Sunday, February 5, 2012

၂၀၀၈ အခြေခံဥပဒေ ဒီမိုကရေစီနည်းကျ ဖြစ်အောင်ပြုပြင်ဖို့ အများကြီး လိုပါသေးတယ် …

“နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်ပြီး ရပ်တည်ဖို့ မရပ်တည်ဖို့ ဆိုတဲ့ကိစ္စတွေက အဲဒီလို အခြေအနေ ရောက်ဖို့အထိဆိုလို့ရှိရင်တော့ ကာလတခု၊ အချိန်တခုတော့ ကျနော်တို့ယူကြရဦးမယ်လို့ ထင်ပါတယ်။ ဆက်ပြီးတော့ ကျနော်တို့ရဲ့ ဆွေးနွေးမှု၊ ထိတွေ့မှု၊ အပြန်အလှန် အကြံပြုမှုတွေ ဆက်ပြီးလုပ်သွားရလိမ့်ဦးမယ် …”

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် အတိုက်အခံအဖွဲ့အစည်းတခုဖြစ်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင်တွေနဲ့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုဟာ ငြိမ်းချမ်းရေးဆွေးနွေးမှုအဆင့် မဟုတ်ဘဲ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုလို့ ဆိုပါတယ်။ ဆွေးနွေးပွဲမှာပါဝင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်ကို ဆက်သွယ် မေးမြန်းကြည့်ရာမှာတော့ …


ကိုအောင်မိုးဇော်။ ။ အဓိကကတော့ ဒီနေ့က ပထမဆုံးအကြိမ် တွေ့တာလေ။ ဟိုတုန်းကလည်း တွေ့ဖူးတာမဟုတ်ဘူး။ လူတော်တော်များများလည်း သိခဲ့ဖူးတာမဟုတ်ဘူး။ ပထမဦးဆုံးအကြိမ် တွေ့တဲ့အခါကျတော့ ကနေ့ တိုင်းပြည်အပေါ်မှာ ဖြစ်နေတဲ့ အမြင်တွေနဲ့ပတ်သက်လို့ ကျနော်တို့ အလွတ်သဘောပေါ့၊ အမြင်ချင်းဖလှယ်တဲ့အဆင့် ဖြစ်ပါတယ်။ နောက်တခုက ရင်းနှီးမှုရအောင်၊ ယုံကြည်မှုရအောင် ဆွေးနွေးကြတဲ့သဘောပါပဲ။ တိတိကျကျ ဘာတွေ သဘောတူမယ်၊ ဘာတွေ သဘောမတူဘူး အဲလိုမဟုတ်ပါဘူး။ ကျနော်တို့ ယုံကြည်မှု ရင်းနှီးမှုကို စပြီးတော့ ရောက်ကြတဲ့အဆင့်လို့ ပြောချင်ပါတယ်။

ဘီဘီစီ။ ။ ဟုတ်ကဲ့ရှင့်၊ အဲတော့ အဲလိုတွေ့တဲ့အခါမှာ ဦးအောင်မင်းတို့ဘက်ကရော ဘယ်လိုကမ်းလှမ်းမှုတွေ လုပ်ခဲ့ပါသလဲရှင့်။

ကိုအောင်မိုးဇော်။ ။ ဒီနေ့တိုင်းပြည်ဖြစ်နေတဲ့ ကိစ္စတွေအပေါ်မှာ ဘယ်လိုဖြေရှင်းရင် ကောင်းမယ်၊ သူတို့အနေနဲ့ ဘာတွေကြိုးစားဆောင်ရွက်နေတယ်၊ အားလုံးလက်တွဲပြီးတော့ ဆောင်ရွက်ကြရင်ကောင်းမယ် စသဖြင့်ပေါ့နော်၊ ကနေ့ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အားလုံး ပူးပေါင်းဆောင်ရွက်နိုင်ဖို့၊ အဖြေဝိုင်းရှာကြဖို့ကို ဒါတွေကို တိုက်တွန်းပြောဆိုတဲ့ သဘောဖြစ်ပါတယ်။

ဘီဘီစီ။ ။ ဟုတ်ကဲ့ရှင့်၊ အဲတော့ ကိုအောင်မိုးဇော်တို့ မြန်မာပြည်တွင်းကို ပြန်လာဖို့ကိုရော ဖိတ်ခေါ်ကမ်းလှမ်းတာမျိုး ရှိခဲ့ပါသလား။

