Friday, October 21, 2011

သတိ … ရှေ့မှာ အပျော့ဆွဲလှည့်ကွက် ချောက်နက်ကြီးရှိသည် (စိုးနေလင်း)

မြန်မာနိုင်ငံ ဒီမိုကရေစီအရေးမှာတော့ စစ်အစိုးရတဖြစ်လဲ ကြံ့ဖွံ့အစိုးရက နိုင်ငံတကာနဲ့ ပြည်သူလူထုကို သူ့ကစားကွက်ထဲဝင်သွားအောင် လှလှပပ လုပ်ပြလိုက်ပြန်ပါပြီ။ လှပတဲ့ ထွက်ပေါက်တခုပေါ့လေ။ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်းကြီးကိစ္စနဲ့ အခု အကျဉ်းသား ၆,၀၀၀ ကျော် အလွှတ်ပြပေးလိုက်တဲ့ ကိစ္စ။

မြစ်ဆုံရေကာတာ စီမံကိန်းဆိုတဲ့ကိစ္စက ဧရာမကိစ္စကြီးပါ။ ကလေးကစားထားတာ မဟုတ်ပါဘူး။ စစ်အစိုးရက သူတို့ အကျိုးစီးပွားနဲ့ အာဏာတည်မြဲရေး ကျောထောက်နောက်ခံ မက်လုံးတခုနဲ့ လုပ်ထားခဲ့တာပါ။ ဒါကို အရေခွံလဲ အစိုးရ လျှပ်စစ်စွမ်းအင်ဝန်ကြီးဆိုသူက လွှတ်တော်ကနေ ပြည်သူလူထုကို ခပ်ပြတ်ပြတ်ပဲ အဖြေပေးထားပြီးပါပြီ။ ဒါပေမယ့် စစ်အစိုးရ ဒီကနေ့ တွေ့နေရတဲ့ ပြဿနာက ဧရာဝတီမြစ်ဆုံ စီမံကိန်းကိစ္စကို ပြည်တွင်းက ပြည်သူလူထုကြီးကရော ပြည်ပက မြန်မာနိုင်ငံသားတွေက တခဲနက် ဆန့်ကျင်လာကြသလို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ၊ ပညာရှင်တွေကလည်း အပြင်းအထန် ကန့်ကွက် ဆန့်ကျင်လာကြတာပါပဲ။ လှုပ်ရှားမှုတွေက တစစ စိတ်လာ၊ ကျယ်ပြန့်လာ၊ စုစည်းလာတာပါ။

ရိုးရိုး သဘောထား ဖော်ဆောင်ပြသကြရုံသာမဟုတ်ဘဲ စီမံချက်တွေ၊ လှုပ်ရှားမှုတွေ၊ စည်းရုံးဟောပြောမှုတွေပါ လုပ်လာကြတဲ့အတွက် ဒီအတိုင်းသာဆက်သွားရင် ဒါဟာ လူထုအုံကြွ ဆန့်ကျင်မှုကြီးတခုအဖြစ် ကူးပြောင်း ရောက်ရှိသွားနိုင်တယ်ဆိုတာကို စစ်အစိုးရ တဖြစ်လဲ ကြံ့ဖွံ့အစိုးရက ကောင်းကောင်း နားလည်သဘောပေါက်ပါတယ်။

အဲဒီလို ကူးပြောင်းသွားပြီဆိုတာနဲ့ ဆင်းရဲတွင်းထဲမှာ အစိုးရရဲ့ ဖိစီးနှိပ်စက်မှုမျိုးစုံကို ခါးစည်းနေကြရတာ နှစ်ကာလ ကြာလာတာနဲ့အမျှ အထွေထွေ မကျေနပ်မှုတွေပေါက်ကွဲသွားရင် သူတို့ရဲ့ နည်းဟောင်းအတိုင်း အကြမ်းဖက် ချေမှုန်းလို့လည်းမဖြစ်နိုင်တဲ့ အကြောင်းတရားတွေက သူတို့ရဲ့ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ရှိလာနေခဲ့ပြီ ဖြစ်ပါတယ်။ ဒါကို စစ်ဝန်ကြီးချုပ်တဖြစ်လဲ သမ္မတ ဦးသိန်းစိန်က ပြည်သူတွေ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရမို့ ပြည်သူတွေရဲ့ဆန္ဒကို အလေးဂရုပြုတာပါဆိုပြီး နိုင်ငံရေး အမြတ်ထုတ်သွားပါတယ်။ တကယ်က လိမ်စဉ်ကြီးပါ။

