Sunday, February 5, 2012

အစိုးရနဲ့ လူ့ဘောင်သစ် ပါတီ၊ ပအို့ဝ် လွတ်မြောက်ရေးအဖွဲ့တို့ တွေ့

ထိုင်း-မြန်မာနယ်စပ် အခြေစိုက် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) နဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) က ခေါင်းဆောင်တွေကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ တနင်္ဂနွေနေ့က သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
 
ဒီတွေ့ဆုံမှုဟာ အလွတ်သဘော တွေဆုံမှုဖြစ်တယ်လို့ အဲဒီ အဖွဲ့နှစ်ဖွဲ့စလုံးက ပြောပါတယ်။

မြန်မာနိုင်ငံတွင်းမှာ လူ့ဘောင်သစ် ပါတီ တရားဝင် ပြန်လည်ရပ်တည်ဖို့ဆိုတာ ကာလတခုအထိ အချိန်ယူရအုံးမှာဖြစ်ပြီး တဖက်နဲ့တဖက် အပြန်အလှန် ထိတွေ့ဆက်ဆံ အကြံပြုတာတွေလုပ်ဖို့ လိုအုံးမှာဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ကိုအောင်မိုးဇော်က ဘီဘီစီကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တကယ်တမ်း ဒီမိုကရေစီနည်းကျဖြစ်အောင် ပြင်ဆင်ဖို့ အများကြီး လိုနေသေးဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

လတ်တလော အခြေအနေမှာ ပြင်ဆင်လို့မရသေးတာမို့ ပြင်ဆင်နိုင်ဖို့ နည်းလမ်းတွေရှာနိုင်အောင် အခုလို တွေဆုံ ဆွေးနွေးတာတွေ လုပ်နေတာဖြစ်တယ်လို့ ကိုအောင်မိုးဇော်က ပြောပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုအပြီး ပြည်တွင်းမှာ ကျောင်းသားတွေနဲ့ စတင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၁ နှစ်ကုန်ပိုင်းမှာ ထိုင်းနိုင်ငံမှာ ပြန်လည် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

တခါ မီးရထား ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ သီးခြား တွေဆုံခဲ့တဲ့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ကလည်း အခုတွေ့ဆုံမှုဟာ အလွတ်သဘော တွေ့ဆုံမှုဖြစ်ပြီး ပြည်ထောင်စု အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူချက်ရအောင် ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။

တပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးကို အစိုးရဘက်က တရားဝင် ကြေညာပေးဖို့နဲ့ အဲဒီလို ရပ်စဲအပြီး ရက်ပေါင်း ၆၀ အတွင်းမှာ နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံရေးအရ တွေဆုံမှုတွေလုပ်ဖို့ ပအို့ဝ်အမျိုသား လွတ်မြောက်ရေး အဖွဲ့ချုပ်ဘက်က တင်ပြတောင်းဆိုခဲ့တယ်လို့ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးခွန်မြင့်ထွန်းက ဘီဘီစီကို ပြောပါတယ်။

သူတို့တောင်းဆိုခဲ့ချက်တွေထဲမှာ တချို့အချက်တွေကို သမ္မတထံ ပြန်လည်တင်ပြပြီးမှ ဆက်လက် ဆွေးနွေးမယ်လို့ ဦးအောင်မင်းက တုံ့ပြန်ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက် အကြေအလည် ဆွေးနွေးပြောဆိုမှုတွေ ထပ်လုပ်ပြီးရင်တော့ သဘောတူချက် ထွက်လာနိုင်တယ်လို့ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်ကို ပအို့ဝ် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပအို့ဝ် အတိုက်အခံ နိုင်ငံရေးသမားတွေ စုစည်းပြီး ဒီနှစ်ထဲမှာ ပြန်လည်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။

သတင်း - ဘီဘီစီ

No comments:

Post a Comment