Friday, September 30, 2011

ဆင်တော့ဆင်တယ် ဒါပေမယ့် မတူဘူး (ဇွန်မှိုင်း)

(၁)

လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်နှင့်ပတ်သက်လို့ ဦးသိန်းစိန်အစိုးရ ဘယ်လို သဘောထားတွေ ကိုင်တွယ်ကျင့်သုံးမလဲ ဆိုတာသိရအောင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ကို ကျနော် လေ့လာကြည့်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) အခန်း (၁) နိုင်ငံတော်အခြေခံမူများအခန်း ပုဒ်မ (၃၄) မှာ အခုလို အတိအကျ ရေးသား ထားပါတယ်။

“ငြိမ်ဝပ်ပိပြားရေးနှင့်သော်လည်းကောင်း၊ ပြည်သူ့ကိုယ်ကျင့် တရားနှင့်သော်လည်းကောင်း၊ ပြည်သူ့ကျန်းမာရေးနှင့်သော် လည်းကောင်း၊ ဤဖွဲ့စည်းပုံ အခြေခံဥပဒေပါ အခြားပြဋ္ဌာန်းချက်တို့နှင့်သော်လည်းကောင်း မဆန့်ကျင်လျှင် နိုင်ငံသားတိုင်းသည် ဘာသာ သာသနာရေးတွင် လွတ်လပ်စွာယူဆနိုင်သော အခွင့်အရေး၊ လွတ်လပ်စွာ ကိုးကွယ် ဆောက်တည်နိုင်သော အခွင့်အရေးတို့ကို အညီအမျှ ရရှိစေရမည်။”

ဒီဖွဲ့စည်းပုံအခြေခံဥပဒေမှာပဲ အခန်း(၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ အခန်း ပုဒ်မ (၃၆၁) မှာ …

“နိုင်ငံတော်သည် ဗုဒ္ဓဘာသာ သာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံး ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည် ဟု နိုင်ငံတော်က အသိအမှတ်ပြုသည်။”

အဲဒီလို ဖော်ပြထားပြီး ပုဒ်မ (၃၆၂) နှင့် (၃၆၃) မှာ အခုလို ရေးသားပြဋ္ဌာန်းထားတာကို ထပ်တွေ့ရပါတယ်။
ပုဒ်မ (၃၆၂)။ “နိုင်ငံတော်သည် ခရစ်ယန်ဘာသာသာသနာ၊ အစ္စလာမ်ဘာသာသာသနာ၊ ဟိန္ဒူဘာသာသာသနာနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤ ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ်ပြုသည်။”
ပုဒ်မ (၃၆၃)။ “နိုင်ငံတော်သည် အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။”

ဒီအတိုင်းဆိုတော့ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို တစုံတရာ အာမခံထားတဲ့သဘော၊ တစုံတရာ လွတ်လပ်ခွင့်ပြုထားတဲ့သဘောလို့ ယူဆမယ်ဆို ယူဆလို့ ရနိုင်သလိုလို။

နိုင်ငံတော်က အသိအမှတ်ပြုထားသော ဘာသာသာသနာများကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်လို့တောင် ဆိုထားပြန်သေးတော့ အဝေးကြည့်သာ ကြည့်ကြမယ်ဆိုရင် ဘာသာရေး လွတ်လပ်မှုနှင့် နိုင်ငံတော်က ပံ့ပိုးကူညီမှုအပိုင်းတွေမှာ အဆင့်အတန်း မနိမ့်လှပါပဲလားလို့ ယူဆချင်သူများ ယူဆနိုင်စရာ ဖြစ်နေတော့တာပါ။

လက်တွေ့မှာရော ဘယ်လိုလဲ။ ရေးသားပြဌာန်းထားသလို တကယ်ပဲ လွတ်လပ်မှုတွေ ရှိကြရဲ့လား။ တကယ့်လက်တွေ့ အခြေအနေတွေကို ကြည့်ကြရအောင်ဗျာ။

(၂)

