Tuesday, September 27, 2011

ပြောင်းလဲလာတဲ့ မြန်မာပြည်အခြေအနေနဲ့ လူ့ဘောင်သစ်အမြင်


aungmoezaw_dpns

"တိုင်းပြည်မှာရှိတဲ့ နိုင်ငံရေးဝန်းကျင်က အားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ကိုယ့်တိုင်းပြည်ရဲ့ ကိစ္စအဝဝကို လုပ်ဆောင်နိုင်တဲ့ အခြေအနေလမ်းစပွင့်တယ်ဆိုလို့ရှိရင် ကျနော်တို့လည်း အခုနလို နိုင်ငံရေးပါတီတခုအနေနဲ့ ဗမာပြည်ထဲမှာ ရပ်တည်သင့်ရင် ရပ်တည်ရမှာပဲ ဖြစ်ပါတယ်။ 
ဒါပေမယ့် အဲဒီလို အခြေအနေမျိုးတွေက ကနေ့ကာလမှာ ရှိပြီဆိုတဲ့ လက္ခဏာကို ကျနော်တို့ အခုအချိန်အထိ မတွေ့ရသေးဘူး ဖြစ်တယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးမှာတော့ ကျနော်တို့ လုပ်ရမယ့် ပုံမှန်အလုပ်တွေကိုပဲ ဆက်ပြီးတော့ လုပ်ရမှာဖြစ်ပါတယ် ..."

မြန်မာပြည်အတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားတွေနဲ့ ပတ်သက်ပြီး ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်ကို VOA မှ ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်း ဆွေးနွေး သုံးသပ် တင်ပြထားပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ ဗမာပြည်ထဲမှာဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း အပြောင်းအလဲဘက်ကို ဦးတည်တဲ့ အစရဲ့အစ သဘောမျိုး သူမြင်နေရပြီ လို့ ပြောတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကိုအောင်မိုးဇော် အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဦးအောင်မိုးဇော် ။ ။ အဲဒီအမြင်နဲ့ ပတ်သက်လို့ ကျနော်အနေနဲ့တော့ သဘောတူတယ်လို့ ပြောချင်တယ်။ ဒါကတချက်ပေါ့။ နောက်တခုက ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောတယ်။ သမ္မတ ကိုယ်တိုင် ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့တယ် ဆိုတော့ အဲဒီအခြေ အနေတွေက အခုနလိုပေါ့။ နောက်တခုက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကာယကံရှင်ဖြစ်တယ်။ သူကိုယ်နှိုက်က သမ္မတနဲ့ စကားပြောတာဖြစ်တယ်။ သူကိုယ်၌က ပြောတဲ့စကားအပေါ်မှာ ကျနော်တို့ အလေးအနက်ထားသင့်တယ်လို့ ကျနော်တို့ထင်တယ်။ ကျနော်တို့ ယုံကြည်မှုပေးသင့်တယ်။ ယုံကြည်ရလိမ့်မယ်လို့ အဲဒီလို ယူဆတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီလိုတွေ့တယ်ဆိုတာက လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ် ပတ်ဝန်းကျင်လောက် တုန်းက ဆိုရင် လည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် စစ်ဖက်ခေါင်းဆောင်ပိုင်းနဲ့ ဒီလို လူသိရှင်ကြား မကြေညာဘဲနဲ့ တွေ့ခဲ့တာတွေ ရှိတယ်။ အဲဒါတွေက နောက်မှ စစ်အစိုးရက ဓာတ်ပုံတွေနဲ့ ထုတ်ပြန်လာတဲ့အခါကျတော့မှ ကျနော်တို့က သိရတယ်။ အဲဒီအချိန်တုန်းကလည်း ဒီလိုမျိုးတွေ တွေ့ဆုံမှုတွေ ရှိခဲ့သေးတယ်ဆိုတော့ အဲဒီအချိန်က တွေ့ဆုံမှုနဲ့ အခုတွေ့ဆုံမှု ဘာတွေများ ကွာခြားမှုရှိပါသလဲ။

