Friday, October 21, 2011

ပါတီတည်ထောင်ခြင်း ၂၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်း ပြောကြားသော ကျေးဇူးတင်စကား

 
ကြွရောက်လာကြတဲ့ ကျနော်တို့ပါတီရဲ့ မဟာမိတ်များ၊ ကျနော်တို့ ပါတီက ရဲဘော်များ၊ ရဲဘော် ရဲဘက် လုပ်ဖော်ကိုင်ဖက်များ ခင်ဗျာ …
ဒီကနေ့ ကျနော်တို့ ပါတီရဲ့ ၂၃ နှစ်မြောက် ပါတီဖွဲ့စည်း တည်ထောင်ခြင်း အခမ်းအနားကို အခုလို စုံစုံညီညီ တက်ရောက် ပေးတဲ့အတွက်၊ လုံခြုံရေး အခက်အခဲ၊ အထွေထွေ အခက်အခဲများကြားက အခုလို တက်ရောက်ပေးတဲ့အတွက် ကျနော်တို့ပါတီအနေနဲ့ အလွန်ပဲ ကျေးဇူးတင်ပါကြောင်း ဦးစွာပြောလိုပါတယ်။

နောက်တစ်ခုကတော့ ဒီမှာတက်ရောက် ပြီးတော့မှ မိမိတို့ပါတီရဲ့ အမြင်၊ မိမိတို့ တပ်ပေါင်းစုများရဲ့ အမြင်တွေကို ဆွေးနွေးပေးတာ၊ နောက် ကျနော်တို့ပါတီ ပိုမိုကြံ့ခိုင်အောင် ပိုမို အလုပ်လုပ်နိုင်အောင် အကြံပြုဆွေးနွေးတာ၊ နောက် ကနေ့ အခြေအနေကြီးအပေါ်မှာ သုံးသပ်ပြီးတော့မှ ဘယ်လို လက်တွဲတိုက်ပွဲဝင်ကြမလဲဆိုတဲ့ သန္နိဋ္ဌာန် ပိုကျအောင်၊ ပိုခိုင်မာအောင် ဆွေးနွေးပေးကြတာတွေဟာ ကျနော်တို့ပါတီအဖို့ဆိုရင် တန်ဖိုးအနဂ္ဃထိုက်တဲ့ အရာကိစ္စတွေဖြစ်တယ်လို့ ပြောကြားလိုပါတယ်။ အင်မတန် ကျေးဇူးတင်ပါတယ်။


ဒီမှာ ခေါင်းဆောင်များရဲ့ ဆွေးနွေးချက်တွေ အထဲမယ်၊ ဆွေးနွေးချက်တိုင်း ဆွေးနွေးချက်တိုင်း အရာရာ အင်မတန် တန်ဖိုး ကြီးပါတယ်။ ဒါတွေဟာ တကယ့်ကို အလုပ်လမ်းညွှန်ဖြစ်ပါတယ်။
KNU ရဲ့ တာဝန်ရှိသူ စောသမိန်ထွန်းပြောတဲ့စကားထဲမယ် ဒီနေ့ ဒီကွေ့ကို ဘယ်တက်နဲ့လှော်မလဲဆိုတဲ့ကိစ္စ၊ သိပ်အရေး ကြီးတဲ့ ကိစ္စဖြစ်ပါတယ်။ ကျနော်တို့ ဒီကွေ့ကို ဘယ်ကွေ့မှန်းသိဖို့ သိပ်အရေးကြီးတယ်။ အဲဒီကွေ့ကို ဘယ်တက်နဲ့လှော်မှ သင့်တော်မလဲဆိုတာကို ရွေးချယ်တတ်ဖို့ သိပ်အရေးကြီးပါတယ်။ ဒီမှာ ဖထီးက ကျနော်တို့ကို ထောက်ပြတာကတော့ ၂၀၀၈ အခြေခံ ဥပဒေကို မဖျက်သိမ်းနိုင်သေးသရွေ့ ဒီကွေ့ကို ကျော်နိုင်မယ်မထင်ဘူးဆိုတဲ့ဥစ္စာ။ ဒါ သိပ်ကောင်းတဲ့ Message ဖြစ်ပါတယ်။