စစ်အစိုးရဟာ ဘယ်တုန်းကမှ ပြည်သူလူထု အကျိုးစီးပွားကို စဉ်းစားခဲ့တာမဟုတ်ဘူးဆိုတာကိုတော့ မြန်မာနိုင်ငံသား စစ်စစ်တွေဆို ကောင်းကောင်း သိကြပါတယ်။ ခုလည်း သူတို့ ဦးစားပေး အရေးတကြီး လိုအပ်ချက်တွေဖြစ်တဲ့ စီးပွားရေး အရေးယူပိတ်ဆို့မှု ရုတ်သိမ်းရေး၊ အာဆီယံ ဥက္ကဋ္ဌ နေရာရယူရေးတွေအတွက် နိုင်ငံတကာကို အယောင်ပြလှည့်စားဖို့ လုပ်ခဲ့ရတာပါ။

လွှတ်တော်ထဲမှာ ဒီမိုကရေစီပါတီ၊ တိုင်းရင်းသားပါတီတွေက လွှတ်တော်အမတ်တချို့ တင်ပြတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ ဦးတည်ပြုပြင်ပြောင်းလဲရေးတွေ၊ ပယ်ဖျက်ပေးရေးတွေကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ သူတို့အာဏာကို ထိပါးလာမှာ စိုးရိမ်ကြောက်လန့်စိတ်တခုတည်းနဲ့ ငြင်းဆန်ပယ်ချပစ်ခဲ့တာကို အများပြည်သူတွေ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရပြီး ဖြစ်ပါတယ်။ ခု တရုတ်အစိုးရကို တဖက်ကလှည့် မက်လုံးပေးပြီး သိမ်းသွင်းရပါလိမ့်ဦးမယ်။

(စစ်အစိုးရတဖြစ်လဲ ကြံ့ဖွံ့အစိုးရက မလွှဲမရှောင်သာ ထပ်ပြီးလိုက်လျှောပေးရအုံးမယ့် နောက်တချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ပါ။ ဒါပေမယ့် သူတို့ရဲ့အဖေကြီးလုပ်ခဲတဲ့ ၂/၈၀ လို လုပ်ပေးနိုင်ခြေ အလွန့်အလွန် နည်းပါးပါတယ်။ ဒါကို နိုင်ငံရေးအကျဉ်းသား မရှိပါဘူး။ ရှိတဲ့သူတွေက ဥပဒေကို ချိုးဖောက်လို့ အရေးယူ အပြစ်ပေးတာ ခံနေရတဲ့ ရိုးရိုး ရာဇဝတ်အကျဉ်းသားတွေပါလို့ နိုင်ငံတကာကို ပြောင်လိမ်နေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အကျဉ်းသားတွေကို လွှတ်တော့ထပ်လွှတ်ပေးပါလိမ့်မယ်။ သူတို့လွှတ်ချင်တဲ့သူတွေလောက်ကိုပဲ၊ အကန့်အသတ် ကတိက၀တ် ဝန်ခံချက် ဘောင်တွေ စည်းတွေချပြီး လွှတ်ပေးပါလိမ့်မယ်။ နိုင်ငံတကာကလည်း သဘောထား ပျော့ပျောင်းလာပါပြီ၊ အပြုသဘောဆောင်လာပါပြီဆိုပြီး ချီးကျူးထောက်ခံပေးကြပါလိမ့်အုံးမယ်။)

