Monday, April 9, 2012

တိုင်းရင်းသားလူမျိုးများရေးရာနှင့် အနာဂတ်ပြည်ထောင်စုသစ် - ၁ (ရဲဘော်ဇော်ကိုနိုင်)

ပင်လုံစာချုပ် ချုပ်ဆိုရခြင်းရည်ရွယ်ချက်မှာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့အစိုးရမှ ပြည်မ (မြေပြန့်ဒေသ၊ ရခိုင်၊ မွန် ဒေသများ)နှင့် တောင်တန်းအထူးဒေသ (ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နီ ဒေသများ)ဟူ၍ ခွဲခြားအုပ်ချုပ်စေခဲ့ပြီး လွတ်လပ်ရေးပေးခါနီးချိန်တွင်လည်း တောင်တန်းဒေသများကို ချန်လပ်ထားကာ ဆက်လက်၍ ကိုလိုနီကျွန်ပြုထားလိုသည်။ လွတ်လပ်ရေးရယူရန် ဗိုလ်ချုပ်အောင်ဆန်းတို့ အင်္ဂလန်သွားချိန်တွင် တိုင်းရင်းသား အင်အားစုများက ဗိုလ်ချုပ်တို့အား မထောက်ခံကြောင်း ကိုယ်စားမပြုကြောင်းပြောလာသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းအနေဖြင့် (SCOUPH)အဖွဲ့နှင့်တွေ့ဆုံပြီး တောင်တန်းပြည်မ အတူတကွ လွတ်လပ်ရေးရယူရန်၊ တိုင်းရင်းသားလူမျိုးများအားလုံး၏ အခွင့်အရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်များ ပြည့်ဝစွာရယူကြရန် သဘောတူပြီး ပင်လုံစာချုပ်အား ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။

လွတ်လပ်ရေးရယူရန်အတွက် အင်္ဂလိပ်အစိုးရနှင့် ညှိနှိုင်းရာတွင် တိုင်းရင်းသားလူမျိုးများ၏ ပါဝင် ပူးပေါင်းမှုသည် အလွန်အရေးပါခဲ့သည်။ ပြည်မနှင့်တောင်တန်း စည်းလုံးမှုသည် လွတ်လပ်ရေးရခဲ့ခြင်း၏ အဓိက အရေးပါမှုဖြစ်သည်၊ ပင်လုံစာချုပ် ချုပ်ဆိုသောနေ့အား ‘ပြည်ထောင်စုနေ့’ ဟူ၍ သတ်မှတ်ခဲ့ခြင်းမှာ၊ ‘ပြည်ထောင်များ စုပေါင်းနေထိုင်သည့်နိုင်ငံတော်ဖြစ်သည်’ ဆိုသည်ကို ရည်ရွယ်ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။


ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး ဦးနု၏ (ဖဆပလ)အစိုးရလက်ထက်တွင် အမျိုးသားစည်းလုံးညီညွတ်မှု စတင် ပြိုကွဲပါတော့သည်။ အာဏာရ အစိုးရအဖွဲ့အနေဖြင့် နိုင်ငံရေး၊ တိုင်းရင်းသားလူမျိုးများအရေးအား မှန်ကန်စွာ မဖြေရှင်းနိုင်ခဲ့ချေ။ ထို့အတွက် တိုင်းရင်းသားလူမျိုးများအနေဖြင့် ၎င်းတို့၏ ရပိုင်ခွင့် အခွင့်အရေးများ ပြန်လည်ရရှိရန် အရှိန်မြင့်စွာ တောင်းဆိုလာခဲ့ကြသည်။ အချို့တိုင်းရင်းသားအင်အားစုများမှာ လက်နက်ကိုင်၍ တော်လှန် တိုက်ပွဲဝင်ကြလေသည်။ ၁၉၆၁ ခုနှစ်တွင် ဝန်ကြီးချုပ်ဦးနုမှ ဗုဒ္ဓဘာသာအား နိုင်ငံတော်ဘာသာအဖြစ် အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲနိုင်ရေးအတွက် အခြေခံဥပဒေအား ပြင်ဆင်နိုင်ခွင့်ရှိကြောင်း ထုတ်ပြန်ကြေညာလိုက်သောအခါ တိုင်းရင်းသားလူမျိုးများအနေဖြင့် ရလာသောအခွင့်အရေးအား လက်လွှတ်မခံဘဲ တောင်ကြီးမြို့တွင် တောင်တန်းသားများညီညွတ်ရေးအဖွဲ့မှ ဦးဆောင်၍ ‘လူမျိုးစုညီလာခံကြီး’ ကျင်းပခဲ့ကြသည်။ ထိုညီလာခံတွင် တိုင်းရင်းသား လူမျိုးခေါင်းဆောင်များမှ ပင်လုံစာချုပ်အရ၊ တောင်တန်းဒေသစုံစမ်းရေးကော်မရှင် မေမြို့ညီလာခံအရ ‘ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော ဖက်ဒရယ်ပြည်ထောင်စု’ ထူထောင်ရေးအား အတည်ပြု တောင်းဆိုခဲ့ကြပါသည်။

