာလတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးသည်၊ စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေးလုပ်ငန်းစဉ်များနည်းတူ အဓိက အရေးပါသည့် နိုင်ငံရေးလုပ်ငန်းစဉ်ဖြစ်သည်။ ထိုလုပ်ငန်းစဉ်များလုပ်ဆောင်ရာတွင် ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားလူမျိုးများအရေးအား တပြိုင်တည်းလုပ်ဆောင်ကြရမည်ဟု တိုင်းရင်းသားအင်အားစုများက ထင်မြင် ယူဆသည်။ ဤသည်မှာ ခေါင်းနှင့်ပန်းလို တဆက်တည်း ဒွန်တွဲနေသည်ဟုလည်း ထုတ်ဖော်ပြောဆိုနေသည်။ ဤသို့တင်ပြချက်များကိုလည်း ဂရုပြုရမည်ဖြစ်သည်။

တိုင်းရင်းသားလူမျိုးများ၏ နယ်မြေဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားများမှာ ဗမာလူမျိုးများအား ရွံရှာမုန်းတီးစိတ်နှင့် မယုံကြည်မှုများ ကိုယ်စီရှိကြသည်။ ထိုသို့ဖြစ်ပွားမှု၏တရားခံမှာ စစ်အာဏာရှင်စနစ်ကိုကိုင်စွဲ၍ မဟာဗမာလူမျိုးကြီးဝါဒအား လက်ကိုင်ပြုနေသည့် စစ်အုပ်စု၊ စစ်အစိုးရဖြစ်သည်ဆိုသည်ကို အနည်းစုကသာ သိရှိနားလည်သည်။ အများစုမှာ ဗမာလူမျိုးများအပေါ် ယုံကြည်စိတ်ချမှု နည်းပါးခြင်းနှင့် မုန်းတီးစိတ်များရှိနေသည်။ ထိုသို့ဖြစ်တည်နေမှုကိုလည်း စိတ်ခံစားချက်နှင့် လူမျိုးကြီးဝါဒ စိတ်အခြေခံဖြင့် ချဉ်းကပ်ဖြေရှင်း၍ မရချေ။

တိုင်းရင်းသားများအရေးအား အလေးအနက်ထား၍ ပြေလည်အောင်ဖြေရှင်းနိုင်မှသာ စစ်မှန်သည့် ဒီမိုကရေစီ နိုင်ငံတော်ကြီးအား တည်ဆောက်နိုင်လိမ့်မည်ဖြစ်သည်။ ပင်လုံညီလာခံထက်ကျယ်ပြန့်သည့် အမျိုးသားညှိနှိုင်းမှု ညီလာခံကြီးအား ခေါ်ယူကျင်းပ၍ ပြဿနာများအား ပြေလည်အောင်ဖြေရှင်းရန် လိုအပ်သည်။ ထိုသို့ အမျိုးသား ညှိနှိုင်းမှုညီလာခံကြီး ပေါ်ပေါက်ရေးအားရည်ရွယ်၍ ၂၀၁၀ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်၊ ကလေးမြို့တွင် ကျင်းပသော ဇိုမီးအမျိုးသားကွန်ဂရက်၏ ၂၂ နှစ်မြောက်အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအင်အားစုများမှ ခေါင်းဆောင်များနှင့် ဒီမိုကရေစီရရှိရေး လှုပ်ရှားသူများပေါင်းစည်း၍ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် မှန်ကန်သောဦးဆောင်မှု ညီညွတ်မှုဖြင့် ဆက်လက်တိုက်ပွဲဝင်ရေး၊ ၂၀၀၈ အခြေခံဥပဒေနှင့်အညီ ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲသည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများကို ဖော်ဆောင်ပေးနိုင်မည်မဟုတ်သဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးအရ အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် လူမျိုးတိုင်း တန်းတူအခွင့်အရေးကိုအခြေခံသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ဖြင့် တည်ဆောက်ရန်အတွက် ဒုတိယ ပင်လုံညီလာခံကြီးအား ခေါ်ယူကျင်းပသွားမည်ဖြစ်ကြောင်း သံဓိဌာန်ချဆုံးဖြတ်ခဲ့ကြသည်ဆိုသည့် ကလေးမြို့ ကြေညာစာတမ်းအား ထုတ်ပြန်ခဲ့သည်။ ထိုထုတ်ပြန်ချက်အား ပြည်တွင်း/ပရှိ နိုင်ငံရေးအင်အားစုအများစုက ကြိုဆိုထောက်ခံခဲ့ကြသည်။

