ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲက ကြပ်ပြေးလွှတ်တော်ထဲမှာ ဗိုလ်ကျော်ဆန်း ပြောသွားတဲ့ သမဂ္ဂသုံးမျိုးနဲ့ပတ်သက်တဲ့ စကားတွေကိုဖတ်ရတော့မှ ဗိုလ်ချုပ် ဦးသိန်းစိန်အစိုးရရဲ့ အကြံအစည်တွေ၊ ဆင်ခြေတွေကို အထင်းသား မြင်လိုက်ရပါတယ်။
သူပြောတာက တခေတ်ကပေါ်ခဲ့တဲ့ လယ်သမား အဖွဲ့အစည်းတွေ၊ အလုပ်သမား အဖွဲ့အစည်းတွေ၊ ကျောင်းသား အဖွဲ့အစည်းတွေဟာ နိုင်ငံရေးအဖွဲ့အစည်းတွေရဲ့သြဇာတွေ သက်ဝင်ခဲ့လို့ ဘာဖြစ်တယ် ညာဖြစ်တယ်၊ ဒါကြောင့်မို့ လယ်သမား အဖွဲ့အစည်းကို အခြေအနေ အရပ်ရပ်ကိုလေ့လာပြီးမှသာ ဥပဒေပြဋ္ဌာန်းပြီး ဖွဲ့စည်းရမယ် စသဖြင့် အချက်အလက်တွေ အမှားမှားအယွင်းယွင်းနဲ့ ပြောသွားပါတယ်။ အချက်အလက်အမှားဆိုတာက “ပမညတ က ဗကသများအဖွဲ့ချုပ်” ကို ဖွဲ့စည်းခဲ့တယ်လို့ ပြောတာမျိုးပါ။
ဒီလိုပြောကြားချက်ကနေ ပြသနေတဲ့အရေးကြီးတဲ့အချက်တခုက ဒီ ကြံ့ဖွတ်အစိုးရဟာ ၁၉၆၂ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ ဗိုလ်နေဝင်း အစိုးရက စလို့ ဗမာပြည်ကို ရာစုနှစ်တဝက်အုပ်စိုးခဲ့တဲ့ စစ်အာဏာရှင် အစိုးရအဆက်ဆက်ရဲ့ အခြေခံ တွေးနည်း ခေါ်နည်း၊ ရှုမြင်နည်းတွေကို တသွေမတိမ်းဆက်ခံ၊ လက်ခံထားတယ်ဆိုတာပါပဲ။ အဲဒီတွေးခေါ်နည်းဆိုတာက တပ်ထဲမှာ တသွေး၊ တသံ၊ တမိန့်တည်ရသလို နိုင်ငံထဲမှာလည်း တသွေး၊ တသံ၊ တမိန့်တည်စေချင်တာ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းတရပ်ကို စစ်တပ်လိုကြည့်မြင်၊ ချုပ်ကိုင်ချင်တာနဲ့ သူတို့တတွေဟာ လူ့အဖွဲ့အစည်းကို ကြည့်မြင် နားလည်ရာမှာလည်း မှားကုန်တာဖြစ်ပါတယ်။
အဲဒီလို မတူကွဲပြားမှုတွေတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းတရပ် (နိုင်ငံတခု)မှာ မတူကွဲပြားတဲ့ နိုင်ငံရေးအယူဝါဒတွေကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ ပေါ်ပေါက်တည်ရှိတာဟာ ဖြစ်လည်းဖြစ်သင့်၊ သဘာဝလည်းကျတဲ့ အချင်းအရာ ဖြစ်ပါတယ်။ ဒီလို မပေါ်ပေါက်ဘူးဆိုတာကမှ ထူးဆန်းတာ၊ သဘာဝမကျတာတွေဖြစ်ပေါ်နေတာလို့ ဆိုရမှာပါ။ ဒါ့အပြင် အဲဒီလို လူ့အဖွဲ့အစည်းထဲက အလုပ်သမားသမဂ္ဂ၊ လယ်သမားသမဂ္ဂ၊ ကျောင်းသားသမဂ္ဂဆိုတာတွေမှာ အဲဒီနိုင်ငံရေး အယူအဆတွေ၊ အစွဲအလန်းတွေ သက်ရောက်တာ၊ ဝင်ရောက်တာဟာလည်း သဘာဝကျတယ်လို့ ပဲဆိုရမှာပါ။ လွတ်လပ်ရေးဒီဘက်ပိုင်းလို နိုင်ငံရေးအယူအဆတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ အပြိုင်းအရိုင်းပေါ်ပေါက်နေချိန်မှာ သမဂ္ဂတွေထဲကို အဲဒီဂယက်တွေဝင်တာဟာ ဘာမှမဆန်းပါဘူး။ မဝင်ဘူးဆိုတာကမှ ဆန်းတာပါ။ ဥပမာပြရရင် အဲဒီတုန်းက ပြင်ပနိုင်ငံရေး အယူအဆတွေ လုံးဝ အဝင်မခံဘူးဆိုပြီး စစ်တပ်ကို ဗိုလ်နေဝင်းနဲ့ ဆိုရှယ်လစ် စစ်ဗိုလ်တွေက သူတို့တလက်ကိုင် စစ်တပ်အဖြစ် ပုံသွင်းထားတာမျိုးကမှ ဆန်းတာပါ။ ဒါကြောင့်လည်း ဒီစစ်တပ်ဟာ အဲဒီလူတွေ အာဏာသိမ်းချင်တဲ့အခါတိုင်း သုံးလို့ရတဲ့ ခါးပိုက်ဆောင်တပ်၊ ကြေးစားတပ်လို ဖြစ်ခဲ့တာပါပဲ။
အထက်မှာပြောခဲ့သလို ကျောင်းသားသမဂ္ဂတွေနဲ့ပတ်သက်လို့ အချက်အလက်မှန်မသိတဲ့ ကြံ့ဖွတ်အစိုးရဝန်ကြီး ဗိုလ်ကျော်ဆန်းကို ထပ်ပြီးထောက်ပြဖို့လိုတာက ဟိုတခေတ်က ကျောင်းသားတွေအကြားမှာ အယူအဆတွေ၊ အသင်းအဖွဲ့တွေ အမျိုးမျိုးကွဲပြားနေခဲ့ပေမယ့် ဒီအဖွဲ့တွေအကြားမှာ ဘယ်တုန်းကမှ ကတောက်ကဆ ဖြစ်တယ်၊ နှစ်ဖက် ရိုက်ကြနှက်ကြတယ်ဆိုတာမျိုး လုံးဝမရှိခဲ့ဖူးဘူးဆိုတဲ့ အချက်ဖြစ်ပါတယ်။ ကျောင်းသားညီညွတ်ရေးတပ်ဦးနဲ့ ဒီအက်စ်အို (နောင်မှာ ရဲခေါင်) တို့ဟာ သမဂ္ဂ ရွေးကောက်ပွဲမှာ တဖက်ကိုတဖက် တိုက်ခိုက်ပြောဆို ရေးသားကြတာတွေရှိပေမယ့် ခေါင်းဆောင်တွေဟာ လူချင်းတွေ့ရင် ရင်းရင်းနှီးနှီး ပြောဆိုနှုတ်ဆက်ကြပါတယ်။ အဲဒီတုန်းက တက္ကသိုလ်နယ်မြေမှာ ရုတ်ရုတ်သဲသဲ၊ ဝရုန်းသုန်းကားဖြစ်တယ်ဆိုတာမှန်သမျှဟာ အာဏာရအစိုးရက ကျောင်းသားလှုပ်ရှားမှုတွေကို အင်အားသုံး အကြမ်းဖက် နှိမ်နင်းကြလို့သာ ဖြစ်ပါတယ်။ ဥပမာ ၁၉၅၃ ခုနှစ် အောက်တိုဘာအရေးတော်ပုံ၊ ၁၉၆၂ ခုနှစ် ဇူလိုင် ၇ ရက် အရေးတော်ပုံနဲ့ မန္တလေးတက္ကသိုလ်က ၁၉၆၃ ခုနှစ် ဒီဇင်ဘာလတိုက်ပွဲတို့ ဖြစ်ပါတယ်။