တောင်ကြီးညီလာခံ၏ ရလာဒ်အား (၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့) ပြည်သူ့လွှတ်တော်တွင် တင်သွင်းရန် စီစဉ်ကြသည်။ မတ်လ ၁ ရက်နေ့တွင် ရန်ကုန်ပြည်လမ်းရှိ အသံလွှင့်ရုံ၌ ဝန်ကြီးချုပ် ဦးနုမှ တိုင်းရင်းသားလူမျိုး ခေါင်းဆောင်များအားဖိတ်ခေါ်၍ အကြိုညှိနှိုင်းပွဲကျင်းပပြုလုပ်ခဲ့သည်။ ထိုအကြိုညှိနှိုင်းပွဲတွင် တိုင်းရင်းသားလူမျိုးများမှ ‘လူမျိုးစုများ ကိုယ်ပိုင်ပြဌာန်းခွင့်’ အား တင်သွင်းဆွေးနွေးခဲ့ကြသည်။ သို့သော်လည်း နောက်တနေ့ မတ်လ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်တပ်မှ တိုင်းပြည်အာဏာအား သိမ်းပိုက်လိုက်ပါသည်။ အကြောင်းပြချက်မှာ ‘တိုင်းရင်းသားလူမျိုးများ တိုင်းပြည်မှခွဲထွက်ရန် တင်သွင်းဆွေးနွေးနေကြသည်၊ တိုင်းပြည် ပြိုကွဲမည့်အရေးအား ကာကွယ်ရန်’ ဟူသည့် အကြောင်းပြချက်ဖြင့် တိုင်းပြည်အာဏာအား သိမ်းပိုက်ခဲ့လေသည်။

တော်လှန်ရေးကောင်စီအစိုးရ အာဏာသိမ်းပိုက်ရယူပြီးနောက် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ၊ စည်းလုံးညီညွတ်မှုများ ဖျက်ဆီးခံရပါတော့သည်။ တိုင်းရင်းသားခေါင်းဆောင်များအား ဖမ်းဆီးထောင်ချခြင်း၊ သတ်ဖြတ်ခြင်းတို့အား အစီစဉ်ရှိရှိ ပြုကျင့်ပါတော့သည်။ တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးပါတီများကိုလည်း ဖျက်သိမ်းလိုက်ပါသည်။ သို့ဖြင့် မဆလ (မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ)ခေတ်တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ လုံးဝ ပျောက်ကွယ်သွားပြီး ဥပဒေတွင်းမှ တောင်းဆိုနေမှုများ မရနိုင်တော့သည့်အဆုံးတွင် တိုင်းရင်းသားလူမျိုးများသည် အမျိုးသားလွတ်မြောက်ရေးအတွက် လက်နက်ကိုင်တော်လှန်ရေးသို့ ကူးပြောင်း၍ တော်လှန်တိုက်ပွဲဝင်ခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။

