Tuesday, September 27, 2011

ကောင်းမွန်တဲ့အပြောင်းအလဲတွေ တကယ်ဖြစ်နေပြီလား

ဆယ်စုနှစ်များစွာ စစ်တပ်ကအုပ်ချုပ်ပြီးနောက်၊ နောက်ဆုံးတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲမှု လက္ခဏာတွေ ရှိလာတယ်။ ဒါပေမယ့် ကာလတာရှည် ဒုက္ခရောက်နေကြတဲ့ပြည်သူတွေကတော့ တကယ့်လွတ်လပ်မှုနဲ့ အလှမ်းဝေးနေ သေးတယ်လို့ ဒီမိုကရေစီကာကွယ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။

ပြင်သစ်သတင်းဌာနနဲ့ သီးသန့် မေးမြန်းခန်းမှာ၊ အစိုးရသစ်ဟာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒအစစ်အမှန် ရှိတာတွေ့ရတယ်လို့ နိုဘယ်ဆုရှင်က အေအက်ဖ်ပီကို ပြောပြတယ်။

“အပြောင်းအလဲတွေ ရှိလာတယ်၊ ဒါပေမယ့် ကျမတို့အားလုံး လွတ်လပ်သွားပြီ၊ ဒါမှမဟုတ် လုံးဝလွတ်လပ်သွားပြီလို့တော့ မထင်သေးပါဘူး။ သွားရမယ့်ခရီးကတော့ လုံးလုံးလျားလျား ရှိနေသေးတယ်။ ဒါပေမယ့် အပြုသဘောဆောင်တဲ့ တိုးတက်ဖြစ်ပေါ်မှုတွေရှိနေပြီလို့ ထင်ပါတယ်” လို့ အတိုက်အခံခေါင်းဆောင်က ရန်ကုန်ရှိ သူ့ပါတီရုံးခန်းမှာ ပြောပြပါတယ်။

“ကျမဟာ သတိရှိတဲ့ အကောင်းမြင်သမားတယောက်ပဲ ဖြစ်နေသေးတယ်လို့ အမြဲပြောပါတယ်။ သမ္မတက အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေလုပ်ချင်တယ်ဆိုတာ ကျမအနေနဲ့ တကယ် ယုံကြည်ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ ဒါတွေကို အောင်မြင်အောင် ဘယ်လောက်လုပ်နိုင်မလဲဆိုတာကတော့ ကျမတို့ မေးမြန်းဖို့လိုနေသေးတဲ့ မေးခွန်းပါ”

သံလက်သီး စစ်ဖက်အုပ်ချုပ်မှု၊ ရာစုနှစ်ဝက်နီးပါးကာလကြာပြီးတဲ့နောက် စစ်အစိုးရက သမ္မတ ဦးသိန်းစိန် အစိုးရသစ်ကို အာဏာလွှဲပေးခဲ့ပါတယ်။ ဦးသိန်းစိန်ကတော့ ယမန်နှစ်က ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ယူနီဖောင်း ချွတ်ခဲ့တဲ့ ဗိုလ်ချုပ်ဟောင်းတွေထဲက တဦးပါ။

၂၀၁၀ ရွေးကောက်ပွဲဆိုတာ
စစ်တပ်ရဲ့ နိုင်ငံရေးကိုယ်စားလှယ်တွေ အနိုင်ရတဲ့ နိုဝင်ဘာရွေးကောက်ပွဲကတော့ ဒေါ်အောင်ဆန်းစုကြည် မပါဝင်စေဘဲ ကျင်းပသွားပြီး မဲမသမာမှုတွေနဲ့ပတ်သက်လို့ မကျေနပ်သံတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ခဲ့ကာ ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ပါတယ်။ ရွေးကောက်ပွဲကျင်းပပြီး ရက်အနည်းငယ်အကြာမှာမှ ဒေါ်အောင်ဆန်းစုကြည်ကို ၇ နှစ်ကြာ နေအိမ် အကျယ်ချုပ်ကနေ စစ်အစိုးရက လွှတ်ပေးခဲ့တာပါ။

