Sunday, October 23, 2011

“HIV, AIDS ပညာပေးအစီအစဉ်” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့် ဖိလစ်ပိုင်နိုင်ငံ Active Citizenship Foundation (ACF) တို့မှ ပူးတွဲကျင်းပသော နိုင်ငံရေး ပညာ ဖွံ့ဖြိုး တိုးတက်ရေး သင်တန်း (Political Education Development) ကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပခဲ့သည်။

ထိုသင်တန်း၏ ပထမပိုင်းအဖြစ် (MAP Foundation) မှ ညွှန်ကြားရေးမှူး မစ္စဂျက်ကီပူးလော့မှ HIV, AIDS and Gender Sensitivity အကြောင်းကို ဆွေးနွေးခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် လိင်ကွဲပြားမှုကို မည်သည့်အချိန်မှစပြီး ကွဲပြားစွာသိခဲ့သနည်းဆိုသည်ကို တစ်ဦးချင်း အတွေ့အကြုံများနှင့် ယှဉ်၍ ဆွေးနွေးသည်။ ထို့နောက် ရုပ်ပုံကားချပ်များ ဖြန့်ဝေ၍ အမျိုးသမီး အမျိုးသား ကွဲပြားသော အချက်များကို ရှာဖွေခိုင်းစေ၍ ဆွေးနွေးခဲ့သည်။

ထို့နောက် ကျား မ တန်းတူရေးနှင့် ပတ်သက်၍ ကမ္ဘာတွင် ဖြစ်ပွားနေသော အချက်အလက်များနှင့် ရှင်းပြခဲ့သည်။ ထိုသို့ ရှင်းပြရာတွင် တကမ္ဘာလုံး၌ အမျိုးသမီးများ၏ ပိုင်ဆိုင်မှုသည် တစ်ရာခိုင်နှုန်းသာဖြစ်သည်။ ပါလီမန်နှင့် အစိုးရများတွင် အမျိုးသမီးများပါဝင်မှုသည် ၁၆ ရာခိုင်နှုန်း ဖြစ်သည် စသည်ဖြင့် ကျား မ တန်းတူမှု မရှိသည့် အချက်အလက်များကို တင်ပြဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာသူများက တစ်ဦးချင်းရရှိချက် အမြင်များကို ပြန်လည် သုံးသပ်ဆွေးနွေးခဲ့သည်။

ညနေပိုင်းတွင် မယ်တော်ဆေးခန်းမှ အကြီးတန်းပြည်သူ့ကျန်းမာရေးအရာရှိ စောအောင်သန်းဝေက “HIV/AIDS အခြေအနေနှင့် လူငယ်များ၏ တာဝန်များ” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။ ထိုသို့ဆွေးနွေးရာတွင် HIV/AIDS အကြောင်း၊ HIV/AIDS၏ မာယာ(လှည့်ဖျားမှု)၊ HIV/AIDS ကာကွယ်ပုံ၊ နယ်စပ်အခြေအနေ၊ မျိုးဆက်သစ်တွေရဲ့ တာဝန်ကဘာလဲ စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့သည်။

၁၇ ရက်နေ့နှင့် ၁၈ ရက်နေ့တို့တွင် (ACF)မှ မစ္စတာဖာဒီက “HIV, AIDS ပညာပေးအစီအစဉ်” အကြောင်း ဆွေးနွေးခဲ့သည်။ ထိုသို့ ဆွေးနွေးရာတွင် HIV ရောဂါ ကူးစက်ရန် အခြေအနေအပေးဆုံးသူများအတွက် မည်သည့် ပေါ်လစီ မူဝါဒ၊ လုပ်ငန်းစဉ်များ ရေးဆွဲမည်။ ထိုသို့ ရေးဆွဲပြီးနောက် မည်သူတို့က ထိုလုပ်ငန်းကို လုပ်ဆောင်ရမည် ဆိုသည့် အချက်များကို အုပ်စု ၃ စုခွဲ၍ ဆွေးနွေးစေခဲ့သည်။

မစ္စတာ ဖာဒီက HIV/AIDS ရောဂါ ကာကွယ်ရေးနှင့် ကုသရေးတွင် လူ့အခွင့်အရေးကို အပြည့်အဝ လိုက်နာဖို့ လိုအပ်ကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် HIV ကာကွယ်ရေးလုပ်ငန်းစဉ်များတွင် လူထုလူတန်းစား အလွှာအသီးသီး ပါဝင်ဖို့နဲ့ ပါဝင်ခွင့်ပြုရန်နှင့် စီမံခန့်ခွဲရေးကိစ္စများတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ဒီမိုကရေစီ နည်းကျရန် လိုအပ်ကြောင်း ပြောဆိုခဲ့ပါသည်။ HIV ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင် တာဝန်ယူကြမည့်သူများ၏ လုပ်ငန်းနှင့် တာဝန်များအကြောင်းကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ သင်တန်းသို့ ပါတီခေါင်းဆောင်များ၊ ပါတီဝင်များနှင့် ဖိတ်ကြားထားသူများ စုစုပေါင်း လူဦးရေ ၄၀ ကျော် တက်ရောက်ခဲ့ကြသည်။

No comments:

Post a Comment