ဘာသာတွေအားလုံး လွတ်လပ်ကြရဲ့လား။

ဒါမှမဟုတ် ဘယ်ဘာသာတွေက လွတ်လပ်ပြီး ဘယ်ဘာသာတွေက မလွတ်လပ်ကြဘူးလဲ။

ကောင်းပြီ။ ပထမဦးဆုံး ဗုဒ္ဓဘာသာသာသနာနှင့် ဘာသာဝင်များရဲ့ လွတ်လပ်မှု အတိမ်အနက်ကို စပြီး အကဲခတ် ကြည့်ကြရအောင်။

ဗုဒ္ဓဘာသာ သာသနာတော်ထွန်းကားပျံ့နှံ့ ဖို့ဆိုရင် ဘာတွေလိုမလဲ။

ပဋိပတ္တိ၊ ပရိယတ္တိ ဆိုင်ရာ သာသနာ့လုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် ကျင့်ကြံအားထုတ်ခွင့် ရှိရမှာဖြစ်ပါတယ်။

သံဃာတော် အရှင်သူမြတ်တို့အဖို့

မိမိနှစ်သက်ရာ ကျောင်းသင်္ခန်း၊ မိမိ ပဋိရုပမြောက်ရာ ကျောင်းတိုက်တာများမှာ လွတ်လပ်စွာ ဝါဆိုတော်မူနိုင်၊ လွတ်လပ်စွာ စာဝါတက်ရောက် ဆည်းပူးတော် မူနိုင်ကြရမှာ ဖြစ်ပါတယ်။

သာသနာပြုလိုတဲ့အရပ်တပါးကို ကြွချီမယ်ဆိုရင်လည်း ဝါတွင်း ၃ လတာကာလကလွဲရင် လွတ်လွတ်လပ်လပ် ကြွချီခွင့်၊ ခရီးကသင်းသွားလာခွင့် ရှိကြရမှာ ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးကိုယ်တော်တိုင် ပညပ်ပြဌာန်းထားတော်မူခဲ့တဲ့ ၂၂၇ သွယ်သော သိက္ခာပုဒ်နှင့် ဝိနည်းတော်များမှာပါတဲ့ ဆင်ခြင်အပ်သည်များမှလွဲရင် ဘယ်လိုအရာကမှ၊ ဘယ်လို အာဏာပိုင်ကမှ လာပြီး ချုပ်နှောင်ထားတာ၊ ပိတ်ဆို့ထားတာ၊ ကာဆီးထားတာ မရှိစေရပါဘူး။ ရဟန်းကို အာဏာပိုင်က အမိန့်ပေးလို့ မရပါဘူး။

ဘာသာသာသနာကို ဘယ်လိုအရာကမှ လွှမ်းမိုးကျော်နင်းလို့ မရပါဘူး။

ဘာသာသာသနာများရဲ့ မြင့်မြတ်မှုဂုဏ်တော်ဟာ အရာရာရဲ့ အထက်မှာရှိပါတယ်။ တကယ်ဆိုရင် ဘာသာ သာသနာဆိုတာ အာဏာစက်ရဲ့ ထီးရိပ်အပြင်မှာ လွတ်လပ်အေးချမ်းစွာ တည်ရှိခွင့် ရှိကို ရှိရမှာပါ။

ဒါပေမယ့် ကျနော်တို့နိုင်ငံမှာက အဲဒီလို အခြေအနေမှာ မရှိဘူး။ အဲဒီလို အခွင့်အလမ်းမျိုး ပေးမထားဘူး။

ဘယ်ကိုယ်တော်ကို ဒီကျောင်းမှာ လက်မခံရ၊

ဘယ်ကိုယ်တော်ဆို ဘယ်ကျောင်းတိုက်မှာ စာဝါ မတက်ရ၊

စာဝါပြီးတာနှင့် ကိုယ့်အရပ်ကိုယ့်ဇာတိမြို့ရွာကို ချက်ချင်းပြန်ကြွရမယ်၊ ကျောင်းတိုက်မှာ တရက်မှ ဆက်မနေရ၊