သို့သော်လည်း မကြာသေးမီရက်သတ္တပတ်တွေက အစိုးရသစ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အစိုးရအပေါ်ဝေဖန်သူများကို လက်ကမ်းတဲ့ လက္ခဏာတွေပြသလာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပေမယ့် နိုင်ငံတော်အာဏာကို ယူခွင့်မပေးခဲ့ပါဘူး။

မကြာသေးခင်အထိတော့ အချို့စဉ်းစားနိုင်စရာ ဖြစ်ရပ်တခုကတော့ ဒေါ်အောင်ဆန်းစုကြည်က နေပြည်တော် သမ္မတ အိမ်တော်မှာ သမ္မတဦးသိန်းစိန်နဲ့တွေ့ဆုံခဲ့ပြီး၊ လွတ်လပ်ရေးသူရဲကောင်း သူ့ဖခင်ရဲ့ဓာတ်ပုံအောက်မှာ ဓာတ်ပုံ အတူတွဲရိုက်ခဲ့ကြတာပါ။

အစိုးရသစ်နဲ့ ဆွေးနွေးမှုအသေးစိတ်ကို ထုတ်ဖော်ပြောကြားခြင်းမပြုပေမယ့် သဘောတူတဲ့ နယ်ပယ်တွေကို နှစ်ဖက် ရှာဖွေနိုင်ခဲ့ကြောင်း သူက ပြောတယ်။ “တိုင်းပြည်အတွက် ကျမတို့ မြင်တွေ့လိုတာတွေနဲ့ပတ်သက်ပြီး အမြင်တူညီမှု အတော်များများ ရှိတာကတော့ အသေအချာပါပဲ”
လူထုအုံကြွတော်လှန်မှု အပေါ်အမြင်
ဖိနှိပ်မှုကိုရင်ဆိုင်ရာမှာ ငြိမ်းချမ်းတဲ့ ခုခံဆန့်ကျင်နေမှုနဲ့ပတ်သက်ပြီး သူ့ရဲ့ အကြမ်းမဖက်ရေးမူဝါဒကို အိန္ဒိယ လွတ်လပ်ရေးသူရဲကောင်း မဟတ္တမဂန္ဒီနဲ့နှိုင်းယှဉ်ပြီး နိုင်ငံတကာက ပြောဆိုကြပါတယ်။ သူက မြန်မာနိုင်ငံမှာ လစ်ဗျားမှာ မြင်တွေ့ရတဲ့ လူထုအုံကြွတော်လှန်မှုမျိုးမဖြစ်စေချင်ဘူးလို့ သူက ပြောတယ်။

“လစ်ဗျားနိုင်ငံရဲ့ ဒုက္ခသုက္ခတွေဟာ ကာလအတော်ကြာ ဖြစ်ပျက်နေဦးမယ်ဆိုတာ လူတိုင်းသိကြပါတယ်။ အစိုးရဟောင်းကလူတွေကို တယောက်မကျန် ရှင်းလင်းပစ်ပြီး အစိုးရသစ်ထူထောင်နိုင်တယ်ဆိုရင်တောင်မှ ပြဿနာ တွေက အများကြီးရှိနေပါတယ်။ နာကျည်း ခါးသည်းမှုတွေ ကျန်နေဦးမှာပါ။ ဒဏ်ရာဒဏ်ချက်တွေကို ပျောက်ကင်းအောင် ကုသဖို့ဆိုတာ အချိန်အကြာကြီးယူရမှာပါ” လို့ သူက ပြောတယ်။

အာရပ်ပုံစံ လူထုအုံကြွမှုမျိုးကတော့ ဒီတိုင်းပြည်ရဲ့ပြဿနာတွေအတွက် အဖြေတော့မဟုတ်ဘူးလို့လည်း သူက ပြောတယ်။
စကားပြောငြင်သာပြီး ခင်မင်နှစ်လိုဖွယ်ရာကောင်းတဲ့ အစိုးရကိုဝေဖန်တဲ့ ဒီပုဂ္ဂိုလ်ဟာ အသက် ၆၆ နှစ်ရှိပြီဖြစ်ပါတယ်။ သူဟာ ဒီအသက်အရွယ်နဲ့ အစိုးရလက်ထဲမှာ ကာလကြာရှည်ထိန်းသိမ်းခံထားရပေမယ့် ဒါတွေက သူ့ရဲ့ ထက်မြက်တဲ့ အသိဉာဏ်နဲ့ အနိုင်မခံတဲ့ စိတ်ဓာတ်ကို မှေးမှိန်လျှော့ပါးအောင် မလုပ်နိုင်ခဲ့ပါဘူး။