နောက်တစ်ခု။ ကျနော်တို့ရဲ့ NDF ဒု ဥက္ကဋ္ဌကြီး ဦးခိုင်စိုးနိုင်အောင်က ကျနော်တို့ကို အကြံပြုပါတယ်။
ဒါကတော့ ကျနော်တို့ဟာ အဆိုးရော အကောင်းရောအတွက် ပြင်ဆင်ကြရတော့မယ်။ အရေးအကြီးဆုံး ဖိအား ၄ ရပ် လိုတယ်။ အဲဒီဖိအား ၄ ရပ်က စစ်ရေးဖိအား၊ နိုင်ငံရေးဖိအား၊ လူထုဖိအားနဲ့ သံတမန်ရေးဖိအား ဖြစ်တယ်။ သိပ်ကို မှန်တယ်။ ကျနော်တို့ အင်မတန် အလေးထားရမယ့် ကိစ္စတွေဖြစ်ပါတယ်။ ဒီ ဖိအား ၄ ရပ်မရှိဘဲ ကျနော်တို့ ဘာပြောလို့ ဘာခရီး ရောက်မှာလဲ။ ဘာပြောလို့မှ ဘာခရီးမှ မရောက်ပါဘူး။ ဒီ ၄ ရပ်ရှိမှ ကျနော်တို့ ရှေ့ခရီးကို သွားဖို့၊ ကျကျနန သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မြင်ပါတယ်။

နောက်တစ်ခုက ကျနော်တို့ရဲ့ FDB အတွင်းရေးမှူးချုပ် ကိုနိုင်အောင်၊ ထောက်ပြတဲ့အချက်။
ဒီအချက်လည်း အလေးထားစရာဖြစ်တယ်လို့ ကျနော်မြင်တယ်။ ကနေ့ ကျနော်တို့ ရရှိချက်တချို့ တွေ့နေရပြီ။ မြင်သာထင်သာ ဘယ်လောက်ရှိသလဲဆိုရင် ခေါင်းဆောင်တွေအားလုံး သိတဲ့အတိုင်းပဲ တစုံတရာရှိပြီး တစုံတရာလည်း မရှိပါဘူး။ သင့်တင့်သော အပြောင်းအလဲဖြစ်ထွန်းမှုတချို့ တွေ့ရတယ်။ ဒီဖြစ်ထွန်းမှုတွေ ဘာကြောင့်ဖြစ်တာလဲ။ ဗိုလ်သိန်းစိန် စိတ်ရင်းကောင်းလို့လား။ ဒီလို မဟုတ်ဘူး။ ကျနော်တို့ ၂၃ နှစ်၊ ၂၆ နှစ်၊ နှစ် ၆၀ ကျနော်တို့ တိုက်ပွဲရဲ့ ရလဒ်ဖြစ်တယ်လို့ ဒီလိုထောက်ပြပါတယ်။ ဒါ အသေအချာပဲ။ ကျနော်တို့ တိုက်ပွဲမရှိရင် ဘာမှမရှိဘူး။ ကျနော်တို့ တိုက်ပွဲရှိရင် NLD လည်း ရှိတယ်၊ ဒေါ်အောင်ဆန်းစုကြည်လည်း ရှိတယ်၊ ၉၀ ရလဒ်လည်း ရှိတယ်၊ တွေ့ဆုံဆွေးနွေးမှုလည်း ရှိတယ်၊ ထပ်ပြီး ဒီမိုကရေစီလည်း ရှိနိုင်တယ်၊ တန်းတူရေးလည်း ရှိနိုင်တယ်။ အဲဒါတွေမရှိရင်တော့ ဘာမှ မရှိဘူး။ ကနေ့ တိုက်ပွဲရလဒ်၊ ရရှိနေတဲ့ ရလဒ်သည် အဲဒီ တိုက်ပွဲများရဲ့ စုစည်း ချက်ဖြစ်တယ်လို့ ထောက်ပြပါတယ်။ ကျေးဇူးအင်မတန်တင်ပါတယ်။