ဦးအောင်မိုးဇော် ။ ။ ကျနော်လည်း အခုန ကိုသန်းလွင်ထွန်း ထောက်ပြတဲ့ကိစ္စကို မကြာခဏပြောလေ့ ရှိပါတယ်။ နအဖ၊ အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေကို ကိုယ့်ဆွေးနွေးဖော် ဆွေးနွေးဖက်တွေကို နောက်ကျောက ခဏခဏ ဓားနဲ့ ထိုးတတ်တဲ့ လူတွေလို့ ကျနော် ခဏခဏ ပြောတတ်ပါတယ်။ ဒါပေမယ်လို့ အဲဒီ အခြေအနေတုန်းက နှစ်ဦး တွေ့တယ်။ နှစ်ဦး သဘောတူ ထုတ်ပြန်ကြေညာချက်တွေ လုပ်တာမျိုးရှိခဲ့တဲ့ အနေအထားမျိုး မရှိခဲ့ဘူး။ အခု ဥပမာ ဗိုလ်ချုပ်အောင်ကြည်နဲ့ တွေ့တယ်။ နှစ်ခေါက် တွေ့တယ်။ နှစ်ခါစလုံး သတင်းထောက်တွေကို စကားပြောတယ်။ နောက် ဒုတိယတခါမှာ ထုတ်ပြန်ကြေညာချက်တွေ ဘာတွေတောင် လုပ်တယ်။ အဲဒါပြီးမှ သမ္မတနဲ့ တွေ့တယ်။ ဆိုတဲ့အခါကျတော့ တွေ့ပြီးတဲ့အခါမှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်၌က အခုနလို တစုံတရာအပြုသဘော ဒီကိစ္စအပေါ်မှာမြင်တဲ့ အခြေအနေရှိတယ်။ ဒါတွေက အခုနလို ကွာခြားမှုတွေ ဖြစ်တယ်လို့ ကျနော်အနေနဲ့ အဲဒီလို ယူဆပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အခုလက်ရှိ တွေ့ဆုံခဲ့တဲ့ အကြောင်းအရာတွေ၊ ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ထုတ်ပြန်ကြေညာချက်တွေကနေလွဲလို့ အတူတကွ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း ထုတ်ပြန် ကြေညာချက်တွေကလွဲလို့ အသေးစိတ် တစုံတရာ ပြောခဲ့တာ မရှိသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ထုတ်ပြောစရာအကြောင်း မရှိသေးလို့ အချိန်မသင့်သေးလို့ မထုတ်ပြောသေးဘူးလို့ ဆိုတယ်လေ။ အဲဒီတော့ အပြင်ဖက်မှာရှိနေတဲ့ လူ့ဘောင်သစ်ပါတီတို့၊ ကိုအောင်မိုးဇော် တို့အနေနဲ့က ဘာတွေများ ခန့်မှန်းထားတာတွေ ရှိပါသလဲ။ ဘယ်လို ဘယ်ဘက်ကို ဦးတည်နေသလဲလို့ ထင်ပါသလဲ။