ဒါ့အပြင် အဲဒီတုန်းက ကျောင်းသားသမဂ္ဂတွေနဲ့ပတ်သက်လို့ ပြောသင့်တဲ့ကိစ္စတခုကတော့ ကျောင်းသားသမဂ္ဂ ရွေးကောက်ပွဲတွေပဲ ဖြစ်ပါတယ်။ ပြင်ပက ဘယ်အာဏာပိုင်မှ မပါ၊ ဆရာ ဆရာမများရဲ့ ကြီးကြပ်မှုအောက်မှာ ကျင်းပလေ့ရှိတဲ့ ရွေးကောက်ပွဲတွေဟာ အဲဒီအခါတုန်းက ဗမာပြည်မှာ စည်းကမ်းအရှိဆုံး ရွေးကောက်ပွဲတွေဖြစ်တယ်လို့ ပြောစမှတ်ပြုရပါတယ်။ မဲခိုးတာ မရှိ၊ မဲရှုံးလို့ ရမ်းတာမရှိ၊ ရှုံးလည်း ပျော်ပျော်-တေးတကြော်ကြော်၊ နိုင်လည်း ပျော်ပျော်-တေးတကြော်ကြော်။ မဲရေတွက်ချိန်မှာ ဆိုင်းတွေဗုံတွေနဲ့ ကသူက ဆိုသူဆို။ ဒီမြင်ကွင်းကိုပဲ ကြက်သရေရှိလွန်းလို့၊ မျက်စေ့ပသာဒဖြစ်လွန်းလို့ဆိုပြီး တမင်သွားရောက်ကြည့်ရှုတဲ့လူတွေလည်း များပြားလှပါတယ်။ ဒါကြောင့်လည်း ကျောက်လှည့် ခါးကြားထိုးပြီး မဲရေတွက်သူ၊ မဲရုံကိုယ်စားလှယ်တွေကို ၄ လောင်းပြိုင်၊ ၆ လောင်းပြိုင်သတ်သူတွေ စိုးမိုးခြယ်လှယ်ခဲ့တဲ့ ဖဆပလ အစိုးရရဲ့ ရွေးကောက်ပွဲတွေဟာ ဒီတက္ကသိုလ်သမဂ္ဂ ရွေးကောက်ပွဲတွေကို အတုယူသင့်လှတယ်လို့ အဲဒီတုန်းက သတင်းစာတွေက ရေးခဲ့ကြတာပါ။
အဲဒါနဲ့ပြောင်းပြန် ကျောင်းသားသမဂ္ဂတွေမရှိဘဲ ဖြတ်သန်းခဲ့တဲ့ မဆလခေတ်ကာလများကို ပြန်ကြည့်ပါ။ ကျောင်းသားလှုပ်ရှားမှုတွေ လျော့ပါးသွားတယ်လို့ ရှိခဲ့ပါရဲ့လား။ ကျောင်းသားလောကထဲကို မူးယစ်ဆေးဝါးတွေနဲ့ လောင်းကစားတာတွေ အများအပြား လှိမ့်ဝင်လာတာ ဒီကာလတွေပဲ မဟုတ်ပါလား။ အဲဒီကာလတွေအတွင်း တက္ကသိုလ်နယ်မြေတွေမှာ ရုတ်ရုတ်သဲသဲဖြစ်တယ် ဆိုတာမှန်သမျှဟာလည်း စစ်အစိုးရတွေက အကြမ်းဖက် ဝင်ရောက်လို့ချည်းပဲ မဟုတ်ပါလား။
နိုင်ငံတနိုင်ငံမှာ မတည်ငြိမ်တာတွေဟာ မတူတဲ့အမြင်တွေ တည်ရှိနေလို့၊ မတူတဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေ တည်ရှိနေလို့ လုံးဝ မဟုတ်ပါဘူး။ မဆလ တပါတီတည်းရှိ၊ သူတို့ရဲ့ အလုပ်သမား လယ်သမား အစည်းအရုံးတွေရှိ၊ ကျောင်းသားသမဂ္ဂတွေ လုံးဝမရှိတဲ့ မဆလလက်ထက်တလျှောက်၊ ရှစ်လေးလုံးကာလအထိ ဒီတိုင်းပြည်မှာ မတည်ငြိမ်မှုတွေ ဘယ်လောက်တောင် များခဲ့သလဲ၊ အသတ်ခံရတဲ့ ဆန္ဒပြသူတွေ ဘယ်လောက်တောင် များခဲ့သလဲ။ နဝတ-နအဖတို့က ဘယ်တခြားနိုင်ငံရေးအင်အားစုကိုမှ တည်ရှိခွင့်မပြုဘဲ တိုင်းပြည်ကို သံဖနောင့်တဲ့နင်းထားတဲ့ ကာလမှာရော၊ ဆန္ဒပြတာတွေ လမ်းပေါ်တက်တာတွေ မဖြစ်ခဲ့ဘူးလား။ သံဃာတွေ အပါအဝင် အသတ်ခံရခဲ့သူတွေ နည်းသလား။ ရေအိုးအောက်က ကရွတ်လို အကျဉ်းထောင်တွေထဲမှာ တရိရိဆွေးမြေ့သူတွေ၊ ကျဆုံးသွားသူတွေ မှတ်မိကြတယ် မဟုတ်ပါလား။
တိုင်းပြည်တပြည်ရဲ့ နိုင်ငံရေး လေထုသန့်ရှင်းလန်းဆန်းဖို့ဆိုရင် မတူတဲ့အယူအဆတွေ တည်ရှိစေ၊ မတူတဲ့ပါတီတွေ ထူထောင်စေ အဲဒီ မတူတာတွေရဲ့ အတူတည်ရှိ ညီညွတ်မှုကနေ တိုးတက်မှုကို ရှာရမှာဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းရဲ့ သမိုင်းကိုက ဒီလိုပဲ မတူတဲ့ဆန့်ကျင်ဘက်တွေရဲ့ ပဋိပက္ခတွေထဲကနေ ရှေ့ကိုတက်လှမ်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ကြံ့ဖွတ်အစိုးရ ဝန်ကြီးမင်း ဗိုလ်ကျော်ဆန်းကတော့ “အတိတ်က သင်ခန်းစာများကိုရယူပြီး အနာဂတ်အတွက် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားရန်လိုအပ်သွားမည် ဖြစ်ပါကြောင်း” လို့ သမဂ္ဂတွေ ပေါ်ပေါက်ရေးကိစ္စကို စကား မျက်လှည့်ပြသွားပါတယ်။ တည်ထောင်ခွင့်၊ ဖွဲ့စည်းခွင့်ပေးမယ်လို့ တိတိကျကျ မပြောပါဘူး။ အချိန်အကန့်အသတ်လည်း မပြောပါဘူး။ ဒီတော့ သူတို့ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၅၄ မှာ ရေးထားတဲ့ “အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့်” ဆိုတာကို ဘယ်လိုအနက်ဖွင့်ရမယ်ဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ သူတို့ရဲ့ ဖွဲ့စည်းပုံဥပဒေထဲက စာသားနဲ့ သူတို့ထဲက ဝန်ကြီးရဲ့စကား ဘယ်ဟာက အဓိကလဲဆိုတာ ရှင်းသွားတယ်လို့ပဲ ပြောရတော့မှာပါ။ ကိုယ်ရေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကိုယ်ကြိုက်သလို အဓိပ္ပာယ်ဖွင့်မယ်လို့ ဝန်ခံသွားတာလို့ပဲ ထင်မိပါတယ်။
No comments:
Post a Comment