နောက်တစ်ခုကတော့ NDD ရဲ့ ဥက္ကဋ္ဌ မခင်ဥမ္မာကို ကျနော်တို့ ကျေးဇူးတင်တယ်။ လူ့ဘောင်အဟောင်းမှာ ဘာတွေ ကင်းမဲ့နေတာလဲ။ ကျနော်တို့ရဲ့ လူ့ဘောင်အဟောင်းကြီး၊ ကနေ့အထိ အဟောင်းကြီးပဲ။ ဒီအဟောင်းကြီးမှာ ဘာတွေ မရှိဘူးလဲ။ ကျနော်တို့ဖြစ်ချင်တဲ့ လူ့ဘောင်အသစ်မှာ ဘာတွေရှိစေချင်တာလဲ စသည်ဖြင့် ဒီအချက်ကို ထောက်ပြပါတယ်။ ဒီအချက်တွေအတွက် ကျနော်တို့ အလုပ်တွေလုပ်ကြရမယ်ဆိုတာကို အလေးအနက် ထောက်ပြသွားပါတယ်။

နောက်တစ်ခုကတော့ NLD-LA ရဲ့ ဥက္ကဋ္ဌကြီး ဦးဗိုလ်သောင်းပါ။ ဦးဗိုလ်သောင်းကတော့ ဆွေးနွေးချက်တွေထဲမှာ ကနေ့ အခြေအနေတွေက တော်တော်လေးတော့ ဟုတ်နေပုံပဲလို့ ထင်ဖွယ်ရာရှိတယ်တဲ့။ ဒါပေမယ့် သူ မထင်ဘူး။ ဥက္ကဌကြီးက မထင်ပါဘူး။ ဘာကြောင့်လဲဆိုရင် မနေ့က၊ တနေ့က ၆၃၅၉ ယောက် အကျဉ်းသားတွေလွှတ်တဲ့အထဲမှာ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားဆိုလို့ ၂၀၀ ပဲပါတယ်။ ဒါကိုကြည့်ရင် စစ်အစိုးရရဲ့၊ ဦးသိန်းစိန်အစိုးရရဲ့ ပြုပြင်ပြောင်းလဲချင်တယ် ဆိုတဲ့ အပြောင်းအလဲအပေါ်မှာ သူ့ willing ဘယ်လောက်ရှိသလဲ။ အပြောလှပေမယ့် လက်တွေ့က ဘာမှ မပါသေးဘူးဆိုတာကို ထောက်ပြတာဖြစ်ပါတယ်။ အဲဒါတွေအတွက် ကျနော်တို့ မျိုးဆက်တွေလက်ဆင့်ကမ်းပြီး သယ်ဆောင်ကြရလိမ့်ဦးမယ်လို့ ထောက်ပြတာ ကျေးဇူးတင်တယ်။

နောက်တစ်ခုကတော့ ကျနော်တို့ FDB ရဲ့ ဒုတိယအတွင်းရေးမှူးချုပ်လည်းဖြစ်၊ နောက် BWU ရဲ့ တာဝန်ရှိသူလည်းဖြစ်တဲ့ မနိုးနိုးထက်စံ ဖြစ်ပါတယ်။ သူထောက်ပြတာတော့ ဂစ်တာတစ်လက်တီးသလိုပဲ ကြိုးခြောက်ကြိုး ပါတယ်။ ကြိုးခြောက်ကြိုးရဲ့ Tone တွေ အနိမ့်အမြင့်တွေ ကွာတယ်။ ဒါပေမယ့် အဲဒီသံစဉ်တွေကို ညီအောင်ညှိတတ်ရုံနဲ့ ဂီတဖြစ်မှာ မဟုတ်ဘူး၊ ဂီတဖြစ်ဖို့ဆိုရင် သံစဉ်တွေသိဖို့လိုတယ်၊ ကြိုးတွေကိုသိဖို့ လိုတယ် စသည်ဖြင့် သိပ်အရေးကြီးတဲ့အချက်ကို ထောက်ပြသွားတာ ကျေးဇူးတင်ပါတယ်။