ကိုအောင်မိုးဇော်။ ။ ကျနော်တို့ မြန်မာပြည်တွင်း ပြန်ဖို့ဆိုတဲ့ကိစ္စက အချိန်တစုံတရာ ယူရလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ အခု ပထမ တဆင့်အနေနဲ့ကတော့ ပြည်ပမှာရောက်နေတဲ့ပုဂ္ဂိုလ်တွေ ဖိတ်တာ ကြားတာ၊ ဒီကိစ္စတွေ လုပ်နေတာရှိတယ်။ တပြိုင်တည်းမှာ ကျနော်တို့ရဲ့တိုင်းပြည်ထဲမှာလည်းပဲ လိုအပ်တဲ့ဥပဒေတွေကို မပြင်ရ မဆင်ရသေးတာတွေ၊ နောက်တခုက တချို့ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စတွေ မလုပ်ရသေးတာ ရှိမယ်။ နောက် ဒီနေ့ကာလက တစုံတရာ သူတို့ဘက်မှာလည်း အလုပ်ရှုပ်နေတဲ့အပိုင်းတွေ ရှိကောင်းရှိမယ်။ ကျနော်တို့ကိုယ်တိုင် တိုင်းပြည်ထဲ ပြန်ဖို့ မပြန်ဖို့၊ နိုင်ငံရေးပါတီတခုအနေနဲ့ ပြန်ပြီး ရပ်တည်ဖို့ မရပ်တည်ဖို့ ဆိုတဲ့ကိစ္စတွေက အဲဒီလို အခြေအနေ ရောက်ဖို့အထိဆိုလို့ရှိရင်တော့ ကာလတခု၊ အချိန်တခုတော့ ကျနော်တို့ယူကြရဦးမယ်လို့ ထင်ပါတယ်။ ဆက်ပြီးတော့ ကျနော်တို့ရဲ့ ဆွေးနွေးမှု၊ ထိတွေ့မှု၊ အပြန်အလှန် အကြံပြုမှုတွေ ဆက်ပြီးလုပ်သွားရလိမ့်ဦးမယ်လို့ ကျနော် အဲလိုယူဆပါတယ်။

ဘီဘီစီ။ ။ ဒီ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို လက်မှတ်ထိုးပြီးမှ ပါတီ မှတ်ပုံတင်ရမယ်ဆိုရင်ကော ကိုအောင်မိုးဇော်တို့ ပါတီအနေနဲ့ ဘယ်လိုသဘောရှိပါသလဲရှင့်။

ကိုအောင်မိုးဇော်။ ။ ဒီ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ တကယ်တမ်း ဒီမိုကရေစီနည်းကျ ဖြစ်အောင်ပြုပြင်ဖို့ အများကြီး လိုပါသေးတယ်။ အဲဒါတွေက အခုလက်တလော အခြေအနေမှာ ပြုပြင်လို့ ရကောင်းမှရလိမ့်မယ်၊ သို့သော်လည်းပဲ အဲလို ပြုပြင်လို့ရနိုင်တဲ့ အခြေအနေအထိရောက်အောင် ကျနော်တို့က ကြိုးစားဆောင်ရွက်သွားရမှာပဲ ဖြစ်တယ်။ အဲလို ကြိုးစားဆောင်ရွက်သွားနိုင်ဖို့အတွက်ကို နည်းလမ်းတွေကို ရှာနိုင်ဖို့အတွက်ကို ကျနော်တို့ အခုလို တွေ့တာ ဆုံတာ ဆွေးနွေးတာ အဲဒါတွေကို ကျနော်တို့ လုပ်နေတာဖြစ်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တီပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော် ဖြစ်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တီပါတီဟာ ၁၉၈၈ လူထုလှုပ်ရှားမှုကြီးအပြီးမှာ ကျောင်းသားတွေနဲ့ ပြည်တွင်းမှာ စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ ခုနှစ်ကုန်ပိုင်းမှာတော့ ထိုင်းနိုင်ငံမှာ ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်ရှင်။

၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့ ဘီဘီစီ (မြန်မာပိုင်း) ညပိုင်းအစီအစဉ်မှ ကောက်နုတ်ဖော်ပြပါတယ်။

No comments:

Post a Comment