“စစ်မှန်တဲ့တော်လှန်ရေးတရပ် အောင်မြင်ပြီးမြောက်ဖို့ဆိုတာ အချိန်ကြာပါတယ်။ ကျမတို့လိုချင်တဲ့ အပြောင်းအလဲမျိုး ဖြစ်လာဖို့ဆိုတာကလည်း အချိန်ယူရမှာပါပဲ။ ပြီးတော့ ကျမက အပြောင်းအလဲတွေဖြစ်လာဖို့ ငြိမ်းချမ်းတဲ့နည်းလမ်းတွေ၊ စေ့စပ်ဆွေးနွေးမှုတွေနဲ့ လုပ်နိုင်တာကိုပဲ ပိုပြီးသဘောကျပါတယ်။”

၁၉၈၈ ခုနှစ်နဲ့ ၂၀၀၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ အုံကြွလှုပ်ရှားမှုတွေကို စစ်အစိုးရက ရက်ရက်စက်စက် ချေမှုန်းခဲ့ပါတယ်။ စစ်အစိုးရက တုံ့ပြန်ရာမှာ သူ့ရဲ့ခက်ထန်တင်းမာတဲ့ သဘောထား၊ ပျော့ပြောင်းလာတဲ့ လက္ခဏာကို မပြသခဲ့ပါဘူး။ နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိတဲ့ အာဏာရှင်တိုင်းပြည်မှာ ကန့်ကွက် ဆန္ဒပြမှုတွေကတော့ ရှားရှားပါးပါးဖြစ်နေဆဲပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီက လွန်ခဲ့တဲ့အနှစ် ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပတဲ့ ယမန်နှစ်က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပါတယ်။ တစိတ်တပိုင်းအားဖြင့်ပြောရင်တော့ အကျဉ်းကျနေတဲ့ ပါတီဝင်တွေကို ပါတီကနေ အဓမ္မထုတ်ပယ်ခိုင်းတဲ့ စည်းမျဉ်းတွေကြောင့် ဖြစ်ပါတယ်။ ရလာဒ်ကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို နိုင်ငံရေးပါတီအဖြစ်ကနေ စစ်အစိုးရက ပယ်ဖျက်လိုက်ခြင်းပါပဲ။ ဇွန်လက ပါတီရဲ့လှုပ်ရှားမှုတွေဟာ တရားဥပဒေနဲ့ မကိုက်ညီတဲ့အတွက် ရပ်ဆိုင်းဖို့ စစ်အစိုးက သတိပေးခဲ့ပါတယ်။

အာဏာပိုင်တွေက အတိုက်အခံတွေနဲ့ ဆက်ဆံဖို့လုပ်လာတဲ့ နောက်ထပ်လက္ခဏာတခုအနေနဲ့ အကျဉ်းသားတွေကို နိုင်ငံရေး ပါတီဝင် မဖြစ်စေဖို့ထုတ်ပြန်ထားတဲ့ အငြင်းပွားဖွယ် ဥပဒေတွေကို ပြန်လည်ပြင်ဆင်နိုင်စရာရှိပါတယ်လို့ သမ္မတ အကြံပေးအဖွဲ့ခေါင်းဆောင်တဦးက ပြင်သစ်သတင်းဌာနကို ပြောပါတယ်။ “ဒီ ဥပဒေက အရင် စစ်အစိုးရပြဌာန်းခဲ့တာပါ။ ဒီဥပဒေကို အခုလွှတ်တော်က ပြင်ဆင်ဖို့ စဉ်းစားနေပါတယ်” လို့ သမ္မတ အကြံပေး ခေါင်းဆောင်ဖြစ်တဲ့ ကိုကိုလှိုင်က ပြောတာပါ။