ဒုတိယ ပင်လုံညီလာခံဖြစ်မြောက်ရေးနှင့်ပတ်သက်၍ ဝါရင့်နိုင်ငံရေးသမားကြီးများအား ပူဇော်ကန်တော့ပွဲ (၂၀၁၀ ခုနှစ်၊ နိုဝင်ဘာ ၂၀) တွင် ဒေါ်အောင်ဆန်းစုကြည်အား ဒု ပင်လုံညီလာခံကြီးဖြစ်ပေါ်ရေးအတွက် ဦးဆောင် လုပ်ကိုင်ရန် တာဝန်ပေးအပ်ခဲ့ကြသည်၊ ဒေါ်အောင်ဆန်းစုကြည်မှလည်း ထိုတာဝန်အား လေးနက်စွာ ခံယူလုပ်ကိုင်မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်။ သို့သော်လည်း သူ့အား ဝိုင်းဝန်းကူညီပေးကြပါရန်နှင့် မျိုးဆက်များအားလုံး လက်တွဲလုပ်ကိုင်ကြရန်ပြောကြားခဲ့သည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လူမျိုးများအချင်းချင်း ယုံကြည်မှုရရှိစေရေးကို တိုးမြှင့်လုပ်ကိုင်ရမည်။ တချိန်တည်းတွင် လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသည့် အမျိုးသားရေးဝါဒများ ကင်းစင်ရန်လိုအပ်သည်။ သံသယ စိတ်လွန်ကဲမှု၊ သမိုင်းကြောင်းအရ ဖြစ်တည်လာမှုများအား မျက်ကွယ်ပြုမှုများကို သတိထားရလိမ့်မည်ဟု ထင်မြင်ယူဆပါသည်။

နိဂုံးချုပ်အားဖြင့် တိုင်းပြည်ပြန်လည်တည်ထောင်ရေးတွင်၊ တိုင်းရင်းသားလူမျိုးများအားလုံး အခွင့်အရေး ပြည့်ဝစွာရရှိရန်နှင့် ပင်လုံစိတ်ဓာတ် (ပြည်ထောင်စုစိတ်ဓာတ်)အခြေခံပေါ်တွင်၊ ယုံကြည်စိတ်ချရသည့် နိုင်ငံရေးအခင်းအကျင်းနှင့် အတူတကွ လက်တွဲနေ ထိုင်နိုင်ရေးအား အကောင်အထည်ဖော်ရာတွင် မြန်ဆန်စေရန် စစ်အာဏာရှင်စနစ်၊ စစ်အစိုးရဖျက်သိမ်းရေး၊ စစ်မှန်သောပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်နေသူတိုင်း ဂရုပြုရမည်မှာ တိုင်းရင်းသားလူမျိုးများအရေးပင်ဖြစ်ပါသည်။ သို့မှသာ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်ကြီးအား တည်ဆောက်နိုင်လိမ့်မည်ဖြစ်ပါသည်။


မှီငြမ်းကိုးကား

- တိုင်းရင်းသားနယ်မြေများ (ချင်း၊ ပအိုဝ့်၊ ရှမ်း၊ ကရင်နီ၊ ကရင်၊ ကယန်း) တွင် ၁၀ နှစ်ခန့် နေထိုင်ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံများ။

- လက်လှမ်းမှီရာ ဖတ်ရှုခဲ့ရသည့် တိုင်းရင်းသားရေးရာနှင့်ပတ်သက်သည့် စာတမ်း/စာအုပ်များ။

- လေ့လာ/မှတ်သားထားသည့် ကျနော့်မှတ်တမ်းစာအုပ်။

 

No comments:

Post a Comment