ဦးအောင်မိုးဇော် ။ ။ အခြေအနေက အခုနလို ပြောဖို့တော့ အတော်ခက်တယ်။ အကောင်းဖက်ကိုလည်း ဦးတည်သွားနိုင် တာဘဲ။ နောက် ကိုလည်း ပြန်လှည့်သွားနိုင်တယ်။ အဆိုးလည်း ဖြစ်သွားနိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်တို့ အနေနဲ့ ကတော့ ကောင်း တာကို မြင်ချင် တယ်။ အကောင်းကိုပဲ မျှော်လင့်ချင်ပါတယ်။ တပြိုင်နက်တည်းမှာ ဆိုးတာတွေအတွက် တစုံတရာ ပြင်ဆင်မှုရှိရလိမ့်မယ်လို့၊ သတိရှိ ရမယ်လို့တော့ ထင်ပါတယ်။ တပြိုင်နက်တည်းမှာ ကျနော်တို့ပါတီ အပါအဝင် နိုင်ငံရေးအင်အားစုအသီးသီးအနေနဲ့ မြင်သင့်တယ်လို့ ကျနော်ထင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဖြစ်တယ်။ အဲဒီအတွက် ကနေ့ တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်လို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ပတ်သက်လို့ သူ ကြိုးစားဆောင်ရွက်နေတဲ့ကိစ္စတွေကို ကျနော်တို့ လေးနက်မှု ရှိရလိမ့်မယ်။ ဒီအပေါ်မှာ ကျနော်တို့ ယုံကြည်မှု ရှိရလိမ့်မယ်လို့ ကျနော့်အနေနဲ့တော့ အဲဒီလို ပြောချင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းသတင်းစာတစောင်နဲ့ တွေ့ဆုံခန်းမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပါတီရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ပြောထားတာ တွေ့ရပါတယ်။ ဥပမာအားဖြင့် ဒီ နိုင်ငံရေးမှာပါတီရဲ့ အခန်းကဏ္ဍ၊ ပါတီ ရပ် တည်ရေးဟာ အရေးကြီးတယ်။ ပါတီတည်တန့် ခိုင်မြဲရေးဟာ အရေးကြီးတယ်ဆိုတဲ့ စကားမျိုး ပြောလာတယ်။ ဆိုတော့ ဒေါ်အောင် ဆန်းစုကြည် အနေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပါတီတရပ်အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်ပြီးတော့ လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို ဦးတည်နေတယ်လို့ ဆိုတဲ့ သဘောမျိုးကို မြင်နိုင်ပါသလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်တော့ အဲဒီလို မမြင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ဆောင်ရွက်နေတဲ့ ကိစ္စတွေဟာ ၂၀၁၅ ခုနှစ်မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ဦးတည်ပြီးတော့ ဆောင်ရွက်နေတယ်လို့ မယူဆပါဘူး။ ကျနော်အနေနဲ့ ယူဆတာကတော့ ကနေ့ တိုင်းပြည်အတွင်းမှာ ရှိတဲ့အခြေအနေတွေကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးဖက်ကို ဦးတည်သွားအောင်လို့ ဒါကတချက်။ ဒုတိယ တချက်ကတော့ ကျနော်တို့ တိုင်းရင်းသား ညီအကိုမောင်နှမအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ဒီမိုကရေစီရေး လမ်းကြောင်းပေါ်ကို ရောက်သွားအောင်လို့ဆိုတဲ့ မျှော်မှန်းချက်၊ မျှော်လင့်ချက်နဲ့ ဒီကိစ္စကို ဆောင်ရွက်နေတယ်လို့ ယူဆပါ တယ်။ ရွေးကောက်ပွဲတခုတည်းကို ဦးတည်ပြီးတော့ ဆောင်ရွက်နေတယ်လို့ ကျနော်အနေနဲ့ အဲဒီလို မယူဆဘူး။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဒါက တဘက်က ဒီမိုကရေစီဆောင်ရွက်နေတဲ့ဘက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်တွေရဲ့ ကဏ္ဍကို ပြောတာပေါ့။ တဘက်က မြန်မာအစိုးရအနေနဲ့ကရော။ မြန်မာအစိုးရအနေနဲ့က အခုလက်ရှိ လုပ်ဆောင်လာတဲ့ ကမ်းလှမ်းမှုတွေ၊ အပြောင်းအလဲတွေ၊ တွေ့ဆုံဆွေးနွေးမှုတွေဟာ ရုတ်ချည်း ဂငယ်ကွေ့ ပြောင်းလဲလာတာလား။ အစီအစဉ်တကျ သူတို့အနေနဲ့ စီစဉ်ထားတဲ့ အစီအစဉ်အတိုင်း တစတစ ပြောင်းလဲလာနေတာလို့ ယူဆပါသလား။

