Friday, January 13, 2012

လွတ်မြောက်လာသည့် နိုင်ငံရေးခေါင်းဆောင်များအား ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနှုတ်ဆက်

letter-head
၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည့် သမ္မတ ဦးသိန်းစိန်၏ ကြေညာချက်အရ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သော အကျဉ်းသား၊ အကျဉ်းသူ ၆၅၁ ဦးထဲတွင် ဦးခွန်ထွန်းဦး၊ မင်းကိုနိုင် အပါအဝင် အရေးကြီးသော နိုင်ငံရေးအကျဉ်းသားများ ပြန်လည်လွတ်မြောက်လာကြောင်း သိရှိရပါသည်။ 
 
မိမိတို့ပါတီအနေဖြင့် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများအား ၎င်းတို့မိသားစုဝင်များနှင့်ထပ်တူ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုနှုတ်ဆက်လိုက်ပါသည်။
 
ယနေ့လွတ်မြောက်လာကြသော ကိုဇေယျ၊ ကိုဂျင်မီ၊ ကိုဇော်သက်ထွေး၊ ကိုသက်နိုင်အောင် အပါအဝင် ပါတီခေါင်းဆောင်များနှင့် ပါတီဝင်များကိုလည်း ဝမ်းမြောက်စွာ ကြိုဆိုနှုတ်ဆက်ကြောင်းနှင့် ၎င်းတို့၏ ပေးဆပ်တိုက်ပွဲဝင်ခဲ့မှုများအပေါ် လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုကြောင်း ဖော်ပြအပ်ပါသည်။

ဦးသိန်းစိန်၏ ကြေညာချက်တွင် လွှတ်ပေးရခြင်း၏ ရည်ရွယ်ချက်များအဖြစ်

- နိုင်ငံတော် တည်ငြိမ်ရေးနှင့် ထာဝရ ငြိမ်းချမ်းမှု ဖော်ဆောင်ရေးအတွက်လည်းကောင်း၊

- အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးအတွက်လည်းကောင်း၊

- နိုင်ငံရေးလုပ်ငန်းစဉ်များတွင် အားလုံးပါဝင်နိုင်ခွင့် ရရှိရေးအတွက်လည်းကောင်း၊

- လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့်လည်းကောင်း၊

- နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်ကြပြီး နိုင်ငံတော်သစ်တည်ဆောက်ရေးတွင် တဖက်တလမ်းမှ အထောက်အပံ့ဖြစ်စေသည့် နိုင်ငံသားများအဖြစ်သို့ ပြုပြင်ပြောင်းလဲနိုင်စေရေးအတွက်လည်းကောင်း

စသည်ဖြင့် ဖော်ပြထားပါသည်။

ဦးသိန်းစိန် အစိုးရအနေဖြင့် ယခုလွတ်မြောက်လာသည့် နိုင်ငံရေးခေါင်းဆောင်များကို နိုင်ငံရေးအရ အပြည့်အဝ တန်ဖိုးထားရန် လိုအပ်ပါသည်။ ကြေညာချက်တွင်ပါသည့်အတိုင်း နိုင်ငံရေးလှုပ်ရှားမှုကြီးအတွင်းတွင် လွတ်လပ်စွာ အပြည့်အဝ ပါဝင်လှုပ်ရှားခွင့်ရရှိရန် လိုအပ်ပါသည်။ ဆရာဦးဝင်းတင် ထောက်ပြခဲ့သကဲ့သို့ “ထောင်အကျဉ်းထဲမှ ထောင်အကျယ်ထဲသို့ ရွှေ့လိုက်ခြင်း” မဖြစ်ရန် လိုအပ်ကြောင်း ဦးသိန်းစိန် အစိုးရအား တိုက်တွန်းအပ်ပါသည်။

ယနေ့အချိန်သည် တိုင်းပြည်အတွက် အလွန်အရေးကြီးသော အချိန်အခါဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပြဿနာများကို လူမျိုးတိုင်း၊ အင်အားစုတိုင်း အားလုံးပါဝင်ပြီး ဖြေရှင်းကြရမည်ဖြစ်သည်။

လွတ်မြောက်လာသော ခေါင်းဆောင်များသည် ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေး အပါအဝင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် အဓိကကျသော အင်အားများဖြစ်သည် ဟု မိမိတို့ပါတီမှ အလေးအနက် ယုံကြည်ပါသည်။

ယနေ့နံနက် သရက်ထောင်မှ ထွက်ထွက်ခြင်း ပြည်သူလူထုအား ကိုမင်းကိုနိုင် ပြောကြားခဲ့သော “ကျနော်တို့ ၈၈ တုန်းက ဒေါင်းအလံတွေကိုင်ပြီးတော့ ကျနော်တို့အားလုံး ဒီမိုကရေစီရေးအတွက် အလုပ်လုပ်ခဲ့ကြသလို ဆက်ပြီးတော့လည်း အဲဒီ့ ဒေါင်းအလံ ခေါင်းစီးအောက်မှာ ဒေါင်းမာန်၊ ဒေါင်းစိတ် မပျောက်ဘဲ ဆက်လက်ပြီးတော့ ဒေါင်းအိုးဝေအသံကို ဆက်ပြီး တွန်ကျူးကြပါလို့ ပြောချင်ပါတယ်” ဆိုသည့် မိန့်ခွန်းအတိုင်း မပြီးဆုံးသေးသောတိုက်ပွဲကို ဆက်ကြရလိမ့်မည်ဖြစ်ကြောင်း မိမိတို့ပါတီမှ အလေးအနက် တိုက်တွန်းအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်

No comments:

Post a Comment