Wednesday, February 8, 2012

ဒီမိုကရေစီတည်ဆောက်ရေးတွင် လူငယ်များပါဝင်ရန် တာဝန်ရှိသည်

လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌ နော်မေဘယ်ထူး  

“ဒီမိုကရေစီထွန်းကားတဲ့၊ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံတည်ဆောက်ရေးမှာ ပါဝင်ရမယ့်တာဝန်ဟာ ကျမတို့ လူငယ်တွေအပေါ်မှာလည်း ရှိတယ်လို့ ကျမတို့ ယုံကြည်တယ်” ဟု လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌ နော်မေဘယ်ထူး မှ လူဘောင်သစ်လူငယ် ဖွဲ့စည်းရေး အစည်းအဝေးတွင် ပြောကြားသွားခဲ့သည်။ 
 
လူ့ဘောင်သစ်လူငယ်အဖွဲ့ကို တက်ကြွလှုပ်ရှားသူ လူငယ်များစုစည်းပြီး ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် ဖွဲ့စည်းလိုက်ခြင်း ဖြစ်ပါတယ်။

လူ့ဘောင်သစ်လူငယ်အဖွဲ့တွင် အဖွဲ့ဝင် ၂၈ ဦး ပါဝင်ပြီး အဖွဲ့ဝင်အားလုံးမှ ဝိုင်းဝန်းဆွေးနွေးကာ ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး (၁)၊ တွဲဖက်အတွင်းရေးမှူး (၂) တို့ အပါအဝင် အဖွဲ့ဝင် ၁၁ ဦးပါ အလုပ်အမှုဆောင်ကော်မတီကို ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခဲ့ပြီး လုပ်ငန်းကော်မတီ (၅) ရပ်ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ကြတယ်လို့ သိရှိရပါတယ်။ လူငယ်ဖွဲ့စည်းရေး အခမ်းအနားသို့ လူဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနှင့် ဗဟိုဦးဆောင်ကော်မတီဝင်များလည်း တက်ရောက်ခဲ့ကြကြောင်း သိရှိရပါတယ်။

 
“ကျမတို့ လူ့အဖွဲ့အစည်းမှာရှိတဲ့ ပြည်သူအသီးသီးအနေနဲ့ တဦးချင်းစီမှာ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ခွင့်ရှိမယ့် အခြေအနေသစ်တွေကို ဖန်တီးရုန်းကန်ရမယ့် တာဝန်ကိုယ်စီရှိပါတယ်။ ဒီမိုကရေစီထွန်းကားတဲ့၊ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်ရမယ့်တာဝန်ဟာ ကျမတို့ လူငယ်တွေအပေါ်မှာလည်း ရှိတယ်လို့ ကျမတို့ ယုံကြည်တယ်။ ဒါ့ကြောင့် ကျမတို့ လူ့ဘောင်သစ်လူငယ်တွေအနေနဲ့ ပြည်သူအသီးသီး၊ အမျိုးသားအသီးသီးနဲ့ လက်တွဲပြီး ကျမတို့ရဲ့ အနာဂတ်ကို ဖန်တီးတည်ဆောက်နိုင်ဖို့အတွက် ကျမတို့ လှုပ်ရှားရုန်းကန်သွားမှာ ဖြစ်ပါတယ်” လို့ လူ့ဘောင်သစ်လူငယ် ဥက္ကဋ္ဌ နော်မေဘယ်ထူးက အလုပ်အမှုဆောင်ကော်မတီဝင်များ ရွေးချယ်ခြင်း အခမ်းအနားတွင် ပြောကြားသွားခဲ့ပါတယ်။

လူ့ဘောင်သစ်လူငယ် ဒုတိယ ဥက္ကဋ္ဌ ကိုစိမ်းအောင်ကလည်း “ပြည်သူကို ကိုယ်စားပြုသော၊ လူ့ဘောင်သစ် လူငယ်ကို ကိုယ်စားပြုသော၊ ပါတီကိုကိုယ်စားပြုသော ရဲဘော်ရဲဘက်တယောက်အဖြစ် ဆက်လက်တည်ရှိသွားပါမယ် လို့ ပြောကြားသွားခဲ့ပါတယ်။

“လူငယ်အဖွဲ့ ဖွံ့ဖြိုးမှ ပါတီလည်း ဖွံ့ဖြိုးမှာဖြစ်ပါတယ်။ ဒါမှလည်း တိုင်းပြည်အကျိုးကို သယ်ပိုးနိုင်မှာပါ” လို့ လူ့ဘောင်သစ်လူငယ် အတွင်းရေးမှူး ကိုနေမင်းက ပြောကြားသွားခဲ့ကြောင်း သိရှိရပါတယ်။

 
မြန်မာပြည်သူတရပ်လုံး၏ လွတ်လပ်မှု၊ တန်းတူညီမျှမှုနှင့် ချစ်ကြည်သွေးစည်းမှုတို့အတွက် ရုန်းကန်လှုပ်ရှားသွားဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ထို့အပြင် မြန်မာပြည်သူ တစ်ရပ်လုံး အာဏာရှင်တို့၏ ဖိနှိပ်ခြင်းခံရမှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများမှ လွတ်မြောက်ပြီး တန်းတူညီမျှမှုရှိသော ငြိမ်းချမ်းသည့် လူ့ဘောင်သစ်တရပ်ကို ဖန်တီးတည်ဆောက်ရန် လူ့ဘောင်သစ်လူငယ်အဖွဲ့က ရည်မှန်းချက်ချထားကြောင်းလည်း သိရှိရပါတယ်။

-xxx-

No comments:

Post a Comment