နောက်တစ်ဦးကတော့ ကိုမျိုးဝင်း။
ABSDF ရဲ့ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ DAB ရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့ ကိုမျိုးဝင်းရဲ့ တင်ပြချက်တွေဆိုရင် အကျယ်အပြန့်ကိုပဲ အားရပါးရ တင်ပြပေးသွားတာဖြစ်ပါတယ်။ တင်ပြပေးတဲ့အချက်အလက်တွေအကုန်လုံးက ကျနော်တို့ အလေးထားရမယ့် အချက်အလက်တွေ ဖြစ်တယ်။ အထူးသဖြင့် ကျနော်တို့ မျိုးဆက်သစ်၊ ကျနော်တို့ ညီအစ်ကိုမောင်နှမတွေ၊ ကျနော်တို့ ကျောင်းသားတွေ၊ ကျနော်တို့ လူငယ်တွေ အလေးထားရမယ့်ကိစ္စတွေဖြစ်ပါတယ်။ ကျနော်တို့ မကြားဖူးသော အကြောင်းအရာများ ကြားခွင့်ရလိုက်တာဖြစ်ပါတယ်။ အဲဒီမှာ အဓိကကတော့ နည်းပရိယာယ် အကိုင်အတွယ်မတတ်ရင် မဟာဗျူဟာကို သွားပြီးတော့မှ လွှမ်းမိုးတတ်တယ်။ မဟာဗျူဟာ တိမ်းစောင်းသွားတတ်တယ် ဆိုတဲ့အချက်ကို ထောက်ပြပါတယ်။ ကနေ့အခြေအနေဟာ အပြောင်းအလဲတွေ သိပ်မြန်တယ်။ ဖြစ်ထွန်းမှုတွေ သိပ်မြန်တယ်။ အတုတွေရော အစစ်တွေရော ဝါးတားတားတွေရော တကယ် လက်တွေ့တွေရော သိပ်မြန်ပါတယ်။ အဲဒီကြားထဲမှာ အကိုင်အတွယ်မတတ်ရင် ငါးပါးမှောက်မယ့်၊ သံဃာစင်ပါမှောက်မယ့် အဖြစ်မျိုးဖြစ်ပါတယ်။ အဲဒီလိုတွေမဖြစ်အောင် ကျနော်တို့ ထိန်းကြောင်းသွားဖို့လိုတယ်။ အပြန်အလှန်ထိန်းကြောင်းသွားဖို့လိုတယ် ဆိုတဲ့ ကိစ္စတွေကို သေသေချာချာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပေးပါတယ်။

နောက်တစ်ချက်ကတော့ ဗကသ နိုင်ငံခြားရေးကော်မတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုမင်းနိုင်။
ကိုမင်းနိုင်ကတော့ ရှေ့မှာ။ ကျနော်တို့ရှေ့မှာ ကန့်လန့်ခံနေတဲ့ ကျောက်တုံး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ဒီ ကျောက်တုံးကို တွန်းပေးနိုင်တဲ့ သို့မဟုတ် ဒီကျောက်တုံးကို ဖျက်သိမ်းပစ်နိုင်မယ်၊့ တစစီချေမွှပစ်နိုင်မယ့် ပြဒါးရှင်လုံးဟာ လူထုပဲ။ ကျိန်းသေပေါက်ပါပဲ။ ကျနော်တို့ လူထုကို အားမကိုးရင်၊ လူထုအကျိုးစီးပွားဆိုတာကို တည့်တည့် မကြည့်တတ်ရင်၊ ကြည့်တော့ကြည့်တယ် ကြည့်ပုံလွဲသွားရင် ကျနော်တို့ ကျိန်းသေပေါက် ခရီးရောက်မှာမဟုတ်ဘူး ဆိုတာကို ထောက်ပြသွားပါတယ်။