မတရားသဖြင့် ဖိနှိပ်ရက်စက်သော စစ်အာဏာရှင်စနစ်၊ စစ်အစိုးရအား လက်နက်ကိုင် ခုခံတော်လှန်ခြင်းမှာ မှန်ကန်သည်။ နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းအရ မှန်ကန်စွာမဖြေရှင်းဘဲ လူမျိုးတုံးစစ်ဆင်နေသော စစ်အုပ်စုအား လက်နက်ကိုင်၍ခုခံတော်လှန်ခြင်းမှာ တရားသောစစ်ဖြစ်သည်။ ယခင်က ဗမာဘုရင်များသည် တိုင်းရင်းသားလူမျိုးများ၏ တိုင်းနိုင်ငံတို့အား စစ်ရေးအရ ကျူးကျော်သိမ်းပိုက်သောအခါ တရားသောစစ်ပွဲ ဆင်နွှဲနေခြင်းဟု သုံးနှုန်းပြီး၊ တိုင်းရင်းသားလူမျိုးများမှ ခုခံတော်လှန်သောအခါ သောင်းကျန်း/ကျူးကျော်မှု၊ ဖျက်ဆီးဆူပူမှု ဟူ၍ သတ်မှတ်ပြောဆိုနေခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲအား သောင်းကျန်းသူ အဖျက်သမားများ၏လုပ်ရပ်များအဖြစ် သုံးနှုန်းပြောဆိုကာ လူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံးအား လိမ်ညာဝါဒဖြန့်နေခဲ့သည်မှာ ဆယ်စုနှစ်များစွာရှိခဲ့ပြီဖြစ်သည်။

စစ်အာဏာရှင်အစိုးရသည် ၁၉၆၃ မှစ၍ ယနေ့ကာလအထိ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား တော်လှန်ရေး/ နိုင်ငံရေးအင်အားစုများနှင့် ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့သော်လည်း အမှန်တကယ် အမျိုးသား ပြန်လည်သင့်မြတ်ရေးအား မရရှိခဲ့ချေ။ နိုင်ငံရေးအရ တန်းတူရည်တူ ဆက်ဆံဆွေးနွေးပြောဆိုခဲ့မှုမရှိခြင်း၏ ရလာဒ်ပင်ဖြစ်သည်။ တိုင်းရင်းသား တော်လှန်ရေးအင်အားစုများသည် နိုင်ငံရေးပြဿနာများအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရေးအားလိုလားပြီး အာဏာရအစိုးရ၏ ကမ်းလှမ်းချက်များကို လက်ခံခဲ့ပါသည်။ ၁၉၆၃ ခုနှစ်တွင် (မဒညတ -၃- ပါတီအဖွဲ့) မှ (KNU, KNPP နှင့် NMSP) ကိုယ်စားလှယ်များ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရခိုင်ကွန်မြူနစ်ပါတီ စသည့်ကိုယ်စားလှယ်များသည် စစ်အစိုးရကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားလူမျိုးများ၏ ရပိုင်ခွင့်များကို တောင်းဆိုခဲ့ကြသည်။ ထိုသို့တောင်းဆိုမှုအား စစ်အစိုးရမှလက်မခံသဖြင့် ပြည်တွင်းစစ်မီးမှာ ငြိမ်းသတ်မရနိုင်ဘဲ ရှည်ကြာနေခဲ့ရသည်။ နဝတ/နအဖ စစ်အစိုးရနှင့် ယနေ့ ကြံ့ဖွံ့အစိုးရ လက်ထက်တွင်လည်း နိုင်ငံရေး/စစ်ရေးအရ ကောက်ကျစ်စဉ်းလဲသော လိမ်လည်လှည့်စားမှုများဖြင့် အတုအယောင် ငြိမ်းချမ်းရေးအား ကျင့်သုံးပြုမူနေပြီး ပြည်တွင်းငြိမ်းချမ်းရေးမှာ အလှမ်းဝေးကွာနေဆဲဖြစ်သည်။ နိုင်ငံရေးအရ ဖြစ်ထွန်းတိုးတက်မှုများ၊ ပြောင်းလဲမှုများဆိုသည်မှာလည်း ဟန်ပြသာဖြစ်သည်။ နိုင်ငံရေးလှည့်ကွက် ကစားနည်းများသာဖြစ်ပြီး စစ်အုပ်စု အကျိုးစီးပွားကာကွယ်ရေးအတွက်သာ ဦးတည်ရွေ့လျားနေသည့်ဖြစ်စဉ်များ ဖြစ်သည်။