ဦးအောင်မိုးဇော် ။ ။ ကျနော် ထင်တာကတော့ နှစ်ခုစလုံး တွေးလို့ရတယ်လို့ ထင်ပါတယ်။ တဖက်ကနေ အခုနလို့ သူတို့မှာ plan A, B, C ရှိကောင်း ရှိနိုင်ပါတယ်။ ကျိန်းသေတာကတော့ သူတို့ ၂၀၀၈ ဖွဲ့စည်းပုံအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ရပ်တည်မယ်။ အတိုက်အခံမှန်သမျှကို ဖယ်ချင်တယ့် သဘောထားတော့ ရှိခဲ့ပုံ ရပါတယ်။ ဒါကြောင့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားမဝင်တော့ဘူးလို့ ကြေညာတာမျိုးတွေ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့မှာ လက်တွေ့အခြေအနေက အဲဒီလိုလုပ်ဖို့အတွက်မှာ သူတို့မှာ အခက်အခဲ ရှိနိုင်ပါတယ်။ ဆိုတော့ ကျိန်းသေတာကတော့ ကနေ့ စစ်အစိုးရထဲမှာလည်း တိုင်းပြည်က ဒီလိုအခြေအနေနဲ့ ဆက်သွားလို့ မရနိုင်တော့ဘူး။ တခုခုတော့ အပြောင်းအလဲလုပ်ဖို့ လိုမယ်။ တိုင်းရင်းသားအင်အားစုတွေ၊ ဒီမိုကရေစီအင်အားစုတွေနဲ့ တခုခု ညှိနှိုင်းဖို့ လိုလိမ့်မယ်လို့ ယူဆတဲ့ အယူအဆရှိတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါကြောင့်မို့လည်း သူတို့ပြောင်းရတာ ဖြစ်ပါလိမ့်မယ်။ ကျိန်းသေတာကတော့ သူတို့ ရွေးကောက်ပွဲပြီးသွားတယ်။ သူတို့ constitution ပြီးသွားတယ်။ သို့သော်လည်း သူတို့မှာ ရှိနေတဲ့ legitimacy နဲ့ ပတ်သက်တဲ့ အခက်အခဲက ဆက်ပြီးရှိမြဲရှိနေတယ်။ သူတို့မှာ ရှိနေတဲ့ စီးပွားရေးနဲ့ ပတ်သက်တဲ့ အခက်အခဲက ရှိမြဲရှိနေတယ်။ သူတို့မှာ ရှိနေတဲ့ နိုင်ငံရေးပတ်သက်တဲ့ အခက်အခဲကလည်း ဆက်ရှိမြဲရှိနေတာပဲ။ အဲဒီတော့ သူတို့ တခုခုတော့ အပြောင်းအလဲ လုပ်ဖို့ လိုအပ်တယ်ဆိုတာ သူတို့ကိုယ်တိုင် သဘောပေါက်ကောင်း ပေါက်နိုင်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီ အပြောင်းအလဲတွေကြားထဲမှာ ထူးခြားတဲ့ ပြည်ပမှာရှိနေတဲ့ လူတွေအပေါ်ကို ရိုက်ခတ်တဲ့ အပြောင်းအလဲ တခုပေါ့။ အဲဒါကတော့ ပြည်ပမှာ ရှိနေတဲ့လူတွေ ပြန်လာချင်ရင် ပြန်လာနိုင်ပါတယ်ဆိုတဲ့ ဖိတ်ခေါ်မှုမျိုး။ အဲဒါက ပြည်ပမှာရှိတဲ့ ဦးအောင်မိုးဇော် တို့ နိုင်ငံရေးလှုပ်ရှားသူတွေကြားထဲမှာ ဘယ်လောက်အထိ ရိုက်ခတ်မှု ဖြစ်သွားသလဲ။