ဒီဆွေးနွေးချက်တွေအားလုံးကို ကျနော်တို့ ကျေးဇူးတင်ပါတယ်။
ဒါဟာ ကျနော်တို့အတွက် အလုပ်လမ်းညွှန်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် ကျနော်တို့ပါတီမွေးနေ့မှာ ကြွေးကြော်သံနှစ်ရပ်တင်တာက “ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ဆန့်ကျင် တိုက်ဖျက်ကြ” နဲ့ “၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်သပိတ်မှောက်ကြ” ဖြစ်ပါတယ်။ ကနေ့ ကျနော်တို့ပါတီမှာ ကိုင်စွဲထားတဲ့ဥစ္စာဟာ “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန့်ကျင်တိုက်ဖျက်ကြ” နဲ့ “၂၀၁၀ ရွေးကောက်ပွဲရလဒ် ဆန့်ကျင်တိုက်ဖျက်ကြ” ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလောက်ပြောရင် ကနေ့အခြေအနေသစ်ရဲ့အောက်မှာ တော်ပါ့မလား ဆိုပြီးတော့မှ အားလုံးသော မဟာမိတ်များနဲ့ညီမျှအောင် အစောက ဂစ်တာကြိုးညှိသလို သံစဉ်ညှိပြီးတော့မှ “၂၀၁၀ ရလဒ် ဆန့်ကျင်တိုက်ဖျက်ကြ” ကို တစုံတရာ လျှော့ထားပါတယ်။

ဒီ ၂၀၁၀ ရလဒ်ကို ဘယ်လို အပြောင်းအလဲတွေဆီကို တွန်းပေးနိုင်မလဲ။
အစောက ပြောခဲ့တဲ့ ဖိအား ၄ ရပ်နဲ့ တွန်းအားပေးနိုင်ရင် “ဆန့်ကျင်တိုက်ဖျက်ကြ” လား။ အဲဒါကို ကျနော်တို့ပြန်ပြီး ကျနော်တို့ကြိုက်သလို အရုပ်ချိုးမှာလား။ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဓမ္မစစ်ကတော့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးကိုတော့ ကျနော်တို့ ဦးလည်မသုန် လုပ်ကြရလိမ့်မယ်။
ကနေ့ ဦးသိန်းစိန်အစိုးရဟာ ကျနော်တို့မြင်တာကတော့ စစ်အာဏာရှင်အစိုးရပဲ။ ဆရာဦးဝင်းတင်က ပြောတယ်။ စစ်တစ်ပိုင်း အစိုးရကြီးပဲ တဲ့။ ကနေ့လွှတ်တော်ဟာ စစ်လွှတ်တော်ကြီးပဲ တဲ့။ ပြောတယ်။ သေချာပေါက် သဘောတူပါတယ်။ စစ်အာဏာရှင်စနစ်ရဲ့ သရုပ်သဏ္ဌာန်တွေ သူ့မှာ အပြည့်ရှိပါတယ်။ ပြည်တွင်းစစ်ကို နင်လားငါလား တိုက်ချင်တာ၊ တိုင်းရင်းသားခေါင်းဆောင်တွေကို မှိုချိုးမျှစ်ချိုးပြောချင်တာ၊ တိုင်းရင်းသူတွေကို စော်ကားမော်ကား လုပ်ချင်တာ၊ နိုင်ငံရေးအကျဉ်းသားဆိုတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့သူတွေကို တန်ဖိုးထားပြီး မပြောချင်တာ၊ လူထုကို စော်ကားချင်တာ၊ လူထုလှုပ်ရှားမှုတွေနဲ့ လူထုရဲ့ ရုန်းကန်မှုတွေကို အသိအမှတ်မပြုဘဲ ကြောက်နေတာ၊ အတူတူပဲ၊ စစ်အာဏာရှင် စနစ်ပဲ၊ စစ်အစိုးရပဲ၊ ဘာမှ အနှစ်သာရ မပြောင်းဘူး။

