Thursday, October 13, 2011

ယခုလောက် အခြေအနေအောက်မှာ ပြန်ပြီး ပါတီ မှတ်ပုံတင်သင့် မတင်သင့်

အခုဆွေးနွေးမယ့် အကြောင်းအရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှတ်ပုံတင်တဲ့ကိစ္စနှင့်ပတ်သက်လို့ပါ။ မှတ်ပုံတင်မယ့်ကိစ္စ သတင်းဖြစ်လာတဲ့အပေါ်မှာ မေးမြန်းထားတဲ့သူ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အဖြေအတိအကျ ပေးမသွားပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ် အမှုဆောင်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီးတော့ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဘယ်လို အခြေအနေအောက်မှာ ပါတီမှတ်ပုံတင်နိုင်မလဲ။ မှတ်ပုံတင်မယ့်ကိစ္စ ဖြစ်နိုင်ချေ အလားအလာ ဒီအမြင်တွေကို သုံးသပ်ဆွေးနွေးမှာ ဖြစ်ပါတယ်။

အဓိက ပါဝင်ဆွေးနွေးပေးမယ့်သူတွေကတော့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းနဲ့ နောက်တဦးကတော့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဖြိုးမင်းသိန်း၊ သူကတော့ ယခင်က နိုင်ငံရေးပါတီ ထောင်ခဲ့ပါတယ်။ အခုတော့ လက်ရှိ တသီးပုဂ္ဂလအနေနဲ့ ရပ်တည်နေတဲ့ နိုင်ငံရေးသမား တဦးဖြစ်ပါတယ်။

VOA - ကိုငွေလင်းရေ … အခုနက ပြောသွားသလိုပါပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မှတ်ပုံတင်မှုနဲ့ပတ်သက်လို့ မှတ်ပုံတင်မယ့် အလားအလာ ရှိ မရှိဆိုတဲ့ သတင်းတွေ တော်တော်ဖြစ်နေပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာလည်း ခုနက ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ သူတို့အထဲမှာလည်း ဆွေးနွေးနေတဲ့ အခြေအနေ ရှိပါတယ်။ အဲဒီတော့ အခုလို အခြေအနေ အချိန်အခါအောက်မှာ မှတ်ပုံတင်နိုင်တဲ့အနေအထား မှတ်ပုံတင်ဖို့အနေအထား ကိုငွေလင်းရဲ့သုံးသပ်ချက် အတိုချုပ်လေး သိချင်ပါတယ်။

ကိုငွေလင်း - NLD အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်က မှတ်ပုံပြန်တင်မလား မတင်ဘူးလား ဆိုတဲ့ ပြဿနာ ရှိခဲ့ဖူးပါတယ်။ အဲဒီတုန်းက NLD က ဆုံးဖြတ်တာကတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ဒီ ဥပဒေဟာ တရားမျှတမှု မရှိဘူး။ နောက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နာခံရမယ် (ထိန်းသိမ်းစောင့်ရှောက်ရမယ်) ဆိုတဲ့ ကိစ္စဟာ တော်တော်ကိုဆိုးဝါးတဲ့ တောင်းဆိုမှု ဖြစ်တယ်။ ဒါတွေအရ ဘယ်လိုမှ မှတ်ပုံတင်ဖို့ မသင့်တော်ဘူးဆိုပြီးတော့မှ ပါတီအနေနဲ့ တညီတညွတ်တည်း မှတ်ပုံမတင်ရေး ဆုံးဖြတ်ခဲ့တာတွေ့ပါတယ်။

အဲဒီတော့ ကနေ့အခြေအနေမှာလည်း ကျနော်တို့မြင်သလောက်ဆိုလို့ရှိရင် ဒီအတိုင်းပဲ ဆက်ပြီးရှိနေသေးတယ်။ ပါတီ မှတ်ပုံတင်ခွင့်ဥပဒေမှာလည်း ဘာမှပြောပလောက်အောင် ပြောင်းလဲမယ့် အရိပ်လက္ခဏာ မတွေ့ရဘူး။ နောက် ၂၀၀၈ အခြေခံဥပဒေကြီးကလည်း ရှေ့မှာ ကန့်လန့်ခံနေတယ်ဆိုတဲ့ကိစ္စက အခုအထိ ရှိမြဲရှိနေတယ်။ နောက် ဦးကိုကိုလှိုင် ပြောတာပဲဖြစ်ဖြစ် ဦးခင်အောင်မြင့်ပြောတာပဲဖြစ်ဖြစ် ပြောတဲ့စကားတွေကိုကြည့်လို့ရှိရင် လွှတ်တော်ထဲမှာဝင်ပြီးတော့မှ အခြေခံဥပဒေကိုပြင်ပါဆိုတဲ့ စကားမျိုး၊ ဒီထက်ပိုတဲ့စကားမျိုး ဘာမှပြောတာမတွေ့ရသေးဘူး။ ဆိုတော့ ဒီလိုအနေအထားရဲ့အောက်မှာ ကျနော်ထင်တယ် မှတ်ပုံတင်ဖို့ဆိုတာဟာ တော်တော်ခက်ခဲနေလိမ့်ဦးမယ်လို့ အကြမ်းအားဖြင့် ကျနော် ဆွေးနွေးချင်ပါတယ်။