ဘယ်ကျောင်းတိုက်နှင့် ဘယ်ကျောင်းတိုက်ကို မကူးသန်း မသွားလာရ၊

စတဲ့ အမိန့်တွေကို ကျောင်းထိုင် ဆရာတော်ကြီးများ၊ စာချဆရာတော်ကြီးများကိုကျော်ပြီး အာဏာပိုင်များက တိုက်ရိုက် ထုတ်ပြန် တားဆီးနေကြတာဟာ တော်တော်ကို မသင့်လျော်တဲ့ ကျူးလွန်စော်ကားမှု ဖြစ်ပါတယ်။
ဒါပေမယ့် ဒါတွေဟာ တကယ်ဖြစ်နေတာပါ။

စစ်ထောက်လှမ်းရေးများက ကျောင်းတိုက်တွေထဲဝင်။ သင်္ကန်းတွေဆီးပြီး ရဟန်းအတုအယောင်များအဖြစ် သံဃာထုအတွင်းမှာ၊ စာသင်သံဃာများအတွင်းမှာ သတင်းပေး သတင်းယူတွေ ပြုလုပ်ကြ၊ သံဃာအချင်းချင်းကြား မယုံမရဲ ဖြစ်အောင် ဆောင်ရွက်ကြ၊ ဂတုံးဂတိုက်တွေ လုပ်ကြ၊ သံဃာတော်တွေအချင်းချင်း အသင်းအပင်းကွဲအောင် အုပ်စုတွေဖွဲ့ကြ၊ အုပ်စုတွေခွဲကြ စတဲ့ လုပ်ရပ်တွေကို တလျှောက်လုံး ဆောင်ရွက်ခဲ့ကြပါတယ်။ အခုလည်း ဆောင်ရွက်နေဆဲ ဖြစ်ပါတယ်။ ကျောင်းထိုင်ဆရာ တော်ကြီးများကို အသိပေး၍ဖြစ်စေ၊ အသိမပေးဘဲဖြစ်စေ ရဟန်းထရိုဂျင် လာမြှုပ်ပြီး သံဃာတော်များကြား အနှောက်အယှက်ပေးနေတဲ့ကိစ္စမျိုးဟာ အကြီးမားဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှု၊ ဘာသာရေးဖိနှိပ်မှု ဖြစ်ပါတယ်။

ဒါမျိုးတွေ နာမည်ရကျောင်း တော်တော်များများ လက်တွေ့ ခံနေကြရတာပါ။

ရပ်ကွက် မြို့နယ် သံဃာအဖွဲ့အစည်းမှအစ မဟန အဖွဲ့ (နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့) အထိ သံဃာတော်၊ ဆရာတော်ကြီးများအတွင်း ဂိုဏ်းခွဲ၊ ဂိုဏ်းစု၊ ဆရာမွေး၊ တပည့်မွေးများ ပြုလုပ်ပြီး ဓမ္မစက်ကို အာဏာစက်အောက် မရောက်ရောက်အောင် (လုပ်ကောင်းတာ မလုပ်ကောင်းတာ ဘေးဖယ်ထားပြီး) အခါခပ်သိမ်း ကျူးလွန်ဆောင် ရွက်နေကြတာကို လက်တွေ့များအရ တွေ့မြင်နေကြရပါတယ်။

လာဘ်လာဘနှင့် ဖျက်ဆီးတာ၊

လုပ်ပိုင်ခွင့်နှင့် ဖျက်ဆီးတာတွေကို ပြုလုပ်ကြပြီး ဆရာတော်သံဃာတော်ကြီးတွေကို သတိမဲ့ အမှတ်မဲ့ မှားမှား ယွင်းယွင်းတွေ ဖြစ်ကုန်အောင် စစ်အစိုးရဘက်က ကြံစည်နေကြတာတွေလည်း တွေ့မြင်ကြရပါတယ်။

၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးကြီးအတွင်း ပဲခူးမြို့က ကြခတ်ဝိုင်းဆရာတော်ကြီး လွဲမှားစွာ ဆောင်ရွက်သွားပုံမျိုးဟာ သာမန်မှားယွင်းလွဲချော်မှုလို့ ကျနော်တော့ မထင်ချင်ဘူး။ ပယောဂ မုချပါတယ်၊ စစ်အစိုးရရဲ့ ပယောဂ သေချာပေါက်ရှိတယ်လို့ ကျနော် ယူဆတယ်။ အာဏာစက်က ဓမ္မစက်ကို ကျော်နင်းပြီး ‘ဆရာတော်ကြီးဗိုက်နှင့် ဓားထိုးခံ’ စေခဲ့တယ်လို့ ကျနော့်အနေနှင့် သုံးသပ်ချင်ပါတယ်။

သာသနာပြု ဆရာတော်ကြီးအဆင့်ကနေ မင်းလိုလိုက် မင်းကြိုက်ဆောင်အဆင့်ထိ လျှောကျပြီး မေတ္တာပို့ စီတန်းကြွချီလာတဲ့ ဆရာတော် သံဃာတော်တွေကို ပြောမှား ဆိုမှား ပြုမူမှား ဖြစ်ကုန်တဲ့အထိ ညံ့ဖျင်းသွားခဲ့ရအောင် အာဏာပိုင်တွေရဲ့စနစ်တကျ ဖျက်ဆီးတာကို ခံလိုက်ရတာဖြစ်တယ်လို့ မြင်မိတယ်။ တကယ်ကို ဝမ်းနည်းဖွယ်ရာ အသုံးချခံရမှုတခုပဲလို့ မြင်မိပါတယ်။

(၃)

တရားပွဲ မကျင်းပရ၊

ကျင်းပချင်ရင် ပွဲမိန့် အရင်ယူရမယ်၊

ဟောကြားမယ့်တရားကို စိစစ်နိုင်အောင် ကြိုတင် တင်ပြရမယ်၊

အဲဒီလုပ်ထုံးလုပ်နည်းတွေအတိုင်း မဆောင်ရွက်သူများကို တရားပွဲ ကျင်းပခွင့် လုံးဝမပေးနှင့်။

ဆိုတဲ့ ဖိနှိပ်ရေး အမိန့်တွေကို ထုတ်လာတာဟာ သာသနာကို စော်ကားတာဖြစ်ပါတယ်။

ရွှေညဝါဆရာတော်ကိစ္စကတော့ ပိုလို့တောင် ဆိုးဝါးခဲ့ပါတယ်။

သူတို့ပြောတဲ့ လုပ်ထုံးလုပ်နည်းတွေအတိုင်း သည်းညည်းခံပြီး တင်ပြခဲ့တယ်။

စိစစ်မှု အတန်တန်ဖြတ်ပြီးလို့ အာဏာပိုင်တွေကြေနပ် အားရတဲ့အခါ တရားပွဲ လုပ်ခွင့်ရတယ်။ တရားပွဲ လုပ်ခွင့်ပေးပြီးကာမှ တရားပွဲစခါနီးမှ တရားပွဲလုပ်ခွင့် ရုတ်သိမ်းတယ်ဆိုပြီး တရားဒေသနာ ဟောကြားပြသခါနီး ဆရာတော်ကိုလာပြီး အာဏာပါဝါပြပြီး ချက်ချင်းရပ်ပေးဖို့ အမိန့်ထုတ်ခဲ့ပါတယ်။

ဒီအဖြစ်မျိုးကို ရွှေညဝါဆရာတော် အရှင်ပညာသီဟက နှစ်ကြိမ် သုံးကြိမ် ခံခဲ့ရပြီလို့ကြားရတာ ရင်ထဲ နာကျင်လို့မဆုံး ဖြစ်ရပါတယ်။ တရားပွဲကို ပိတ်ပင်တာဟာ အပါယ်လားနိုင်တဲ့ ပြစ်မှု ဖြစ်ပါတယ်။

