လူ့ဘောင်သစ်လူငယ်အဖွဲ့ကို မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူ လူငယ်များနှင့် ဖွဲ့စည်းလိုက်ခြင်း
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်
မြန်မာပြည်သူတစ်ရပ်လုံး၏ လွတ်လပ်မှု၊ တန်းတူညီမျှမှု နှင့် ချစ်ကြည်သွေးစည်းမှုတို့အတွက် ရုန်းကန်လှုပ်ရှားရန် ရည်ရွယ်၍ တက်ကြွလှုပ်ရှားသူလူငယ်များစုစည်းပြီး လူ့ဘောင်သစ် လူငယ်အဖွဲ့ကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ဖွဲ့စည်းလိုက်ပါသည်။
မြန်မာနိုင်ငံရှိ ပြည်သူအသီးသီးတို့သည် အာဏာရှင်တို့၏ ဖိနှိပ်မှုများနှင့် လည်းကောင်း၊ လူတန်းစားအရ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု အခြေအနေများနှင့်လည်းကောင်း၊ လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ အပါအဝင် လိင်အရပါ ဖိနှိပ် ခွဲခြားဆက်ဆံခံရမှုများနှင့်လည်းကောင်း ကြုံတွေ့ခံစားနေရသည်ဟု မိမိတို့ လူ့ဘောင်သစ်လူငယ်များအနေဖြင့် ရှုမြင်သုံးသပ်ပါသည်။ သို့ဖြစ်၍ မြန်မာပြည်သူတစ်ရပ်လုံး ထိုသို့ ဖိနှိပ်ခံရမှု၊ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု၊ ခွဲခြားဆက်ဆံခံရမှုများမှ လွတ်မြောက်ပြီး တန်းတူညီမျှမှုရှိသော ငြိမ်းချမ်းသည့် လူ့ဘောင်သစ်တစ်ရပ်ကို ဖန်တီးတည်ဆောက်ရန် လူ့ဘောင်သစ်လူငယ်အဖွဲ့က ရည်မှန်းချက်ချထားပါသည်။
၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့မှ ၃ ရက်နေ့အထိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ လူငယ်များ တက်ရောက်သည့် အထူးအစည်းအဝေးတရပ်ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးအတွင်းတွင် တက်ကြွစွာပါဝင်လှုပ်ရှားနိုင်ရေးအတွက် အဖွဲ့ဝင် ၂၈ ဦးပါ လူ့ဘောင်သစ် လူငယ်အဖွဲ့၏ စည်းရုံးရေးကော်မတီကို ဖွဲ့စည်းခဲ့ကြပါသည်။ အစည်းအဝေး တက်ရောက်လာသူ လူငယ်ကိုယ်စားလှယ်များက အဖွဲ့ဝင် ၁၁ ဦး ပါသော အောက်ပါ အလုပ်အမှုဆောင်ကော်မတီအား ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ခဲ့ပြီး လုပ်ငန်းကော်မတီ ၅ ရပ်ကိုလည်း ဖွဲ့စည်း တာဝန်ပေးအပ်ခဲ့ပါသည်။ အဆိုပါ အလုပ်အမှုဆောင်ကော်မတီနှင့် လုပ်ငန်းကော်မတီများက လူ့ဘောင်သစ်လူငယ်အဖွဲ့၏ ရည်မှန်းချက်နှင့် လုပ်ငန်းစဉ်များကို ဦးဆောင် တာဝန်ယူ အကောင်အထည်ဖော်သွားမည် ဖြစ်ပါသည်။
ရွေးချယ်တင်မြှောက်ခံရသည့် အလုပ်အမှုဆောင်ကော်မတီမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
၁။ နော်မေဘယ်ထူး ... ဥက္ကဋ္ဌ
၂။ ကိုစိမ်းအောင် ... ဒုတိယ ဥက္ကဋ္ဌ
၃။ ကိုနေမင်း ... အတွင်းရေးမှူး
၎။ မမေဇွန် ... တွဲဘက်အတွင်းရေးမှူး (၁)
၅။ မနဒီ ... တွဲဘက်အတွင်းရေးမှူး (၂)
၆။ နန်းတင်တင်နွယ် ... ကော်မတီဝင်
၇။ မနီနီကျော် ... ကော်မတီဝင်
၈။ ကိုရန်နိုင်မင်း ... ကော်မတီဝင်
၉။ ကိုဆက်အောင် ... ကော်မတီဝင်
၁၀။ ကိုမျိုးဟိန်း ... ကော်မတီဝင်
၁၁။ ကိုသန်းထိုက်ဇော် ... ကော်မတီဝင်
“ကျမတို့ လူ့အဖွဲ့အစည်းမှာရှိတဲ့ ပြည်သူအသီးသီးအနေနဲ့ တစ်ဦးချင်းစီမှာ ကိုယ့်ကံကြမ္မာ ကိုယ်ပြဌာန်းနိုင်ခွင့်ရှိမယ့် အခြေအနေသစ်တွေကို ဖန်တီးရုန်းကန်ရမယ့် တာဝန်ကိုယ်စီ ရှိပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့၊ ငြိမ်းချမ်းတဲ့ မြန်မာနိုင်ငံ တည်ဆောက်ရေးမှာ ပါဝင်ရမယ့်တာဝန်ဟာ ကျမတို့ လူငယ်တွေအပေါ်မှာလည်း ရှိတယ်လို့ ကျမတို့ ယုံကြည်တယ်။ ဒါ့ကြောင့် ကျမတို့ လူ့ဘောင်သစ် လူငယ်တွေအနေနဲ့ ပြည်သူအသီးသီး၊ အမျိုးသားအသီးသီးနဲ့လက်တွဲပြီး ကျမတို့ရဲ့ အနာဂတ်ကို ဖန်တီးတည်ဆောက်နိုင်ဖို့အတွက် ကျမတို့ လှုပ်ရှားရုန်းကန်သွားမှာ ဖြစ်ပါတယ်” ဟု လူ့ဘေင်သစ်လူငယ် ဥက္ကဋ္ဌ နော်မေဘယ်ထူးက ပြောကြားပါသည်။
အလုပ်အမှုဆောင်ကော်မတီ
လူ့ဘောင်သစ်လူငယ်
ဆက်သွယ်ရန်
နော်မေဘယ်ထူး (၀၈၁၆၈၀၈၅၀၀)
No comments:
Post a Comment