တိုင်းရင်းသားလူမျိုးများသည် လွတ်လပ်ရေးမရမီနှင့် လွတ်လပ်ရေးရပြီး ယနေ့ကာလအထိ ၎င်းတို့၏ ရပိုင်ခွင့်များအတွက် တပ်ပေါင်းစုများစုဖွဲ့ပြီး တစိုက်မတ်မတ် တောင်းဆိုနေခဲ့ကြသည်။ လွတ်လပ်ရေး မရခင်ကာလတွင် တောင်တန်းသားများ စည်းလုံးညီညွတ်ရေးအဖွဲ့ (တစညဖ/SCOUHP) မှသည်၊ လွတ်လပ်ရေးရပြီး ၁၉၅၆ ခုနှစ်တွင် ဒီမိုကရက်တစ် လူမျိုးစုများတပ်ဦး (ဒလညတ)၊ ၁၉၆၁ ခုနှစ်တွင် ပြည်နယ်များညီညွတ်ရေးအဖွဲ့၊ ၁၉၆၅ ခုနှစ်တွင် ညီညွတ်သော လူမျိုးစုများတပ်ဦး (ညလတ)၊ ၁၉၇၂ ခုနှစ်တွင် လူမျိုးစုများညီညွတ်ရေးတပ်ဦး၊ တော်လှန်သော လူမျိုးပေါင်းစုံလွတ်မြောက်ရေး မဟာမိတ်အဖွဲ့ (တလမဖ)၊ ၁၉၇၅ ခုနှစ်၊ မေ ၂၇ တွင် ပြည်နယ်ပေါင်းစုပြည်ထောင်စု အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (ပမဒတ)၊ ၁၉၇၆ ခုနှစ်။ မေ ၁၀ တွင် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)နှင့် (UNLD-LA)၊ (NDF)၊ (KNPP)နှင့် ပြည်ပရောက် တိုင်းရင်းသားလူမျိုးများ စုပေါင်းဖွဲ့စည်းထားသည့် တိုင်းရင်းသားလူမျိုးများကောင်စီ (Ethnic Nationalities Council- ENC) နှင့် ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထပ်မံစုဖွဲ့လိုက်သည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (United Nationa lities Federal Council-UNFC)အဆုံး တိုင်းရင်းသားအင်အားစုများ စုစည်းခဲ့ကြပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေးအတွက် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်ကို တွေ့ရသည်။ ထိုသို့စုစည်းမှုများနှင့် ရည်မှန်းချက်များအပေါ် အမြင်မရှင်းလင်းမှု၊ ကွဲလွဲမှုများရှိနိုင်သော်ငြားလည်း တိုင်းရင်းသားများ၏အရေးကိစ္စကို ဂရုပြုရန်လိုအပ်သည်။

လက်နက်ကိုင်တိုက်ပွဲဝင်နေသည့် တိုင်းရင်းသားတော်လှန်ရေးတပ်ပေါင်းစုဖြစ်သည့် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ)သည် ထင်ရှားသည့်တပ်ပေါင်းစုဖြစ်သည်။ (မဒတ)၏ ရည်ရွယ်ချက်လမ်းစဉ်မှာ ‘ဗမာလူမျိုး အပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံး လွတ်လပ်မှု၊ တန်းတူမှု၊ ဘဝဖြစ်ပေါ်တိုးတက်မှုရှိသော တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဒီမိုကရေစီအားအခြေခံသည့် စစ်မှန်သော ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဖြစ်သည်။ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုဆိုသည်မှာ တိုင်းရင်းသားလူမျိုးများအားလုံး၏ ဆန္ဒသဘောထားနှင့်ကိုက်ညီသော တရားမျှတပြီး အကျယ်အဝန်းရှိသော ပြည်နယ်များစုပေါင်းဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်ဖြစ်သည်’ ဟူ၍ဖော်ပြထားသည်။ တိုင်းပြည်မှ ခွဲထွက်ရန်မဟုတ်ဘဲ ပါတီစုံ ဒီမိုကရေစီစနစ်အား လိုလားကြောင်း မူသဘောထားများ ချမှတ်ထားသည်။