ဦးအောင်မိုးဇော် ။ ။ အခုအချိန်အထိတော့ ထူးထူးခြားခြားတော့ မတွေ့ရသေးဘူး။ မနေ့တနေ့က ဦးပီတာလင်းပင် ပြန်သွားတယ်လို့ ကျနော်တို့ သိရတယ်။ နောက်တခုက ဦးစိန်ကျော်လှိုင်တို့ ပြန်သွားတယ်လို့ ကြားရတယ်။ ဒီလောက်ပဲ ကြားရတယ်။ ထူးထူးခြားခြားကြီးတော့ ကျနော်တို့ဘက်မှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးလုပ်နေတဲ့ ပုဂ္ဂိုလ်တွေပေါ်မှာတော့ ထူးထူးခြားခြား ရိုက်ခတ်မှုမရှိဘူးလို့ ကျနော်တော့ ယူဆတယ်။ ဖိတ်ခေါ်ပုံ ဖိတ်ခေါ်နည်းကလည်း သိပ်ပြီးတော့ ယေဘုယျကျတာဆိုတဲ့အခါကြတော့ သိပ်ပြီးတော့ ထူးထူးခြားခြား ရိုက်ခတ်မှုမရှိဘူးလို့ မြင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ဒီနေရာမှာ ဖိတ်ခေါ်ပုံ ဖိတ်ခေါ်နည်းက လူတဦးချင်းစီအနေနဲ့ ဖြစ်နေတာကို။ တကယ်လို့များ လူ့ဘောင်သစ်ပါတီအနေနဲ့ တချိန်တုန်းကဆိုလည်း မြန်မာပြည်မှာ ဒုတိယ အင်အားအကြီးဆုံးပါတီတခုအနေနဲ့ ရှိခဲ့တယ်ဆိုတော့ လူ့ဘောင်သစ်ပါတီအနေနဲ့ ဗမာပြည်ထဲမှာဝင်ပြီး မှတ်ပုံတင်ခွင့်ရခဲ့လို့ရှိရင် ဗမာပြည်ထဲမှာ ပါတီတရပ်အနေနဲ့ လှုပ်ရှားခွင့်ရခဲ့တယ်ဆိုရင်ရော။

ဦးအောင်မိုးဇော် ။ ။ ကျိန်းသေတာကာတော့ တိုင်းပြည်ထဲမှာရှိတဲ့ နိုင်ငံရေးဝန်းကျင်ကို ကြည့်ရပါလိမ့်မယ်။ တိုင်းပြည်မှာ ရှိတဲ့ နိုင်ငံရေးဝန်းကျင်က အားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ကိုယ့်တိုင်းပြည်ရဲ့ ကိစ္စအဝဝကို လုပ်ဆောင်နိုင်တဲ့ အခြေအနေလမ်းစပွင့်တယ်ဆိုလို့ရှိရင် ကျနော်တို့လည်း အခုနလို နိုင်ငံရေးပါတီတခုအနေနဲ့ ဗမာပြည်ထဲမှာ ရပ်တည်သင့်ရင် ရပ်တည်ရမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီလို အခြေအနေမျိုးတွေက ကနေ့ကာလမှာ ရှိပြီဆိုတဲ့ လက္ခဏာကို ကျနော်တို့ အခုအချိန်အထိ မတွေ့ရသေးဘူး ဖြစ်တယ်။ ဆိုတော့ အဲဒီလို အခြေအနေမျိုးမှာတော့ ကျနော်တို့ လုပ်ရမယ့် ပုံမှန်အလုပ်တွေကိုပဲ ဆက်ပြီးတော့ လုပ်ရမှာဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်တွင်းက အခြေအနေတွေကို ပြန်ပြောမယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်တာဗျူးတွေ ကို လေ့လာရသလောက်တော့ ပြည်တွင်းမှာလုပ်နိုင်တဲ့ အနေအထားတွေ၊ လှုပ်ရှားနိုင်တဲ့ အနေအထားတွေဟာ အတိုင်းအတာတခုအထိသာ ရှိနေမယ်ဆိုတာကို သူ့အနေနဲ့ သဘောပေါက်ထားတယ်။ ဆိုတော့ ပြည်တွင်းမှာ လမ်းမထွက် ဆန္ဒပြလှုပ်ရှားမှုမျိုးတွေနဲ့ ပတ်သက်လို့ဆိုလို့ ရှိရင် ဒီအခြေအနေမှာ အခုလို တဖက်နဲ့တဖက် ဆွေးနွေးနေကြတဲ့၊ ပြောဆိုနေကြတဲ့၊ အကဲစမ်းနေတဲ့ အခြေအနေမျိုးတွေမှာ ဒါတွေဟာ ဖြစ်သင့်သလား။ ဥပမာအားဖြင့် ဧရာဝတီမြစ်ဆုံကိစ္စအတွက်၊ ရေကာတာကိစ္စအတွက် ဆန္ဒပြမှုမျိုးတွေ။ တရုတ်သံရုံးရှေ့ ဆန္ဒပြမှုမျိုးတွေ၊ လှုံ့ဆော်တဲ့ ကိစ္စမျိုးတွေပေါ့နော်။ အဲဒါတွေဟာ ဒီအခြေအနေမှာ တကယ်တမ်း ဖြစ်လာခဲ့လို့ရှိရင် ထိန်းမနိုင် သိမ်းမရ အခြေအနေမျိုးထိ ရောက်သွားနိုင်သလား။

