Monday, October 17, 2011

လက်ရှိ နိုင်ငံရေးအခြေအနေအပေါ် ပါတီရဲ့ သဘောထား

 
ဒီနေ့ဟာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီတည်ထောင်ခြင်း ၂၃ နှစ်မြောက်နေ့ ဖြစ်ပါတယ်။ မြန်မာ အစိုးရဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ အင်အားစုတွေနဲ့ လက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်းမှာ သိမ်းသွင်းနေတာကို ကန့်ကွက်တဲ့အနေနဲ့ ဒီနေ့ထုတ်ပြန်တဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် လက်ရှိနိုင်ငံရေးအပေါ်မှာ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့သဘောထားကို ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးအောင်မိုးဇော် - ကျနော်တို့ တိုင်းပြည်ကို တကယ်ပဲ ဒီမိုကရေစီရေးလမ်းကြောင်းပေါ်ကို ရောက်အောင် ဆောင်ရွက်ချင်တယ်ဆိုရင်တော့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စဟာ စဉ်းကိုစဉ်းစားရမယ့်ကိစ္စဖြစ်တယ်။ ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ သန္ဓေတည်လာတာကလည်း မူမမှန်ဘူး။ နောက် ဒီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အသက်သွင်းဖို့ လုပ်ပုံလုပ်နည်းပေါ့ဗျာ အသက်သွင်းပုံ အသက်သွင်းနည်းတွေကလည်း မမှန်ကန်ဘူး။ တကယ်တမ်း တိုင်းပြည်ကို ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ကိုရောက်အောင် လျှောက်ချင်တယ် ဆိုလို့ရှိရင်တော့ ဒီဖွဲ့စည်းပုံထဲမှာရှိတဲ့ အချက်အလက် တော်တော်များများကို ပြင်သင့်တာ တွေပြင်ရလိမ့်မယ်။ ဒီမိုကရေစီ နည်းလမ်းတကျဖြစ်အောင် လုပ်သင့်တာတွေလုပ်ရလိမ့်မယ်လို့ ကျနော့်အနေနဲ့တော့ ယူဆပါတယ်။

BBC – ၂၀၀၈ အခြေခံဥပဒေကို မပြုပြင်မပြောင်းလဲဘဲနဲ့ ဒီမိုကရေစီလမ်းကြောင်းဘက်ကို ဦးတည်နိုင်စရာလမ်းကြောင်း ရှိပါသလား။

ဦးအောင်မိုးဇော် - ကျနော်တော့ မထင်ဘူးဗျ။ ဒီ ၂၀၀၈ ကိုယ်နှိုက်က စစ်တပ်က ဒီ ဗမာပြည်ရဲ့နိုင်ငံရေးကို ချုပ်ကိုင်ထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပဲဖြစ်တာကိုး။ အဲဒီ အခြေခံ အနှစ်သာရကိုပြောင်းဖို့ မကြိုးစားဘဲနဲ့ ဗမာပြည်ဟာ ဒီမိုကရေစီနိုင်ငံဖြစ်လိမ့်မယ်ဆိုတာ ခက်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။ ဗမာပြည်ဟာ ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ကို လျှောက်ဖို့ဆိုလို့ရှိရင် ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ဘယ်ကာလမှာ ပြင်မလဲ၊ ဘယ်လိုပြင်မလဲ ဒီလိုကိစ္စမျိုးကို ဆွေးနွေးရလိမ့်မယ်လို့ ကျနော်တော့ ထင်ပါတယ်။

BBC - လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေနဲ့ပေါ့နော်၊ ပါတီက ပြည်တွင်းကနေပြီးတော့ ပြည်ပဘက်ကို ဌာနချုပ် ရွှေ့ပြောင်းလာတာကလည်း နှစ်တော်တော်လေးကြာပြီဖြစ်တော့ ပါတီအနေနဲ့ ပြည်တွင်းမှာပြန်ပြီးတည်ထောင်နိုင်မယ့် အနေအထားမျိုး လမ်းစမျိုး ရှေ့မှာ အလားအလာရှိလာပြီလို့ မျှော်လင့်မိပါသလား။

ဦးအောင်မိုးဇော် – အခုအချိန်အထိတော့ မမြင်သေးဘူးဗျ။ အခုအချိန်အထိတော့ မမြင်သေးဘူးဆိုတာက ကျနော်တို့ကိုယ်နှိုက်က ကျနော်တို့တိုင်းပြည်ထဲမှာ ကျနော်တို့ပြည်သူတွေထဲမှာ ကျနော်တို့ မရပ်တည်ချင်လို့ အဲဒီလို မဟုတ်ပါဘူး။ အခုအနေအထားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တောင်မှ ရပ်တည်နိုင်ဖို့အခြေအနေ ဘယ်လို အခြေအနေရှိသလဲဆိုတာ ပြောဖို့ခက်သေးတယ်လို့ ကျနော်တော့ ပြောရပါလိမ့်မယ်။ မနေ့တနေ့တုန်းက နိုင်ငံရေးပါတီတွေ မှတ်ပုံတင်တာနဲ့ပတ်သက်လို့ ပြုပြင်ပြောင်းလဲမယ်ဆိုပြီးတော့ အချက် ၃ ချက် ကျနော်တို့ တွေ့လိုက်ရတယ်။ အဲဒီအချက် ၃ ချက်အတိုင်းဆိုရင်တောင်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ဆိုလို့ရှိရင် ဒီ မှတ်ပုံတင်ဖို့ဆိုတဲ့ကိစ္စတွေဟာ တော်တော်စဉ်းစားရမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ကျနော်တို့ဆိုရင်တော့ ပိုဝေးသေးတာပေါ့ဗျာ။

BBC – လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

ဘီဘီစီ သတင်းဌာန
၁၄ အောက်တိုဘာလ၊ ၂၀၁၁

No comments:

Post a Comment