သာသာနာရေးဝန်ကြီးဌာနက ခွင့်ပြုထားပြီးတာကို ပြည်ထဲရေးဝန်ကြီးဌာနက ပိတ်ပင်ခဲ့တာလို့ ဆိုပါတယ်။ ဒီအမှုကို ဘယ်သူပြုသည်ဖြစ်စေ အဝီစိတံခါးကတော့ ပြန်စိလို့ ရတော့မယ် မဟုတ်ပါ။ တကယ်ကို အကုသိုလ်ရှာရဲသူများ ဖြစ်ပါတယ်။

ရွှေညဝါဆရာတော်ကတော့ ဟိုဘက်ခေတ်က လယ်တီဆရာတော်၊ အနီးစခန်းဆရာတော်ကြီးများရဲ့ထုံးကို နှလုံးမူပြီး အကြိမ်ကြိမ် ပိတ်ပင်ခံနေရတဲ့ကြားကကိုပဲ ကြိုးစားပြီး သာသနာပျံ့ပွားရေးအတွက် တရားပွဲများ စဉ်ဆက်မပြတ် ကျင်းပနိုင်ရေးကို အကျိုးဆောင် ဒကာ ဒကာမများနှင့်အတူ ဆက်လက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တပည့်တော် ရိုသေစွာရှိခိုးပြီး ဂုဏ်ပြုအပ်ပါတယ်ဘုရား။

သာသနာ့ အာဇာနည်များဟာ ခေတ်အဆက်ဆက်မှာ အခက်အခဲဟူသမျှကို ရင်ဆိုင်ကျော်လွှားပြီး ဒကာဒကာမတို့ရဲ့အကျိုး ဘာသာ သာသနာရဲ့အကျိုးကိုပဲ အာရုံထားပြီး ဆောင်ရွက်တော်မူခဲ့ကြတယ်လို့ တပည့်တော် လေ့လာမှတ်သားဖူးပါတယ် ဘုရား။ သာဓု အကြိမ်ကြိမ်ခေါ်ပါတယ် ဘုရား။

(၄)

စစ်အစိုးရရဲ့ ဘာသာရေးဆိုင်ရာ အခွင့်အရေးချိုးဖောက်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ နေရာအနှံ့ဖြစ်နေတာမို့ ပြောပြစရာတွေ ထောက်ပြစရာတွေက မကုန်နိုင်အောင် ဖြစ်နေပါတယ်။

အမြင်သာဆုံးတွေကို ထောက်ပြပါဆိုရင် ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲတွေကို အကောင်းဆုံး အထင်ရှားဆုံးသော သမိုင်း သက်သေကြီးများအဖြစ် တင်ပြရမှာဖြစ်ပါတယ်။

စစ်အစိုးရအာဏာသိမ်းထားတဲ့ကာလတွေထဲမှာပဲ ၁၉၉၀ ခုနှစ်မှာ တကြိမ်၊ ၂၀၀၇ ခုနှစ်မှာ တကြိမ် တနိုင်ငံလုံး အတိုင်းအတာနှင့် နှစ်ကြိမ်တိုင်တိုင် ကံဆောင်တော်မူခဲ့ကြရပါတယ်။

ဘာသာ သာသနာကို လွန်မင်းစွာ အစော်ကားခံခဲ့ကြရတဲ့အတွက် ကံဆောင်တော်မူခဲ့ကြရတာပါ။

မန္တလေးမြို့က ဆွမ်းခံကိုယ်တော်တွေအပေါ် ရိုင်းပြစော်ကားရမ်းကားမှုနှင့် ပခုက္ကူမြို့က မေတ္တာပို့ကြွချီလာတဲ့ သံဃာတော် များအပေါ် ရိုင်းပြစော်ကားရမ်းကားမှုများအပေါ် အခြေခံပြီး တုံ့ပြန်တဲ့အနေနှင့် ကံဆောင်တော်မူခဲ့ကြတာပါ။