ပြည်ပတွင် တိုင်းရင်းသားအင်အားစုများစုဖွဲ့၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသလို ပြည်တွင်းတွင်လည်း အုပ်စိုးသူအာဏာရ အစိုးရအဆက်ဆက်အား တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် တိုက်ပွဲဝင်နေသော တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ တပ်ပေါင်းစုများရှိသည်။ ၁၉၈၈ ခုနှစ် ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကြီးဖြစ်ပြီးနောက် ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ တွင် ဖွဲ့စည်းခဲ့သည့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD)နှင့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA)တို့မှာ ထင်ရှားသည်။ (UNLD) သည် တိုင်းရင်းသား နိုင်ငံရေးပါတီ ၂၁ ပါတီဖြင့် စုဖွဲ့ထားသည့် ထင်ရှားသော တိုင်းရင်းသား နိုင်ငံရေးအင်အားစုဖြစ်သည်။

ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (UNLD) ၏ ရည်ရွယ်ချက်နှင့် လမ်းစဉ်များကို လေ့လာကြည့်ရာတွင် အောက်ပါအတိုင်း တွေ့ရသည်။
(၁) ဒီမိုကရေစီရေးနှင့် တိုင်းရင်းသားလူမျိုးများ တန်းတူရေး
(၂) အမျိုးသားသွေးစည်းညီညွတ်ရေး
(၃) စစ်မှန်သော ပြည်ထောင်စုဖွဲ့စည်းရေး
(၄) ပြည်တွင်းငြိမ်းချမ်းရေး
(၅) ပြည်နယ်အသီးသီး အချိုးညီ ဖွံ့ဖြိုးတိုးတက်ရေးမှ ပြည်ထောင်စုကြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး
(၆) မည်သည့် အာဏာရှင်စနစ်မျိုးမှ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နောက်ထပ်တဖန် မပေါ်ထွန်းရေးတို့ ဖြစ်သည်။

(UNLD)၏ လမ်းစဉ်သည် ပြည်နယ်များ စုပေါင်းဖွဲ့စည်းထားသော ဖက်ဒရယ်ပြည်ထောင်စုစနစ်အား တည်ဆောက်ရန် ဖြစ်ကြောင်း၊ ခွဲထွက်ရေး မဟုတ်ကြောင်း။ တိုင်းရင်သားလူမျိုးများ၏ ပြဿနာအား ပြေလည်အောင်မဖြေရှင်းနိုင်ခဲ့၍ ပြည်တွင်းငြိမ်းချမ်းရေးမရနိုင်ဘဲ ဖြစ်နေရသည်၊ ပြည်တွင်းစစ်အား အမှီသဟဲပြု၍၊ စစ်အာဏာရှင်စနစ် ကြီးထွားလာခြင်းဖြစ်သည်။ စစ်မှန်သော ပြည်ထောင်စုစနစ်ဖြင့် အခြေခံဥပဒေရေးဆွဲနိုင်ခြင်းမရှိပါက တိုင်းရင်းသားလူမျိုးများ၏ နိုင်ငံရေးအရ တန်းတူရည်တူ အခွင့်အရေးများ အာမခံချက်ပေးနိုင်မည် မဟုတ်ချေ၊ ထိုသို့ အာမခံချက်မရှိလျှင် တိုင်းရင်းသားလူမျိုးများ၏ ပြဿနာအား ပြေလည်အောင်ဖြေရှင်းနိုင်လိမ့်မည်မဟုတ်ဘဲ ပြည်တွင်းငြိမ်းချမ်းရေးအား နိုင်ငံရေးနည်းဖြင့် ဖြေရှင်း၍မရနိုင်ချေ။ ငြိမ်းချမ်းရေးမရလျှင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ ရှင်သန်နိုင်မည်မဟုတ်ဘဲ ပြည်တွင်းစစ်သာ ဆက်လက်ရှည်ကြာနေမည်သာဖြစ်ကြောင်း။ တိုင်းရင်းသားများ စည်းလုံးညီညွတ်လျှင် စစ်မှန်သောပြည်ထောင်စုအား တည်ဆောက်နိုင်မည်ဖြစ်သည်၊ ငြိမ်းချမ်ရေးရမည်၊ အချုပ်အခြာအာဏာ တည်မြဲမည်ဖြစ်သည်၊ ညီညွတ်ရေးအား တည်ဆောက်သောအခါ ဒီမိုကရေစီရေး၊ တိုင်းရင်းသားလူမျိုးများ တန်းတူရေးအခြေခံပေါ်တွင် တည်ဆောက်ရမည်ဖြစ်ကြောင်း စသည်ဖြင့် (UNLD)မှ သဘောထားများချမှတ်ထားခဲ့သည်မှာ တိုင်းရင်းသားများအားလုံး၏ လမ်းညွှန်သဖွယ်ပင်ဖြစ်သည်။