ပြည်သူလူထုဆန္ဒအရ ၂၀၁၅ ခုနှစ်မှာ နိုင်ငံတော်သမ္မတလုပ်ဖို့ မျှော်လင့်ပြင်ဆင်မှု
၂၀၁၅ ခုနှစ်မှာ ကျင်းပမယ့် နောက်တကြိမ်ရွေးကောက်ပွဲမှာ သူ့ပါတီအနေနဲ့ ပြန်ပြီးမှတ်ပုံတင်ဖို့ လုပ်မှာလားလို့မေးတော့ ဒါက ပြောဖို့သိတ်စောလွန်းပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဖြေပါတယ် ။ ဒါပေမယ့် သူ့ရဲ့နိုင်ငံရေး ရည်မှန်းချက် ဆန္ဒနဲ့ပတ်သက်ရင် အမြဲနှိမ့်နှိမ့်ချချပြောဆိုတတ်တဲ့ ဒီမိုကရေစီ စံပြပုဂ္ဂိုလ်က တကယ်လို့သာ ပြည်သူလူထုက ဆန္ဒရှိရင် တိုင်းပြည်ကို ခေါင်းဆောင်ဖို့ အဆင့်သင့်ရှိတယ်ဆိုတာကိုတော့ အရိပ်အမြွက်ပြောခဲ့ပါတယ်။
“သမ္မတလိုမျိုးဖြစ်လာဖို့အတွက်ဆိုပြီး ကျမရဲ့နိုင်ငံရေးအခန်းကဏ္ဍနဲ့ပတ်သက်လို့ မစဉ်းစားခဲ့ပါဘူး။ ဒါပေမယ့် ဒီကိစ္စတွေက ပြည်သူလူထုကသာ ဆုံးဖြတ်ရမယ်လို့ ယုံကြည်ပါတယ်။ ပုဂ္ဂိုလ်တဦးတယောက် သို့မဟုတ် သူတို့ နိုင်ငံရေးပါတီ အဖွဲ့အစည်းတွေကတောင် ဆုံးဖြတ်ရမှာမဟုတ်ပါဘူး” လို့ ပြောတယ်။

ဒါပေမယ့် ပြည်သူတွေက လိုလားတယ်ဆိုရင် သမ္မတတယောက်ဖြစ်လာဖို့ အသင့်ရှိတယ်ဆိုတဲ့သဘောလားလို့ မေးတော့ “အင်းလေ၊ မလွှဲမရှောင်သာဖြစ်လာလို့၊ ဒါကို လုပ်ဖို့ မပြင်ဆင်ထားဘူးဆိုရင်တော့ အစကတည်းကိုက နိုင်ငံရေး မလုပ်သင့်ဘူးပေါ့”

အပေါ်ယံအပြောင်းအလဲ လက္ခဏာအချို့
ဒေါ်အောင်ဆန်းစုကြည်လွတ်လာပြီး ပထမဦးဆုံးအကြိမ်အဖြစ် လွန်ခဲ့တဲ့လက နိုင်ငံရေးခရီးစဉ်တခုအဖြစ် ရန်ကုန်မြို့ ပြင်ပထွက်ခဲ့တာကို အာဏာပိုင်တွေက ခွင့်ပြုခဲ့ပါတယ်။ ဒီခရီးစဉ်အတွင်း ထောက်ခံသူလူအုပ်ကြီးက သူမကို ကြိုဆိုခဲ့ကြပါတယ်။ ဒါဟာ သူမရဲ့ လူကြိုက်များမှု ခိုင်ခိုင်မာမာရှိနေသေးတယ်ဆိုတာကို သတိပေးလိုက်တဲ့ခရီးစဉ်လည်း ဖြစ်ပါတယ်။

ပိုပြီးဖွင့်ဟပေးလာတဲ့ လက္ခဏာတရပ်အနေနဲ့ အစိုးရအရာရှိကြီးတွေအပြင် အတိုက်အခံတွေနဲ့ တွေ့ဆုံစကားပြောဖို့ နိုင်ငံခြား အထက်တန်းအရာရှိပုဂ္ဂိုလ်တွေကို အစိုးရသစ်က တဖြည်းဖြည်းဖိတ်ကြားလာခဲ့ပါတယ်။ လွန်ခဲ့တဲ့အပတ်က ပြင်သစ်သတင်းထောက်တယောက် အပါအဝင် နိုင်ငံခြားသတင်းထောက်အဖွဲ့ငယ်တဖွဲ့ကိုလည်း မြန်မာနိုင်ငံနဲ့ သူတို့ရဲ့ပေါ်ကာစ လွှတ်တော်သစ်ကို လာရောက်လေ့လာခွင့်ပြုခဲ့တယ်။

ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲမှုတွေမရှိသေးဘူး
သိသာတဲ့ အပြောင်းအလဲလက္ခဏာတွေကို မြင်တွေ့ရပေမယ့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ကိစ္စလို ပိုပြီး အခိုင်အမာဖြစ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ မရှိတဲ့အတွက် အစိုးရရဲ့ကြံရွယ်ချက်တွေအပေါ် သံသယများစွာ ရှိနေကြဆဲပါပဲ။

အစိုးရသစ်အောက်မှာ တိုးတက်မှုလက္ခဏာတွေကို တွေ့မြင်ရပေမယ့် အရေးကြီးတဲ့ စိုးရိမ်စရာ အခြေအနေတွေ ကျန်ရှိ နေသေးတယ်လို့ပြောပြီး မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်စုံစမ်းစစ်ဆေးပေးဖို့ လွန်ခဲ့တဲလက လာရောက်ခဲ့တဲ ကုလသမဂ္ဂသံတမန် တောမတ်စ် အိုဂျေကွင်တာနာ က တောင်းဆိုခဲ့ပါတယ်။ သူက စစ်တပ်က အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ၊ ဥပဒေမဲ့ သတ်ဖြတ်မှုတွေ၊ မဓမ္မပြုကျင့်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ ကလေးစစ်သားကောက်ခံမှုတွေနဲ့ အဓမ္မလုပ်အားခိုင်းစေမှုတွေ အပါအဝင် တိုင်းရင်းသားတွေနဲ့ ပဋိပက္ခဖြစ်နေတဲ့ အခြေအနေတွေဟာ စိုးရိမ်စရာကောင်းကြောင်း ပြောကြားခဲ့တယ်။

ယမန်နှစ်က မြန်မာနိုင်ငံကို လာတဲ့စောစောပိုင်း ခရီးစဉ်တခုမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်မှုများကနေ လူသားဆန့်ကျင်ရေး ပြစ်မှုများအထိ မြင့်မားလာနိုင်တဲ့အတွက် ကုသမဂ္ဂ စုံစမ်းစစ်ဆေးရေးအဖွဲ့ လွှတ်ဖို့ အကြံပြုချက်အပေါ် မြန်မာဗိုလ်ချုပ်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံမှာလို ဖြေရှင်းနိုင်တဲ့ အခြေအနေမျိုးလား
၁၉၉၀ ခုနှစ်တွေက အသားရောင်ခွဲခြားမှုဝါဒကို ဖျက်သိမ်းပြီးနောက် တောင်အာဖရိကမှာ ဖွဲ့စည်းဆောင်ရွက်ခဲ့တဲ့ အဖြစ်မှန်ဖော်ထုတ်ရေး၊ ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်နဲ့အညီ ကုလသမဂ္ဂ အချက်အလက်ရှာဖွေ စစ်ဆေးတဲ့ အဖွဲ့မျိုးက သူ့ရဲ့ အတိဒုက္ခရောက်နေတဲ့ တိုင်းပြည်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ရာမှာ ကူညီနိုင်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောတယ်။

“အနာဂတ်မှာ သဟဇာတဖြစ်မှုနဲ့ ခွင့်လွှတ်မှုအတွက် အခိုင်အမာ အချက်အလက်တွေတည်ဆောက်ဖို့ လိုအပ်ပါတယ်။ ဒီအဖွဲ့ဟာ ခုံရုံးတခုလည်း မဟုတ်ဘူး။ လက်စားချေတာမျိုး လုပ်စရာလည်း မရှိပါဘူး ” လို့ သူက ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

မှတ်ချက်။ ။ ခေါင်းစဉ်ငယ်များမှာ ဘာသာပြန်သူ၏ ဖြည့်စွက်ချက်သာ ဖြစ်ပါသည်။ 

(AFP သတင်းထောက် Daniel Rook – September 18,2011 နေ့က ရေးသားသော ”Bottom of FormAung San Suu Kyi sees ‘positive’ change in Myanmar” ခေါင်းစဉ်ပါ သတင်းဆောင်းပါးကို ဘာသာပြန်ပါသည်။)

No comments:

Post a Comment