တကယ်ဆိုရင် ဒီအတွက် စစ်အစိုးရက သူ့လုပ်ရပ်မှားတွေအပေါ် ဝန်ချတောင်းပန်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် စစ်အစိုးရဟာ ဝန်ချတောင်းပန်ခြင်းမပြုရုံသာမက အားလုံးသိကြတဲ့အတိုင်း အပြင်းအထန် ပစ်ခတ်ဖြိုခွဲ၊ အပြင်းအထန် ဖမ်းဆီးထောင်ချပစ်တဲ့နည်းနှင့် အရူးအမူးတုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

ကျောင်းတိုက်တွေကို သူပုန်စခန်းတွေပမာ ဝင်ရောက်စီးနင်း၊

စာသင်တိုက်ကြီးတွေကို စစ်ဖိနပ်တွေကြီးတွေ တကားကားနှင့် ဝင်ရောက် မွှေနှောက်ရှာဖွေ၊

ကျောင်းတိုက်ပိုင်၊ စာသင်တိုက်ပိုင် သာသနာပိုင် ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီး၊

ကျောင်းတိုက်တွေကို ပိတ်ပစ်ပြီး ကျောင်းနေသံဃာတော်များကို ကျောင်းတိုက်က အတင်းမောင်းထုတ်၊

ကံဆောင်တော်မူခဲ့ကြတဲ့ နာမယ်ပေါက် ဆရာတော် သံဃာတော်တွေကို ရိုက်နှက်ဖမ်းဆီးပြီး နှစ်ရှည်ထောင်ချ၊

ဘယ်လိုလူမှ မလုပ်ဝံ့မလုပ်ရဲတဲ့ သာသနာဖျက်လုပ်ငန်းတွေကို စစ်အစိုးရအဆက်ဆက် လက်ဆင့်ကမ်းအမွေခံပြီး တောက်လျောက် ဆောက်ရွက်နေတာ ကျူးလွန်နေကြတာ ဖြစ်ပါတယ်။

ကနေ့အထိ အကျဉ်းထောင်တွေထဲမှာ သံဃာတော် ၂၅၆ ပါးကို အကျဉ်းချထားဆဲ ဖြစ်ပါတယ်။

(၅)

အခြားဘာသာတွေအပေါ်မှာရော လွတ်လပ်မှု ဘယ်လောက်ပေးထားပါသလဲ။

အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဌာနက ၂၀၁၀ ခုနှစ် ပထမနှစ်ဝက်အတွက် ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေး လွတ်လပ်မှု အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာ ဘယ်ဘာသာအပေါ်မဆို ဖိနှိပ်မှုတွေ အပြင်းအထန်ရှိနေကြောင်း အတိအကျ ထောက်ပြထားပါတယ်။

အဲဒီအစီရင်ခံစာမှာ မြန်မာ အပါအဝင် နိုင်ငံ ၈ နိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် မရှိဆုံးနိုင်ငံများအဖြစ် နာမည်ပျက်စာရင်း သွင်းထားတာကို တွေ့မြင်နိုင်ပါတယ်။

အဲဒီ အစီရင်ခံစာမှာ တရုတ်၊ ဆော်ဒီအာရေဗျ၊ မြန်မာ၊ မြောက်ကိုရီးယား၊ အီရီထရီးယား၊ အီရန်၊ ဆူဒန် နဲ့ ဥဇဘက်စတန် နိုင်ငံတွေကို ၂၀၀၉ ခုနှစ်ကစပြီး ဘာသာရေး လွတ်လပ်ခွင့်အတွက် ဘာအပြောင်းအလဲမှ မရှိတဲ့၊ အထူးစိုးရိမ်ဖွယ် နိုင်ငံတွေအဖြစ် သတ်မှတ်ဖော်ပြထားတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။