VOA - ဒါပေမယ့် ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ပိုင်းတွေက တလောက သတင်းဌာနတွေ တော်တော်များများကို ပြောတဲ့အကြောင်းအရာကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ နိုင်ငံရေး လုပ်ဖို့ဆိုလို့ရှိရင် တရားဝင်ပါတီအဖြစ်နဲ့ ရှိဖို့လိုတယ်၊ ရွေးကောက်ပွဲဆိုတာကိုလည်း မူအားဖြင့်လက်ခံတယ် ဒီလိုအခြေခံတွေ ပြောတာရှိပါတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည် ဖြေသွားတဲ့အထဲမှာလည်း ဒါကိုပြန်ဆုံးဖြတ်ဖို့ CEC အစည်းအဝေး ထိုင်မယ်ဆိုတဲ့သဘောမျိုးတော့ တွေ့နေရပါတယ်။ အဲဒီတော့ တစုံတရာပြောင်းလဲတဲ့ အခြေအနေအောက်မှာ မှတ်ပုံတင်လာနိုင်ရင်ရော။

ကိုငွေလင်း - အခုက သူတို့ပြောင်းမယ်လို့ပြောတဲ့ဥစ္စာပေါ့ဗျာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်လှိုင် တင်သွင်းတဲ့ စာအရပြောရလို့ရှိရင် အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ်ဆိုတဲ့အစား လေးစားလိုက်နာပါမယ်ဆိုတာနဲ့ ပြောင်းရုံပဲ ကျနော်တို့ တွေ့ရတယ်။ နောက်ပြီးတော့ ဒီ ၁၀ (င) ဖြစ်တဲ့ ထောင်ကျခံနေရသူ မဟုတ်ခြင်းဆိုတဲ့ကိစ္စ အဲဒါကို ပယ်ဖျက်မယ်ဆိုတဲ့ကိစ္စမှာလည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြန်ကြည့်တဲ့အခါမှာ အဲဒါက ပါတီရဲ့ ခေါင်းဆောင်များကို ဆိုလိုတာ မဟုတ်ဘူး။ ပါတီက စည်းရုံးရမယ့် အဖွဲ့ဝင်များကိုပဲ ဆိုလိုတာဖြစ်နေတယ်။ ပါတီခေါင်းဆောင် ဆိုတဲ့သူတွေကို ကန့်သတ်ထားတဲ့ဥစ္စာမှာကျတော့ ပုဒ်မ ၄ (င) မှာ ထောင်ကျခံနေရသူ မဟုတ်ခြင်း ဆိုတာ တခုရှိသေးတယ်။ အဲဒါကို ပယ်ဖျက်ထားတာ မတွေ့ရဘူး။ ဆိုတော့ ဒီမယ်က ဘာမှ ပြောပလောက်အောင် ပြောင်းထားတာ မဟုတ်တဲ့အခါကျတော့ ဒီကိစ္စဟာ NLD အနေနဲ့ စဉ်းစားမယ်ဆိုလို့ရှိရင် တော်တော့်ကိုပဲ အလေးအနက်ထားပြီး စဉ်းစားရမယ့်ကိစ္စဖြစ်တယ်။ ဒါကြောင့်မို့လို့လည်း အခုအချိန်အထိ ယတိပြတ် မပြောနိုင်ဘဲနဲ့ သေသေချာချာ စဉ်းစားဦးမယ်လို့ ပြောနေကြတယ်လို့ ကျနော် အဲဒီလိုပဲ ယူဆပါတယ်။