အပေါ်ကစာပိုဒ်က ကျနော် ကြံ့ဖွံ့သမတ ဦးသိန်းစိန်ရဲ့ အကျဉ်းသား ၆၀၀၀ ကျော်ကို သီတင်းကျွတ်လပြည့်နေ့မှာ လွှတ်ပေးမယ်လို့ ကြေငြာချက်ထုတ်ပြန်ခဲ့တယ်ဆိုတဲ့သတင်းကို တီဗွီကနေ မကြားရသေးတဲ့အချိန်မှာ မနေ့က ညကပေါ့လေ ရေးလက်စတန်းလန်းဖြစ်ပါတယ်။ အဲဒီသတင်းကြားတော့ ဒီဆောင်းပါးကိုတော့ အကျဉ်းသားတွေ လွှတ်ပြီးချိန် သာမန်ရာဇဝတ်မှုနဲ့ ပြစ်ဒဏ်ကျ အကျဉ်းသားက ဘယ်လောက်၊ နိုင်ငံရေးလှုပ်ရှားမှု၊ ယုံကြည်မှု ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားက ဘယ်နှယောက်လွတ်တယ်ဆိုတာကို သိပြီးမှပဲ ဆက်ရေးမှဖြစ်မယ်ဆိုပြီး ရပ်ထားလိုက်တဲ့အတိုင်းပါ။ ကျနော် တွေးမြင်နားလည်ထားတဲ့အတိုင်း ရေးထားတာပါ။ တကယ့်အခြေအနေနဲ့ နှိုင်းယှဉ်ကြည့်နိုင်ဖို့ ဖျက်မပစ်ဘဲ ထည့်ပေးလိုက်တာပါ။

ခုဖြစ်ရပ်တွေက ရပ်ကွက်ထဲမှာ ဗိုလ်ကျ အနိုင်ကျင့်နေတဲ့ လူမိုက်တယောက်ကို အရပ်က ဝိုင်းပြီးကြောက်နေကြတဲ့ သဘောပါ။ ငါ့များ အန္တရယ်ပေးနေမလားလို့ပေါ့လေ။ အဲဒီလူမိုက်က သူ့အကြောင်းနဲ့သူ၊ သူ့အန္တရာယ်ကို သူရှောင်တဲ့ အနေနဲ့ လူ ၅ ယောက်ရိုက်ရမှာကို မရိုက်တော့ဘဲ ၃ ယောက်လောက် ရိုက်ပြ၊ မိန်းကလေး ၁၀ ယောက် မုဒိန်းကျင့်နေကျကို လျှော့ပြီး ၇ ယောက်ပဲ မုဒိန်းကျင့်လိုက်တာကို ကောင်းလာပါပြီ၊ အရင်ကအကျင့်တွေကို စွန့်လွှတ်စပြုလာပါပြီဆိုပြီး ဝိုင်း မျက်နှာလိုမျက်နှာရ လုပ်နေကြသလို အဖြစ်မျိုးလို့ ပြောရမလိုပါပဲ။

အဲဒီလို အစိုးရမျိုးကို ပြုပြင်လို့မရအောင် ကမ်းကုန်နေတဲ့အစိုးရလို့ သတ်မှတ်ခေါ်ဝေါ် ဆက်ဆံတာကတော့ မမှားလောက်ပါဘူး။ ယုံစရာအကြောင်းဆိုလို့ လုံးဝ မရှိတဲ့အတွက် မယုံတာပါ။ ငါးပါးသီလမှာ မုသာဝါဒကလွဲလို့ ကျန်တဲ့ သီလတွေလုံပါတယ်လို့ ပြောတဲ့လူမျိုးလိုပါပဲ။
ခု စစ်အစိုးရတဖြစ်လဲ ကြံ့ဖွံ့အစိုးရ သမတ ဦးသိန်းစိန်က သူတို့စစ်အစိုးရရဲ့ မူအတိုင်းပါပဲ၊ နိုင်ငံရေးအကျဉ်းသားတို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတို့ဆိုတဲ့ အသုံးအနှုန်းကို ရည်ရွယ်ချက်ရှိရှိ ရှောင်ပြီး သုံးနှုန်းသွားတာ တွေ့ရပါတယ်။ အကျဉ်းသားပေါင်း ၆၃၅၉ ယောက်မှာ နိုင်ငံရေးအကျဉ်းသားက ၂၀၀ ကျော်လေးပဲ ပါဝင်ပါတယ်။ ၈၈ ကျောင်းသားခေါင်းဆောင်တွေနဲ့ ၂၀၀၇ ကုန်ဈေးနှုန်း ဆန့်ကျင်ရေးနဲ့ သံဃာဦးဆောင် ရွှေဝါရောင် လှုပ်ရှားမှုကြီးမှာ ဦးဆောင်လှုပ်ရှားခဲ့သူတွေကိုတော့ လွှတ်မပေးခဲ့ပါဘူး။ စစ်အာဏာရှင်တွေက အလွန် အာဃာတကြီးပါတယ်။ သူတို့က အဲဒီလူငယ်ခေါင်းဆောင်တွေကို မီးခဲတွေလို့ သဘောထားခဲ့တာပါ။ လွှတ်မပေးရဲပါဘူး။ ဒါက အမှန်တရားပါ။