ဒါပေမယ့် သူက သူ့ကိုယ်သူ ဒီမိုကရက်တစ်အစိုးရလိုလို၊ Good Governance ဖြစ်အောင် ကြိုးစားနေတဲ့သူလိုလို လုပ်ကိုင်နေကြတဲ့အချိန်ကျတော့၊ ပြောဆိုနေကြတဲ့အချိန်ကျတော့ ဒါကို ကျနော်တို့က သူဘာပြောတာလဲ၊ သူ့အသံကို သူ့အလုပ်က မီရဲ့လားဆိုတာ ကျနော်တို့ အမြဲအကဲခတ်ပါတယ်။ ကျနော်တို့ ကနေ့ လက်တွေ့အရပြောရရင် မမီဘူးလို့ မြင်တယ်။ ကျနော်တို့ရဲ့ ဦးဆောင်တပ်ဦးပါတီဖြစ်တဲ့ NLD ရဲ့ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း ကနေ့ အခြေအနေဟာ ပြောင်းလဲနိုင်တဲ့၊ အပြောင်းအလဲရဲ့ လမ်းစတွေတော့ သူ တွေ့ရတယ်။ ပြောင်းလဲနေပြီလို့တော့ ကျမ မပြောပါဘူးလို့ ပြောပါတယ်။ လမ်းစဆိုတာတော့ ကျနော်တို့ သုံးသပ်ထားတဲ့ လားရာနှစ်ခုထဲကတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်က အကောင်းမြင်ကြည့်ပြီးတော့မှ ဆိုဟန်တူပါတယ်။

လားရာဟာ အကောင်းလည်း ဖြစ်နိုင်ပါတယ်။ အဆိုးလည်း ဖြစ်နိုင်ပါတယ်။
အဲဒီတော့ ကနေ့အခြေအနေကတော့ ဘာလဲဆိုရင် ကျနော်တို့ဟာ လားရာအကောင်းလား လားရာအဆိုးလား နှစ်ခု လုံးဖြစ်နိုင်တဲ့အခြေအနေရဲ့အောက်မှာ ကိုယ့်ကိုယ်ကို သေသေချာချာတည်ဆောက်ပြီးတော့မှ ကိုယ့်အားကိုယ် ကျစ်ထားရမယ့် ကာလဖြစ်တယ်လို့ ကျနော်တို့မြင်ပါတယ်။ ကိုယ့်အားကိုယ် ပြင်ရမယ်။ လားရာကောင်းပဲဖြစ်လာလာ၊ လားရာဆိုးပဲဖြစ်လာလာ ဘယ်အခြေအနေတွေရဲ့အောက်မှာမဆို ကျနော်တို့ အဆင်သင့်ဖြစ်အောင် ကျနော်တို့ကိုယ်ကို ပြင်ဆင်ကြရလိမ့်မယ်။ ပြင်ဆင်ဖို့ အချိန် အနိမ့်ဆုံးအဆင့် ဒေါ်အောင်ဆန်းစုကြည်က၊ NLD က ဆောင်ကြဉ်းပေးနေတယ်လို့ ကျနော်တို့ ကျေးဇူးတင်ရလိမ့်မယ်။ အဲဒီလို အချိန်ရမှုရဲ့အောက်မှာ ကျနော်တို့ ပြင်ဆင်မှုတွေ နင်လားငါလား စက္ကန့်နဲ့အမျှ လုပ်နိုင်တယ်ဆိုရင် ကျနော်တို့ အချိန်မီ လိမ့်မယ်။ မဟုတ်ဘူးဆိုရင်တော့ ကိစ္စကောင်းမဟုတ်ဘဲ ကိစ္စဆိုးကိုချိုးသွားတာနဲ့ ကျနော်တို့လည်း ကျွမ်းထိုး မှောက်ခုံဖြစ်ကရော ဆိုရင်တော့ နေရာကျမယ်မဟုတ်ဘူး။