အစိုးရတွေရဲ့ ဘာသာရေး ဖိနှိပ်မှုတွေ၊ အကြမ်းဖက်မှုတွေ၊ တားဆီးချုပ်ချယ်မှုတွေကို အဲဒီအစီရင်ခံစာမှာ အသေးစိတ် တင်ပြထားပါတယ်။ ဘာသာရေး လွတ်လပ်မှုအတွက် ကာကွယ်စောင့်ရှောက်မှုတွေ တိုးမြှင့်ဆောင်ရွက်ပေးကြဖို့ နိုင်ငံတကာအစိုးရတွေကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က တိုက်တွန်း ပြောဆိုလိုက်တာကိုလည်း အားလုံး ကြားလိုက်ကြမှာပါ။

အစီရင်ခံစာမှာ ဘာသာရေးဖိနှိပ်မှုတွေ အလွန်အမင်းရှိနေကြာင်း အတိအကျ ဆိုထားပါပြီ။

ပိုပြီးတိကျသွားအောင် ကျနော်တို့ လက်တွေ့တွေနှင့်လည်း တိုက်ဆိုင်စစ်ဆေးကြည့်ကြရအောင်ပါ။

ခရစ်စယန်ဘာသာဝင်တွေအပေါ် တနင်္ဂနွေဝတ်ပြုဆုတောင်းပွဲတွေ မလုပ်ရ၊ ဘုရားကျောင်းတွေမှာ လူမစုရလို့ အာဏာပိုင် တွေရဲ့တားမြစ်ခံကြရတဲ့ သတင်းတွေ၊

Church (ဘုရားကျောင်း) ဆောက်ခွင့်တင်ပြတာကို ခွင့်မပြုဘဲ သည်းမခံနိုင်လောက်အောင် ဆိုင်းငံ့ခံကြရတဲ့ သတင်းတွေ၊

ဒီလိုအလားတူပဲ အစ္စလမ်ဘာသာဝင်တွေအပေါ် လွတ်လပ်စွာ ခရီးထွက်ခွင့်မပြုဘဲ ပိတ်ပင်တားဆီးထားတဲ့ သတင်းတွေ၊

လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ကို ပိတ်ပင်တားဆီးထားတဲ့ သတင်းတွေ၊

ဗလီဝတ်ကျောင်းဆောက်လုပ်ခွင့် တင်ပြတာကို ခွင့်မပြုဘဲ ဆိုင်းငံ့တာ ပယ်ချတာခံကြရတဲ့ သတင်းတွေ၊
ကျနော်တို့ အမြဲ ကြားနေ မြင်နေရပါတယ်။

ဘာသာရေးအရ ဖိနှိပ်ခံရတယ်ဆိုတာ ဖိနှိပ်ခံရတာတွေထဲမှာ အဆိုးဝါးဆုံး ဖိနှိပ်ခံရမှု ဖြစ်ပါတယ်။ အလွန်အင်မတန် သိမ်မွေ့တဲ့၊ အလွန်အင်မတန် နူးညံ့နက်နဲတဲ့ကိစ္စဖြစ်တဲ့အတွက် အသည်းထဲ စူးနစ်သွားအောင် နာနာကျင်ကျင် ဖြစ်ကြရ စံစားကြရတာပါ။

ကမ္ဘာမကျေ ဖြစ်သွားစေနိုင်တဲ့ အနာအကျင်ကိစ္စတွေ ဖြစ်ပါတယ်။

ဒီလိုကိစ္စတွေဟာ လူတိုင်း ဘာသာတိုင်းက သတိကြီးစွာ ကိုင်တွယ်ဖြေရှင်းကြရတဲ့ အမှုကိစ္စတွေ ဖြစ်ပါတယ်။

သတိနည်းလို့၊ ပေါ့ပေါ့ဆဆလုပ်လိုက်မိလို့ မတော်တဆ အလွဲ ပြုမူမိတယ်ဆိုရင်တောင် ဘာသာသာသနာကိစ္စဆိုတာ အင်မတန် ထိတတ်ရှတတ်တဲ့ ကိစ္စမျိုး ဖြစ်ပါတယ်။