“… အကျဉ်းထောင်အသီးသီးမှ အသက်အရွယ် ကြီးရင့်သူ၊ ကျန်းမာရေး မကောင်းသူနှင့် ကိုယ်လက် အင်္ဂါချို့တဲ့သူများ အပါအဝင် စည်းကမ်းနှင့် အကျင့်စာရိတ္တ ကောင်းမွန်လာသည့်သူ ၆၃၅၉ ဦးအား မနက်ဖြန်တွင် လွှတ်ပေးမည် …” လို့ပဲ သုံးနှုန်းသွားတာ တွေ့ရပါတယ်။ သူတို့အစဉ်တစိုက် နိုင်ငံတကာကို ငြင်းဆို ချေပသွားတဲ့အတိုင်းပဲ နိုင်ငံရေးအကျဉ်းသား လို့ လက်မခံကြောင်း၊ အဲဒီသူတွေဟာ တည်ဆဲဥပဒေကို ချိုးဖောက်ကြတဲ့အတွက် အရေးယူ အပြစ်ပေးခံရတဲ့သူတွေသာ ဖြစ်ကြောင်း၊ အဲဒီလိုသာ သဘောထားကြောင်း အတိအလင်း ထပ်ပြလိုက်တာပါ။ ဒီမိုကရေစီရေးပဲ လုပ်လုပ်၊ လူ့အခွင့်အရေးအတွက်ပဲ လုပ်လုပ်၊ ငြိမ်းချမ်းရေးအတွက်ပဲ လုပ်လုပ် ဥပဒေကိုချိုးဖောက်တာပဲ။ သူတို့အာဏာတည်မြဲရေး အတွက် ပြဌာန်းသတ်မှတ်ထားတဲ့ အမိန့်တွေ ဥပဒေတွေဟာ တရားတယ်။ မှန်တယ်။ ချိုးဖောက်ဖို့ ကြိုးစားသူတွေ၊ ချိုးဖောက်သူတွေဟာ ဥပဒေကိုချိုးဖောက်သူ ရာဇဝတ်အကျဉ်းသားတွေသာ ဖြစ်တယ်လို့ ပြောလိုက်တာပါပဲ။

နိုင်ငံရေးယုံကြည်မှုတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ လှုပ်ရှားမှုတွေကို ချိုးနှိမ်လိုက်တာပါပဲ။ ဒါဟာ စစ်အာဏာရှင် အဆက်ဆက် ပြောဆိုယုံကြည် လုပ်ဆောင်လာခဲ့တာတွေပဲ ဖြစ်လို့ ထူးဆန်းတာတော့ မဟုတ်ပါဘူး။ ပြောလိုရင်းကတော့ ဘယ်လိုပဲ အရပ်သား အစိုးရတို့၊ အစိုးရသစ်တို့ အော်နေပေမယ့် ဟန်ပြလုပ်ပြနေပေမယ့် အနှစ်သာရကတော့ စစ်အာဏာရှင် အစိုးရပဲ ဖြစ်တယ်။ အပေါ်ယံ အသွင်သဏ္ဍန် အနည်းအပါးကလွဲပြီး ဘာမှ အနှစ်သာရအရ အပြောင်းအလဲ မရှိပါဘူး ဆိုတာပါပဲ။ လုပ်ရပ်အရတော့ အကျဉ်းသားတွေ လွှတ်ပေးတာ ကောင်းပါတယ်။ စေတနာမှန်တယ် ဆိုရင်ပေါ့လေ။ မှန်၊ မမှန်ဆိုတာကတော့ ဖြစ်ရပ်တွေ၊ လုပ်ဆောင်ချက်တွေနဲ့ အချိန်အခါကိုကြည့်ရင် သိနိုင်ပါတယ်။ ဒါပေမယ့် ကျေးဇူးတင်ကြောင်းပြောဖို့တော့ ခက်ပါတယ်။ ပြန်ပေးဆွဲသမားက သူပြန်ပေးဆွဲထားတဲ့အထဲက တချို့ကို အပေးအယူလုပ်ဖို့၊ လဲလှယ်ဖို့လုပ်လာတာကို ကျေးဇူးတင်နေစရာ အကြောင်းမရှိဘူး ထင်ပါတယ်။ သူက ပြန်ပေးဆွဲသူပါ။ ရာဇဝတ်မှုကို တကယ်ကျူးလွန်ခဲ့သူတွေအဖို့တော့ ကျေးဇူးတင်သင့်ပါတယ်။ ဒါတောင် တကယ်တန်း ကျေးဇူးတင်ရမှာက ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေကိုပါ။ သူတို့ကြောင့်သာ စစ်အစိုးရကဒီလို ရုပ်ပြသဘော လုပ်လာခဲ့ရတာပါ။ ဒါကို ဒီမိုကရေစီ ချစ်မြတ်နိုးသူတွေ သတိပြုမိဖို့ အရေးကြီးပါတယ်။