ဒါကြောင့်မို့ ကျနော်တို့ ပြင်ဆင်မယ်။ ပြင်ဆင်ဖို့ ကျနော်တို့ တပ်လှန့်ပါတယ်။ ကျနော်တို့ ဒီမှာ နှိုးဆော်ပါတယ်။ ကျနော်တို့ ပါတီကတော့ဖြင့်ရင် ဒီကိစ္စကို ပြင်ဆင်မယ်လို့ သန္နိဋ္ဌာန်ချထားပါတယ်။ အင်အားတွေ ကျနော်တို့ ပြင်ဆင်ကြမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကနေ့ပြောဆိုနေတဲ့ တွေ့ဆုံမှုကနေပြီးတော့မှ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အခင်းအကျင်းကြီးဆီကို ရောက်သွားအောင် ကျနော်တို့ တွန်းပို့ကြမယ်။ ကျနော်တို့ ပြင်ကြမယ်လို့ ဒီလို စဉ်းစားပါတယ်။ ဒါပေမယ့် ဆွေးနွေးပေးသွားတဲ့ ခေါင်းဆောင်များ ထောက်ပြသလိုပဲ ကျနော်တို့အားလုံးက ညီညီညွတ်ညွတ် သံစဉ်ညှိပြီး မပြင်နိုင်ရင် အတွင်းနှင့်အပြင်ညှိပြီး မပြင်နိုင်ရင်၊ ကျနော်တို့ နည်းပရိယာယ်တွေ အကိုင်အတွယ်မတတ်လို့ မှောက်မှောက်မှားမှားဖြစ်ရင် ကျနော်တို့ ကိုယ်ကျိုးနည်းလိမ့်မယ်။

အဲဒီတော့ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တပ်ပေါင်းစုတစ်ခုနဲ့တစ်ခု ကျနော်တို့ အတွေးအခေါ် မတော်တဆများ တိမ်းပါးချွတ်ချော်သွားရင် ဝိုင်းတည့်ပေးဖို့ ဝိုင်းမတ်ပေးဖို့ လိုတဲ့ကာလလည်းဖြစ်ပါတယ်။ အဲဒါတွေကို ကျနော်တို့ သေသေချာချာ အပြန်အလှန် ထိန်းမတ်ရင်းနဲ့ အင်မတန်ကြီးတဲ့ အားသစ်ကြီးတစ်ခုကို တည်ဆောက်ပြီးတော့မှ စစ်အာဏာရှင်အစိုးရပဲ ဖြစ်နေသေးတဲ့ ဦးသိန်းစိန်အစိုးရကနေ တကယ့်ပြောင်းလဲသွားမယ့် ဒီမိုကရေစီခေတ်သစ်ကြီးဆီကို ရောက်သွားအောင်၊ ဖက်ဒရယ် ပြည်ထောင်စုသစ်ကြီးဆီကိုရောက်သွားအောင် ကျနော်တို့အားလုံး ညီညီညာညာ သွားကြရအောင်ပါလို့ ကျနော်တို့ ဒီနေ့မှာ သန္နိဋ္ဌာန်ပြုချင်ပါတယ်။

ဒီနေ့မှာ အားလုံးဆွေးနွေးပေးကြတဲ့၊ တက်ရောက်ပေးကြတဲ့၊ အမြင်ဖလှယ်ပေးကြတဲ့ ခေါင်းဆောင်အားလုံးကို ကျေးဇူးတင်တယ်။ ပြီးတော့ တက်ရောက်ပေးကြတဲ့ ကျနော်တို့ရဲ့ကျောင်းသားတွေ အပါအဝင်၊ SYCB ကျောင်းသူများ အပါအဝင်၊ ပါတီဝင်များ၊ မိတ်ဆွေများ၊ ရဲဘော်များ၊ လုပ်ဖော်ကိုင်ဖက်များ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကျနော်တို့အားလုံး သန္နိဋ္ဌာန်ချပြီးတော့မှ စစ်အာဏာရှင်စနစ် အကုန်အစင် ပျက်သုဉ်းသွားအောင်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကျနော်တို့ ဆန့်ကျင်တိုက်ဖျက်သွားနိုင်တဲ့အဆင့်ထိရောက်အောင် ကျနော်တို့ ကြိုးစားကြပါစို့လို့ ပြောကြားရင်း ကျနော့်ရဲ့ ကျေးဇူးတင်ခြင်းစကားကို နိဂုံးချုပ်ပါတယ်။

No comments:

Post a Comment