VOA - ဟုတ်ကဲ့ပါ။ ကိုဖြိုးမင်းသိန်းကို တဆက်တည်းမေးလိုတာက။ ကိုဖြိုးမင်းသိန်းက ရွေးကောက်ပွဲတွေ စပြီးလုပ်မယ်ဆို တဲ့အချိန်မှာ ပါတီတည်ထောင်ပြီးတော့ ပါတီ ဥက္ကဋ္ဌအဖြစ်နဲ့ တာဝန်ယူခဲ့သူပါ။ နောက်ပိုင်းမှာ ဒီအပေါ်မှာ အယုံအကြည် နည်းလာတာကြောင့် ပါတီဥက္ကဋ္ဌအဖြစ်ကနေ ထွက်ခဲ့တာရှိပါတယ်။ အခုတော့ NLD ပါတီကနေပြီးတော့ မှတ်ပုံတင်ဖို့ ဆိုတာ စဉ်းစားနေရပါပြီ။ အဲဒီတော့ ကိုဖြိုးမင်းသိန်းအမြင်ကို သိချင်ပါတယ်။ အခြေအနေတွေက တကယ်ပဲ ပြောင်းလဲလာလို့လား။ ဘယ်လိုကြောင့်ပါလဲ။

ကိုဖြိုးမင်းသိန်း - ကျနော်တို့ အခုပြောင်းလဲနေတဲ့ အခြေအနေတွေကိုကြည့်မယ်ဆိုရင် ဒါက အသွင်ကူးပြောင်းရေး ကာလတခုကို စတင်ဖို့အတွက် အစပျိုးခြေလှမ်း တချို့ကိုတော့ ကျနော်တို့ တွေ့မြင်နေရပြီလို့ ပြောလို့ရပါတယ်။ ဒါကိုလည်း ကျနော်တို့ အကောင်းမြင်ဘက်ကပဲ ရှုမြင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ကိစ္စမျိုးတွေ၊ နောက်ပြီး ဒီ မြန်မာ့နိုင်ငံရေးမှာ အားလုံး ပါဝင်ခွင့်ပြုနိုင်ဖို့ဆိုတဲ့ အခြေအနေမျိုးတွေကို ဒီအကျဉ်းသားတွေအားလုံး ပြန်လွတ်လာမယ် ပါဝင်ခွင့်ရမယ်ဆိုရင် ဒီအခြေအနေတွေဟာ အသွင်ကူးပြောင်းရေး ကာလအတွက် အစပျိုးခြေလှမ်းတွေကို ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာတဲ့အခြေအနေမှာ ကျနော်တို့ဟာ ဒီမိုကရေစီ ပန်းတိုင်ကိုမရောက်ခင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာနိုင်ငံမှာ မြန်မာပြည်သူလူထုကို ဦးဆောင်နိုင်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ပါတီတခုဖြစ်ပါတယ်။ ဒီလိုပဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း လူထုကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလကနေ တကယ်ကို လွတ်လပ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ်ဖြစ်တဲ့ လစ်ဘရယ် ကွန်စတီကျူးရှင်း ပေါ်ထွန်းသည်အထိ သယ်ဆောင်သွားနိုင်ဖို့အတွက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှိနေဖို့လိုပါတယ်။ ဒီ ရှိနေဖို့လိုတဲ့ အခြေအနေဟာ အခုပေးထားတဲ့ အခြေအနေတိုင်း၊ ဒီ သိန်းစိန်အစိုးရက ချပေးထားတဲ့အခြေအနေတိုင်းမှာ ကျနော်တို့ဟာ သေသေချာချာသုံးသပ်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေ၊ ဆောင်ရွက်သင့်တဲ့အခြေအနေမျိုးဖြစ်လာမယ်ဆိုရင် ပါတီတရားဝင်ရပ်တည်ရေးကို ပါတီတွင်းမှာ ပါတီဝင်ထုရဲ့ အခြေအနေပေါ်မှာသုံးသပ်ပြီး ပါတီဝင်ထုကိုပါ ချပြပြီး ဘယ်လို ဆက်လက်ရပ်တည်သင့်သလဲဆိုတဲ့ အဆုံးအဖြတ်မျိုးကိုခံယူပြီး ပါတီကို ပြန်လည်တည်ရှိသင့်တယ်လို့ ကျနော်ထင်ပါတယ်။

VOA - ဟုတ်ကဲ့။ ဒီနေရာမှာ ကိုဖြိုးမင်းသိန်းကို အမြင်ကို မေးချင်ပါတယ်။ NLD ပါတီအနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်ဘူးဆိုတာက ဒါ အရင်ကတည်းက ပြောပြီးသားပါ။ ၂၀၀၈ ဖွဲ့စည်းပုံမှာ အားနည်းချက်တွေ ရှိတယ်။ ပြင်ဖို့လိုတယ်။ ဒါ ပြောထားတာ ရှိပါတယ်။ အဲဒီတော့ တကယ်တမ်း ဒီပါတီ တရားဝင်မှတ်ပုံတင်မယ်ဆိုလို့ရှိရင် ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံမယ် အသိအမှတ်ပြုရမယ်ဆိုတဲ့ သဘောဆောင်ပါတယ်။ နောက်တဖက်မှာ ကိုဖြိုးမင်းသိန်း ခုနက ပြောသလို အသွင်ကူးပြောင်းရေးကာလတရပ်မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ တရားဝင်ပါတီတရပ်အနေနဲ့ ဦးဆောင်မှုအနေနဲ့ ရှိနေဖို့လိုအပ်တယ်ဆိုတဲ့ ကိစ္စကလည်းရှိတော့ ဒီလိုအခြေအနေနှစ်ခုအောက်မှာ ဘယ်ဘက်ကို ရွေးသင့်ပါသလဲ။