စစ်အစိုးရတဖြစ်လဲ ကြံ့ဖွံ့အစိုးရက တကယ် အပြောင်းအလဲလုပ်ချင်တာပါ။ လုပ်နေပါပြီ ဆိုပြီး စစ်အစိုးက သူ့အကျိုးစီးပွားကို ကာကွယ်ဖို့၊ အကျိုးစီးပွားရဖို့လုပ်ဆောင်လာသမျှကို နိုင်ငံတော် သမတကြီးချင်း မိုးမွှန်အောင်သုံးပြီး အကောင်းပြောဖို့ပဲ ကြိုးစားနေကြသူတွေနဲ့ ပြည်သူလူထု၊ တက်ကြွနိုးကြားလာတဲ့ လူငယ်ထုကြီးကို ထိထိရောက်ရောက် အချိန်ကိုက် သတိပေးလိုက်တဲ့သူကတော့ ရည်ရွယ်ချက်ရှိရှိ စစ်အစိုးရက လွှတ်ပေးလိုက်တဲ့ ပြည်သူချစ်အနုပညာရှင် လူရွှင်တော် ကိုဇာကနာပဲ ဖြစ်ပါတယ်။ လွတ်လွတ်ချင်း သူ့ကိုမေးမြန်းလာတဲ့ မေးခွန်းတိုင်းအတွက် သူ့ရဲ့အဖြေဟာ သူ့ရဲ့ယုံကြည်ချက်၊ ရိုးသားပွင့်လင်းမှု၊ ပြည်သူလူထုနဲ့ အမှန်တရားတရားမျှတမှုအပေါ် သစ္စာရှိမှုတွေကို ပြသနေပါတယ်။ အဲဒီအထဲက အရေးအကြီးဆုံးသတိပေးစကားကတော့ …

“ပါတီထောင်ဖို့၊ ပါတီဝင်လုပ်ဖို့ဆိုတာထက် ၈၈ တုန်းက ကျနော်တို့ ဘာကြောင့် လမ်းပေါ်ထွက်ခဲ့ကြလဲ။ ပျင်းလို့ ထွက်ခဲ့ကြတာ မဟုတ်ပါဘူး။ လိုချင်တာတွေရှိလို့ ထွက်ခဲ့ကြတာပါ။ ကျနော်တို့ တကယ်လိုချင်တာ ရပြီလား။ အပြည့်အဝ မရသေးဘူးဆိုရင် ရအောင်လုပ်ကြရမယ်” ဆိုတဲ့စကားပါပဲ။

ကိုဇာဂနာ ပြောခဲ့တဲ့ ၈၈ ကာလက အရပ်သားအရေခြုံ မဆလ စစ်အာဏာရှင်အစိုးရ၊ ခုအချိန်က အဲဒီထက်ပိုဆိုးနေတဲ့ အရပ်သားအရေခြုံ ကြံ့ဖွံ့စစ်အာဏာရှင် အစိုးရ။ အနည်းအကျဉ်း အသွင်သဏ္ဍန် အပြောင်းအလဲ အရေးမပါတဲ့ ဟန်ပြ ပြုပြင်ပြောင်းလဲမှုလေးတချို့ကလွဲရင် စစ်အာဏာရှင် အစိုးရပါပဲ။
ကျနော်တို့ ပြည်သူလူထုတွေအနေနဲ့ အမှန်အမှား၊ တရားမှု၊ မတရားမှုတွေကို ခွဲခွဲခြားခြား နားလည်ပြီး မှန်တဲ့ဘက်က တရားတဲ့ဘက်က ရဲရဲတင်းတင်း ရပ်တည်ရဲကြဖို့၊ ကိုယ့်ရဲ့မှန်ကန် တရားမျှတမှုတွေကို ရဲရဲတင်းတင်း တဦးချင်းအရရော၊ အသင်းအဖွဲ့ အစုအဝေးအရပါ ထုတ်ဖော်ပြသရဲတတ်ကြဖို့ လိုအပ်ပါလိမ့်မယ်။ စစ်အစိုးရ၊ အာဏာရှင်အစိုးရတွေ ခန့်ညား လေးစားကြောက်ရွံ့တာက ပြည်သူလူထုရဲ့အင်အားကိုပါပဲ။

စစ်အစိုးရတဖြစ်လဲ ဦးသိန်းစိန်အစိုးရရဲ့ အကျဉ်းသားလွှတ်ပေးမှုအပေါ်မှာ လန်ဒန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ကြီး ဖြစ်တဲ့ Burma Campaign UK ရဲ့ ဒါရိုက်တာဖြစ်သူ မတ်ခ်ဖာမင်နာကတော့ …
“အလွန်ရှင်းလင်းတဲ့ အချက်ကတော့ (သမတ) သိန်းစိန်ဟာ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုတွေကို ပယ်ဖျက်ပေးဖို့နဲ့ နိုင်ငံတကာရဲ့ တရားဝင်လက်ခံမှုကို ပိုပြီးလိုချင်လို့ပါပဲ” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သူကပဲ ဒီ လွတ်ငြိမ်းချမ်းသာခွင့်ပေးတာဟာ ကမ္ဘာကို နှစ်သိမ့်ပြေအေးရအောင်ထုတ်ပေးလိုက်တဲ့ အလိုဆန္ဒတေးသွားလေးတစ သာဖြစ်ပြီး ဒီလိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တာကို ကြိုဆိုပေမယ့် အစိုးရဟာ တကယ်တန်း ဒီမိုကရေစီ ဖော်ဆောင်ပေးမယ့် အချက်ပြမှုတခု မဟုတ်သေးကြောင်းလည်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာန အရှေ့အာရှနဲ့ ပစ္စဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကထ်ကင်းဘဲလ် ကလည်း “အခုအချိန်မှာ စစ်အစိုးရကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲဟာ အရေးကြီးတဲ့အချက် အတော်များများမှာ အပြစ်အနာအဆာတွေ ချို့ယွင်းချက်တွေ ရှိခဲ့တယ်ဆိုတာပြောလို့ရနေပါပြီ။ ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုတွေပေါ်မှာ ဆက်ပြီး ပူပင်ကြောင့်ကြဖြစ်နေဆဲပါပဲ” လို့ ထိုင်းနိုင်ငံကို အောက်တိုဘာလ ဒုတိယ အပတ်က သွားရောက်ခဲ့တဲ့ သူ့ရဲ့ခရီးအတွင်းမှာ ပြောကြားသွားခဲ့ပါတယ်။

ကျနော်တို့ ဒီမိုကရေစီလိုလားတောင့်တသူ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပြည်သူလူထုကြီးတရပ်လုံးအနေနဲ့ ကိုယ် လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ အခွင့်အတွေ၊ လူ့အခွင့်အရေးတွေ တကယ်တန်း ရရှိခံစားခွင့်ရကြဖို့ ကိုယ့်ရဲ့ အင်အားကို ထုတ်ဖော်ပြသရဲကြဖို့၊ ခုခံကာကွယ်နိုင်ကြဖို့ ပိတ်ပင်ဟန့်တားဖျက်ဆီးနေသူတွေကို ခုခံဆန့်ကျင် ချေမှုန်းနိုင်ကြဖို့ တညီတညွတ်တည်း ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ။

No comments:

Post a Comment