အဆိုပါ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဒီမိုကရေစီအဖွဲ့ချုပ်အား နအဖ စစ်အစိုးရမှ ဖျက်သိမ်းခဲ့သည်။ ထိုလုပ်ရပ်မှာ စစ်အုပ်စု၏ တိုင်းရင်းသားလူမျိုးများအပေါ်သဘောထားကို ဖော်ထုတ်ပြသခြင်းပင်ဖြစ်သည်။ (UNLD)နှင့် (NLD)တို့၏ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုအား စစ်အုပ်စုမှ မလိုလား၍ဖြစ်သည်။ သို့သော်လည်း တိုင်းရင်းသားအင်အားစုများနှင့် (NLD) တို့စုပေါင်း၍ ‘ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ’ (CRPP)အား စုဖွဲ့နိုင်ခဲ့သည်။ CRPP မှ နိုင်ငံရေးလုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်နိုင်ခြင်းမရှိအောင် ဖိနှိပ်မှုမျိုးစုံဖြင့် ကန့်သတ် ချုပ်ချယ်ခံခဲ့ရသည်။ သို့တိုင် နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ NLD နှင့် ပြည်တွင်းရှိ တိုင်းရင်းသားအင်အားစုများ လက်တွဲမဖြုတ်ဘဲ ရပ်တည်တိုက်ပွဲဝင်ခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်။

လက်နက်ကိုင်တော်လှန်ရေးဆင်နွှဲနေသော အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (NDF)နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့ကိုလည်း တဖွဲ့ခြင်းဖဲ့ထုတ်ကာ အပစ်အခတ်ရပ်စဲရေးဟူသည့် အနာဂတ် ရည်မှန်းချက်မရေရာသည့် အတုအယောင် ငြိမ်းချမ်းရေးဖြင့် လိမ်လည်လှည့်စား၍ တိုင်းရင်းသား တော်လှန်ရေး အင်အားစုများအားလုံး ပျက်စီးရေး၊ ပြိုကွဲရေး၊ လက်နက်ဖြုတ်သိမ်းရေးအား အစီအစဉ်ရှိရှိ စနစ်တကျပြုလုပ်နေဆဲ ဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးသည် ငြိမ်းချမ်းရေးအကြိုကာလ၏ နိုင်ငံရေးအခင်းအကျင်းဖြစ်သော်လည်း စစ်အုပ်စု၏ပြုမူနေမှုများမှာ တိုင်းရင်းသားအင်အားစုများ အလုံးစုံပျက်စီးရေး၊ ဖျက်ဆီး/ချေမှုန်းရေးကိုသာ အစဉ်တစိုက် ပြုကျင့်နေတော့သည်။ အပစ်ရပ်စဲထားသော တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအား လက်နက်ဖြုတ်သိမ်းရေး/နယ်ခြားစောင့်တပ် (ပြည်သူ့စစ်)များ ဖွဲ့စည်းစေရေးအတွက်ကိုသာ ရည်ရွယ်၍ နည်းအမျိုးမျိုးဖြင့် ဖိအားပေးစီမံခဲ့သည်။ ထိုသို့ပြုမူနေမှုများကြောင့် အပစ်ရပ်စဲရေး ကတိကဝတ်များ ပျက်ပျယ်၍ လက်နက်ကိုင်ပဋိပက္ခများဆီ ပြန်လည်ဦးလှည့်လာစေခဲ့သည့် အခြေအနေသို့ ရောက်ရှိစေခဲ့သည်။

ဆက်လက်ဖော်ပြပါမယ်။

No comments:

Post a Comment