ကိုဖြိုးမင်းသိန်း - ဒီအခြေအနေဟာ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗမာပြည်တွင်းမှာ ရပ်တည်မယ်။ ဒီနေရာ ဆောင်ရွက်မယ်ဆိုလို့ရှိရင် လက်ရှိအခြေအနေမှာ အသွင်ကူးပြောင်းရေးကာလအတွက် ရှေ့ရှုပြီး ပါတီရဲ့တည်ရှိခွင့်ကို စဉ်းစားရမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျနော် ၈၈ အပြီး ပါတီတွေမှတ်ပုံတင်ခဲ့စဉ်ကာလတုန်းက အခြေအနေတွေကလည်း ခိုင်မာတဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် အခြေအနေကောင်းတွေဖြစ်နေတဲ့ အနေအထားမှာ မှတ်ပုံတင်ခဲ့တာမျိုး မဟုတ်ပါဘူး။ ဒါမျိုးပဲ အခုအခြေ အနေမှာလည်း ကျနော်တို့ဟာ ရှေ့ဆက်ပြီး ပိုမိုကောင်းမွန်တဲ့ ဒီမိုကရေစီနိုင်ငံစနစ်ကိုရောက်ဖို့ အခုလက်ရှိပေးနေတဲ့ စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီကနေ တကယ်ကို ပိုမိုကောင်းမွန်ပြီး လွတ်လပ်တဲ့ လစ်ဘရယ် ကွန်စတီကျူးရှင်းတခု ပေါ်ထွန်းသည်အထိ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒီလိုကြိုးပမ်းဖို့အတွက်မှာ ခိုင်မာတဲ့ပါတီတရပ် ရှိတယ်၊ အဲဒီပါတီမှာ ဦးဆောင်နိုင်တဲ့ သူတွေရှိမှသာလျှင် ပန်းတိုင်ကို ကျနော်တို့ရောက်နိုင်မှာပါ။ နို့မို့ဆို ကျနော်တို့ ဒီခရီးက ဝေးသွားနိုင်ပါတယ်။

VOA - ဟုတ်ကဲ့ပါ။ ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည် စတင်မေးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဂျွန်ဂလင်း ဖြစ်ပါတယ်။ ကိုဂျွန်ဂလင်းက ဒီမေးခွန်းကို စမေးခဲ့တာဖြစ်တဲ့အတွက် ကိုဂျွန်ဂလင်းရဲ့အမြင်ကိုလည်း သိချင်ပါတယ်။