ခု စစ်အစိုးရ အဆက်ဆက်ကတော့ မတော်တဆမှားတာ မဟုတ်ဘဲ ကြံရွယ်ချက်ရှိရှိကို မှားနေ လွဲနေ ကျူးလွန်နေတာပါ။

တခါမက နှစ်ခါမက ဆယ်ခါမက ဘာသာတိုင်းဘာသာတိုင်းအပေါ် ဖိနှိပ်နေ စော်ကားနေတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနက ထုတ်ဝေတဲ့ အစီရင်ခံစာဟာ နည်းတောင်နည်းနေသေးတယ်လို့ ပြောရမလို ဖြစ်နေပါတယ်။

ဘာသာရေးအရ လူမှုရေးအရ ဘယ်လောက် စော်ကားခံနေကြရသလဲဆိုတာကို မြန်မာနိုင်ငံသူ နိုင်ငံသားတိုင်း သိကြပါတယ်။ ဘာသာရေးကိုင်းရှိုင်းသူဖြစ်လေ ပိုပြီးထိခိုက် နာကျင်ရလေ ဖြစ်ပါတယ်။

ဦးသိန်းစိန် အစိုးရဆိုတာ တခြားလူမှ မဟုတ်တာ။

ရွှေဝါရောင်တော်လှန်ရေးကို ရက်ရက်စက်စက် ရိုက်နှက်သတ်ဖြတ်ပြီး ဥပဒေမဲ့စွာ ငရဲမကြောက် အပါယ်မကြောက် ရူးရူးမိုက်မိုက် ဖြိုခွဲခဲ့တဲ့အစိုးရပဲ ဖြစ်တယ်ဆိုတာ ကျနော်တို့ မမေ့ကြသေးပါဘူး။

အကျဉ်းထောင်တွေက၊ သံတိုင်တွေက၊ ထောင်အုတ်ရိုးတွေက၊ ဒေါက်ခြေချင်းတွေက ကျနော်တို့ကို အမြဲ သတိပေးနေကြပါတယ်။ မဂ္ဂင်ကျောင်းတိုက်နှင့် ငွေကြာယံကျောင်းတိုက်တွေကလည်း ကျနော်တို့ကို သတိပေးနေကြပါတယ်။

လေးနှစ်ရှိသွားပြီဆိုပေမယ့် မနေ့တနေ့ကလိုပဲ ကြက်သီးထလောက်အောင် ကျနော်တို့ရဲ့ရင်ထဲမှာ လတ်ဆတ် ပူနွေးနေကြဆဲ ဖြစ်ပါတယ်။

(၆)

ဒီအချက်အလက်တွေကို အသေအချာ လေ့လာသုံးသပ်ပြီးပြီဆိုရင် မေးခွန်းတချို့ မေးခွင့်ပြုပါ။

ဦးသိန်းစိန် အစိုးရကို ဘယ်လိုထင်မြင်ယူဆပါသလဲ။

ကျနော်တို့နိုင်ငံရဲ့ ဘာသာရေးလွတ်လပ်မှု ဒီဂရီ အတိမ်အနက်ကို ဘယ်လို သုံးသပ်မိပါသလဲ။

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ထဲက ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာ ရေးသားထားချက်တွေဟာ လက်တွေ့နှင့် ချိန်ထိုးကြည့်တဲ့အခါ ဘယ်အဆင့်မှာ ရောက်ရှိနေပါသလဲ။

စတာတွေကို ဖြေပြီးပြီဆိုရင် ကျနော်နှင့်အတူ ကျနော်တို့ ဘာဆက်လုပ်ကြမလဲ၊ ဘာတွေလုပ်သင့်သလဲ ဆိုတဲ့မေးခွန်းကို ဆက်ပြီး ဖြေကြည့်ကြတာပေါ့ဗျာ။

အားလုံးကို ကျေးဇူးတင်စွာဖြင့်

ဇွန်မှိုင်း

၂၀၁၁ ခုနှစ် စက်တင်ဘာ ၁၆ ရက်။

No comments:

Post a Comment