ကိုဂျွန်ဂလင်း - တကယ်တမ်း ကျတော့ပေါ့နော်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုခေါင်းဆောင်လည်း မှန်ပါတယ်။ NLD ဟာ တပ်ဦးမှာရှိနေတာလည်း မှန်ပါတယ်။ သို့သော် ပြဿနာက ဘာလဲဆိုတော့ ၈၈ အပြီး နဝတ ရွေးကောက်ပွဲ ကတိကဝတ်နဲ့ ထောင်လိုက်ကြတဲ့ပါတီတွေကလည်း အပြိုင်းအရိုင်းပါပဲ။ ဒါပေမယ့် အဲဒါကို စုစည်းပြီးတော့မှ မနည်း ပုံအောပြီးတော့မှ အဲဒီမဲတွေကို NLD ကို ပေးခဲ့ရတာ။ ဆိုတော့ ၈၈ အရေးတော်ပုံကြီးကနေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း ဖြစ်ခဲ့တယ်။ NLD လည်းဖြစ်ခဲ့တယ်။ နောက်တော့ ၉၀ ရလဒ်ဆိုတာကိုလည်း ကျနော်တို့ ရခဲ့တယ်။ ဂန္ဒီကြေညာစာတမ်းဆိုတာလည်း ရှိခဲ့တယ်။ ကောင်းပြီ အဲဒီကာလတွေကစလို့ ဒီကနေ့အထိ AAPPB ရဲ့ စာရင်းတွေအရ ကောက်ယူထားနိုင်တာက ကျနော်တို့ ၁၄၈ ယောက်ဟာ အကျဉ်းထောင်အတွင်းနဲ့ လွတ်မြောက်အပြီး မကြာခင်အတွင်း နှိပ်စက် ညှင်းပမ်းမှုဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရတယ်။ တရားဝင်ကောက်ယူမရတဲ့ စာရင်းအရနဲ့ ၈၈ မှာတင်ပဲ လူ ၃၀၀၀ ကျော်လောက် အသက်ပေးခဲ့ရတယ်ဆိုတာ ကမ္ဘာသိဖြစ်တယ်။ နောက် ထောင်ပေါင်း ၄၃ ခုမှာ ဝင်ချည် ထွက်ချည် ပေးဆပ်ခဲ့ရသူတွေလည်း မနည်းဘူး။ ဒီလိုနဲ့ ၂၀၀၈ အခြေခံဥပဒေကို NLD က ဦးဆောင် ဆန့်ကျင်တယ်ဆိုတော့ ကျနော်တို့ဟာ တကယ့်ကို ချီးယားပါဗျာ။ NLD ကို တကယ့်ကို အင်မတန် လေးစားတယ်။ ဒါဟာ အင်မတန် လုပ်သင့်တဲ့အလုပ်ကို လုပ်သင့်လုပ်ထိုက်တဲ့အချိန်မှာ လုပ်တာ။ တဆက်တည်းမှာပဲ ရွေးကောက်ပွဲ မဝင်ဘူးတဲ့။ ဟားဗျာ ပြည်သူဘက်က ပြတ်ပြတ်သားသား ရပ်တည်ပြတယ်။ ၉၀ ရလဒ်ကို လေးစားလိုက်နာတယ်။ ဂန္ဒီကြေညာစာတမ်းကို မျက်ခြေမပြတ်ဘူး။ ဒါပေမယ့် ဒီကနေ့ ရေပန်းစားလာတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုတာကလည်း ရှိသေးတယ်။ အဲဒီတော့ ကျနော်တို့က ကိုမင်းကိုနိုင်တို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် အားလုံးကလည်း ပြောတယ်။ မှန်တာပေါ့။ တိုင်းရင်းသားတရပ်လုံး မသင့်မြတ်ခဲ့တာကြာပြီ။ ဒါပေမယ့် NLD ကလည်း ကြိုးပမ်းတယ်။ ဒုတိယပင်လုံ တဲ့။ ဒါပေမယ့် လောလောဆယ်မှာတော့ ပြဿနာတက်နေတာက အဲဒီအသံတွေက ပြည်တွင်းစစ်ကြောင့် ပလုံ ဖြစ်နေပြီ။ ဆိုတော့ မြင်နေတာက ဘာလဲဆိုတော့ တဆက်တည်းမှာ အင်တာနက် ကွန်ယက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ အမြင်အမျိုးမျိုးတွေဖြစ်လာတယ်။ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်မှုအတွက်ကို ကြိုးပမ်းလာကြတယ်။ လမ်းပေါ်ထွက်လာတယ်။ ဘုရားပေါ်တက် လှုပ်ရှားမှုတွေ လုပ်လာတယ်။ ဆိုတော့ အကျဉ်းသားမိသားစုတွေက စတင်နေပြီ။ ဆိုတော့ ကျနော်တို့ရဲ့ တပ်ဦးဟာ ဘယ်နေရာမှာဖြစ်နေပြီလဲ။ အဲဒါလေးကိုလေ ကျနော် နည်းနည်း ရှင်းရှင်းလင်းလင်း ရှိပါတယ်။ နောက်ပိုင်းမှာ ကျနော် နည်းနည်းဆက်ပြောမယ်။ အရမ်းရှည်သွားမှာစိုးလို့ပါ။

VOA - ဒီနေရာမှာ တဆက်တည်း ကိုငွေလင်းကို မေးချင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လက်ရှိ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုရဲ့ တပ်ဦးဖြစ်ပါတယ်ဆိုပြီးတော့ နိုင်ငံရေး အဖွဲ့အစည်းအများစုက ပြောတာ သုံးတာ ရှိပါတယ်။ အခုအခြေအနေမှာကလည်း ၂၀၀၈ ဖွဲ့စည်းပုံအပေါ်မှာမူတည်ပြီးတော့ နိုင်ငံရေးပါတီတွေ အမြင်မတူတာတွေ ရှိပါတယ်။ လက်မခံတဲ့ အဖွဲ့အစည်း၊ လက်ခံတဲ့ အဖွဲ့အစည်း၊ တစုံတရာတော့ ဒါကို ပြောင်းလဲယူသွားလို့ ရနိုင်တယ်ဆိုတဲ့အမြင်မျိုးနဲ့ ကွဲလွဲနေတာတွေ ရှိပါတယ်။ အကယ်၍သာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂၀၀၈ ဖွဲ့စည်းပုံကို တဖြည်းဖြည်း ပြောင်းယူသွားမယ်ဆိုတဲ့ အယူအဆနဲ့ နိုင်ငံရေးပါတီတရပ်အဖြစ်ရှိလာမယ်ဆိုလို့ရှိရင် လက်ရှိ တပ်ဦးပါတီအဖြစ် ဆက်ရှိနိုင်ပါ့မလား။ ကိုငွေလင်းအမြင်ကို သိချင်ပါတယ်။

ကိုငွေလင်း - အဓိကက ကျနော်တို့ NLD ကို အစောက ကိုဂျွန်ဂလင်း ဆွေးနွေးသလိုပဲ။ ကျနော်တို့ တပ်ဦးမှာရှိတဲ့ တကယ့်အလံကိုင်ပါတီပဲလို့ ကျနော်တို့ ဒီလိုပဲ ယူဆတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် လူထု ခေါင်းဆောင်ပဲ၊ အမြော်အမြင် အင်မတန်ကြီးတယ်၊ ရဲရင့်တယ် ဆိုတာ ကျနော်တို့ ဒီလိုပဲ မြင်ပါတယ်။ ဆိုတော့ အခု ကိစ္စက NLD ဟာ အဲဒီတန်ဖိုး အဲဒီဂုဏ်သိက္ခာမျိုး ဘာကြောင့်ရခဲ့သလဲဆိုလို့ရှိရင် ရွှေဂုံတိုင်ကြေညာစာတမ်းကို ရပ်ခံလို့ပဲလို့ အဲဒီလို မြင်ပါတယ်။ ရွှေဂုံတိုင်ကြေညာ စာတမ်းကို ရပ်ခံတာဟာ NLD ရဲ့ NLD ပီသမှုလို့ ကျနော်တို့ မြင်တယ်။ နောက်တခုက အစောကပြောသလိုပဲ ဒီ ပါတီတည်ထောင်ခွင့် ဥပဒေတွေနဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့ ကျနော်တို့ကို ချည်နှောင်ထားသမျှဆိုလို့ရှိရင် ကျနော်တို့ ဘယ်နည်းနဲ့မှ ရွေးကောက်ပွဲဝင်လို့လည်း မရဘူး။ မှတ်ပုံပြန်တင်လို့လည်း မရဘူးဆိုတဲ့ဥစ္စာဟာ NLD ရဲ့ ခိုင်ကျည်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အထဲမှာကတည်းက လှမ်းပေးလိုက်တဲ့ Massage လည်း ဖြစ်ပါတယ်။ အဲဒီအတိုင်းရပ်ခဲ့တဲ့အတွက် ကျနော်တို့ဟာ တခဲနက် တပ်ဦးမှာ NLD ရှိတယ်ဆိုပြီးတော့ ကျနော်တို့ ပြည်တွင်းပြည်ပအင်အားစုတွေအားလုံးက လူထုတရပ်လုံးက ပြတ်ပြတ်သားသား ဝန်းရံတယ်လို့ ကျနော်တို့ ဒီလို မြင်ပါတယ်။

အခုကိစ္စမှာလည်းပဲ အခြေအနေသစ်တွေရဲ့အောက်မှာ လုပ်ငန်းစဉ်အသစ်တွေနဲ့ စဉ်းစားချက်အသစ်တွေ ပေါ်သင့်တယ် ဖော်သင့်တယ်ဆိုတဲ့ဥစ္စာကို ကျနော်တို့အနေနဲ့ မငြင်းဘူး။ ဒါ အိုကေပဲ။ ဒါ ဒီလိုပဲ လုပ်ကြရမှာပါ။ သို့ပေမယ့် ဘာလဲဆိုလို့ရှိရင် ကျနော်တို့ကို ၂၀၀၈ အခြေခံဥပဒေက သေချာပေါက် ချည်ထားတယ်။ ဒါ NLD ကိုယ်တိုင် ထောက်ပြ ထားတာ ရှိတယ်။ ၁၂ ချက် ရှိတယ်။ ဒီ ၁၂ ချက်ကို မပြင်ဘူးဆိုလို့ရှိရင်၊ ပြန်လည်သုံးသပ်ရေးကော်မတီနဲ့ စနစ်တကျ မပြင်ဘူးဆိုလို့ရှိရင် ဒီဟာ ဘယ်လိုမှ လက်ခံနိုင်ဖွယ်ရာ မရှိဘူးဆိုတဲ့ဥစ္စာ ပြောထားတာရှိတယ်။ ဆိုတော့ အဲဒီဥစ္စာကို ကျနော်တို့ ဘယ်မှာပြင်မလဲ။ ကျနော်တို့ ပြင်ဖို့ သင့်တဲ့ကိစ္စကတော့ အပြင်မှာ Dialogue မှာ ပြင်ရမှာပဲ။ အားလုံးပါတဲ့ တွေ့ဆုံဆွေးနွေးရေးပွဲမှာ ၂၀၀၈ အခြေခံဥပဒေကို ပြင်ရမှာပဲ။ ၂၀၀၈ အခြေခံဥပဒေကို ဒီစစ်အစိုးရရဲ့၊ ဦးသိန်းစိန်အစိုးရရဲ့ လွှတ်တော်ထဲမှာ သွားပြင်လို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ လွှတ်တော်ထဲမှာ ကြံ့ဖွံ့နဲ့ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းလိုက်လို့ရှိရင် ရာခိုင်နှုန်းက ၈၃ ရာခိုင်နှုန်း ရှိပါတယ်။ အဲဒီ ၈၃ ရာခိုင်နှုန်းကို ဘာနဲ့သွားပြီး ကျနော်တို့ တိုက်မှာလဲ။ By Election (ကြားဖြတ်ရွေးကောက်ပွဲ) မှာ ကျနော်တို့ ဝင်လို့ ကျနော်တို့ အကုန်လုံးရရင်တောင် ကျနော်တို့ ဘယ်လိုလုပ် သွားပြင်မလဲ။ဘယ်လိုမှ ပြင်လို့မရဘူး။ အဲဒီတော့ လွှတ်တော်ထဲမှာ ပြင်လို့မရတဲ့ကိစ္စကို လွှတ်တော်ထဲမှာပဲ တစတစ ပြင်သွားမယ်လို့ စဉ်းစားမယ်ဆိုရင် အဲဒီစဉ်းစားချက် မှားတယ်လို့ ကျနော် မြင်တယ်။ အဲဒီတော့ ဘယ်မှာပြင်မလဲဆိုလို့ရှိရင် အဓိကအားဖြင့် ကျနော်တို့ တွေ့ဆုံဆွေးနွေးရေးမှာပဲ ပြင်ရလိမ့်မယ်။ အဲဒီ တွေ့ဆုံဆွေးနွေးရေးစခန်းကို ရောက်ဖို့ရာအတွက် NLD ကို ကျနော်တို့ ဝန်းရံမယ်။ ကျနော်တို့တင် မကဘူး။ လူထု တရပ်လုံး။ မဟာမိတ်တရပ်လုံး။ ပြည်တွင်းပြည်ပ အင်အားစုအားလုံးက ဝန်းရံထားတာလည်း သေချာပေါက်ပဲ။ အဲဒီတော့ အဲဒီနည်းနဲ့ပဲ NLD ဟာ ဆက်လက်ပြီး ရပ်ခံသင့်တယ်လို့ ကျနော်တို့ မြင်တယ်။ လွှတ်တော်ထဲကိုဝင်ပြီးတော့မှ ပြင်မယ်ဆိုတဲ့ စဉ်းစားချက်ပေါ်ပြီ ဆိုလို့ရှိရင်တော့ အဲဒါ လွဲနိုင်တယ်လို့ ကျနော်တို့ မြင်တယ်။ အဲဒီကိစ္စကိုလည်း ကျနော်တို့ပါတီအနေနဲ့ ဒီမှာ အခါသင့်တုန်းပေါ့ဗျာ NLD ကို အကြံပြုချင်ပါတယ်။

VOA – နောက်ထပ် ဆွေးနွေးချင်တဲ့ ဦးပြေသိမ်း။ ဦးပြေသိမ်းက တောင်ငူမြို့နယ်ကပါ။ ဦးပြေသိမ်းရဲ့ အမြင်ကိုလည်း သိချင်ပါတယ်။

ဦးပြေသိမ်း – ကျနော့်အနေနဲ့ကတော့ NLD ပြန်လည်မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ခြင်း မဝင်ခြင်းနဲ့ပတ်သက်လို့တော့ CEC အနေနဲ့ မိမိသတင်း ရန်သူ့သတင်း၊ မိမိအင်အား ရန်သူ့အင်အားကို Balance ချိန်ပြီး ခွဲခြမ်းစိတ်ဖြာပြီးမှ ဆုံးဖြတ်သင့်တယ်လို့ အကြံပြုချင်ပါတယ်။ အခြေအနေက ပြန်ပြီး မှတ်ပုံမတင်သင့်သေးဘူးလို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကြီးက Iron Net Constitution သံကွန်ချာ ဖွဲ့စည်းပုံကြီးပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့ဆုံကြတယ်ဆိုတာကလည်း ဗိုလ်ချုပ်အောင်ဆန်းပုံ ချိတ်ပြပြီး အများအမြင်ကောင်းအောင်သက်သက်လို့ ကျနော် ထင်ပါတယ်။ ဥပမာဗျာ – စွန့်စားခန်းခရီးလို ကမ္ဘာ့အနက်ရှိုင်းဆုံး သမုဒ္ဒရာကြီးထဲကို တိုက်တန်း နစ်သင်္ဘောကြီးနဲ့ အပျော်ခရီးထွက်တဲ့အခြေအနေလောက်ပဲ ရှိသေးတယ်လို့ ကျနော် ထင်ပါတယ်။ သမုဒ္ဒရာ မျက်နှာပြင်ပေါ်မှာတော့ လှိုင်းစီးလို့ ကောင်းပါတယ်။ ဒါပေမယ့် သမုဒ္ဒရာရဲ့ ကြမ်းပြင်အောက်မှာတော့ လူသားအရိုးစုတွေ သတ္တဝါပေါင်းစုံရဲ့ အရိုးစုတွေနဲ့ ကျောက်ဆောင်တွေ၊ ဘယ်လောက် ကြမ်းတမ်းမယ် အန္တရာယ်များမယ်ဆိုတာ မခန့်မှန်းနိုင်ပါဘူး။ အောက်ခြေမှာတော့ဖြင့် လယ်ယာမြေသိမ်းမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အများကြီးပါ။ မကြားဝံ့မနာသာပါ။ ဒီတော့ NLD ဟာ ၁၉၈၉ ခုနှစ်မှာ တရားဝင် မှတ်ပုံတင်ပြီး ၉၀ ရွေးကောက်ပွဲမှာကလည်း တိုင်းပြည်ရဲ့ ဦးဆောင်ပါတီတရပ်ပါ။ Mandate ပေးပြီးသားပါ။

VOA - ကိုဖြိုးမင်းသိန်းရေ … ခုနက ပြောသွားတဲ့ အမြင်တွေ အယူအဆတွေ ကြားရမယ်ထင်ပါတယ်။ ကိုဖြိုးမင်းသိန်းကတော့ ခုနကပြောသလို ပါတီထဲမှာ အသေအချာ ချပြပြီးဆွေးနွေးသင့်တယ်လို့ ပြောပါတယ်။ ပါတီအပြင်မှာရှိတဲ့ အခြားနိုင်ငံရေးအင်အားစုတွေကပါ တချို့ အမြင်အမျိုးမျိုးရှိတဲ့အခါကျတော့ ကိုဖြိုးမင်းသိန်းရဲ့အမြင်ကို သိချင်ပါတယ်။

ကိုဖြိုးမင်းသိန်း - အခုပြောင်းလဲလာတဲ့ အခြေအနေတွေ အကုန်လုံးဟာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီးနောက်ပိုင်း အခြေအနေကျမှ ပေါ်ထွန်းလာတဲ့ အခြေအနေတွေပါ။ အခု ပြောင်းလဲလာတဲ့ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးဆို ပြီးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည်တို့ ဆွေးနွေးပွဲတွေအပေါ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စဆိုတဲ့ အခြေအနေမျိုးတွေ ပေါ်ထွန်းလာတာပါ။ ဒါကြောင့်မို့ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်နေမှုတွေကို မျက်ခြေမပြတ်သင့်ပါဘူး။ ဘာကြောင့်လဲဆို ကျနော်တို့ဟာ ဒီပြောင်းလဲနိုင်တဲ့ အခြေအနေတွေကို ပေါ်ထွန်းဖို့အတွက် ကျနော်တို့ ဆောင်ရွက်လို့မရနိုင်ပါဘူး။ ဒီအခြေအနေတွေကို အဓိကဆောင်ရွက်နိုင်တာကတော့ မြန်မာပြည်သူလူထုရဲ့ နှလုံးသားကိုကိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကပဲ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။ အဲဒီ အခြေအနေတွေကို ပြောင်းလဲလာတဲ့ အခြေအနေသစ်တွေဟာ ဘာကြောင့်ပြောင်းလဲလာတာလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွမ်းဆောင်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုပဲ ဒီ ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ပြီး တကယ်ကောင်းမွန်တဲ့ ဒီမိုကရေစီ ဖွဲ့စည်းပုံကြီးပေါ်ထွန်းဖို့အတွက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို မဏ္ဍိုင်ပြုပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပါတီကို ဦးဆောင်မှု အခန်းကဏ္ဍမှာ ထားပြီး ဆောင်ရွက်သွားကြရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ဆိုရင် အဖွဲ့ချုပ်ရှိ နေဖို့လိုပါတယ်။

xxxx

VOA တိုက်ရိုက်လေလှိုင်း
၂၀၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်

No comments:

Post a Comment