ဦးအောင်မိုးဇော် ။ ။ ကျနော်ထင်တယ် တချို့အနေအထားတွေမှာ တချို့နိုင်ငံတွေက အပြောင်းအလဲတွေမှာ ဒါမျိုးတွေ ကလည်း ဖြစ်လေ့ဖြစ်ထ ရှိတာပေါ့။ ဖြစ်လေ့ဖြစ်ထရှိတဲ့အခါကျတော့ ကျနော်တို့ နိုင်ငံမှာလည်း ဒါမျိုးတွေ မဖြစ်ဘူးလို့ ပြောဖို့တော်တော် ခက်ပါတယ်။ ဒါပေမယ့် ကျနော်အမြင်ကို ပြောချင်တာကတော့ ကနေ့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ပဲဖြစ်ဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးမှုနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စကို သူတို့စပြီး လျှောက်လှမ်းဖို့ ကြိုးစားနေတယ်။ ဒါကို ကျနော်တို့ ယုံကြည်မှုအပြည့်နဲ့ ကျနော်တို့ နောက်ကနေ ရံဖို့လိုအပ်တယ်လို့ ကနေ့ကာလမှာ မြင်တယ်။ သို့သော်လည်း ဒီကိစ္စကလည်း အကန့်အသတ် ရှိပါလိမ့်မယ်။ အချိန် အကန့်အသတ် ရှိနိုင်တယ်။ ဒီလို အကန့်အသတ်တွေ ကျော်လွန်ပြီးတဲ့ အနေအထားတွေမှာတော့ အခုနလို လှုပ်ရှားမှုတွေ အများကြီးလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဧရာဝတီလို ကိစ္စမျိုးကတော့ ထူးခြားတဲ့ကိစ္စဖြစ်တယ်။ နိုင်ငံရေးကိစ္စတခုတည်းကိုပဲ ကြည့်လို့မရဘူး။ တိုင်းပြည်တခုလုံး၊ ပြည်သူလူထုတခုလုံး၊ ကျနော်တို့ရဲ့ သမိုင်း၊ ပြည်သူတွေရဲ့ Livelihood ဒါတွေနဲ့လည်း အားလုံး သက်ဆိုင်တယ်။ ဆိုတဲ့အခါကျတော့ ဧရာဝတီကိစ္စကတော့ တစုံတရာ လေးနက်ရလိမ့်မယ်။ သို့သော်လည်း တဖက်ကလည်း အုပ်ချုပ်တဲ့ ပုဂ္ဂိုလ်တွေအနေနဲ့၊ အာဏာလက်ရှိ ကိုင်ထားတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ ဒီကိစ္စတွေကို လေးလေးနက်နက် ရှိစေချင်တယ်။ အဲဒီလို မဟုတ်ဘူး ဆိုရင်တော့ ပေါက်ထွက်ကောင်းလည်း ထွက်နိုင်တယ်။ ဒါ အားလုံးရဲ့ အကျိုးစီးပွား။ ပြည်သူတရပ်လုံးရဲ့ အကျိုးစီးပွားကို သွားထိခိုက်နေတဲ့ကိစ္စဖြစ်လို့ ဖြစ်တယ်။

ဦးသန်းလွင်ထွန်း ။ ။ လက်ရှိ တွေ့ဆုံမှုတွေထဲမှာ အဓိကအားဖြင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဒီမိုကရေစီ လှုပ်ရှားသူတွေအနေနဲ့ တောင်းဆိုနေတဲ့အချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေးကိစ္စ ဖြစ်တယ်။ ဒါနဲ့ ပတ်သက်လို့ အဖြေတွေက ရေရေရာရာ မရှိသေးတာကို တွေ့ရတယ်။ အဲဒီကိစ္စနဲ့ပတ်သက်လို့ ဘယ်လို အချိန်အတိုင်းအတာ သတ်မှတ်မှုတွေ လုပ်စေချင်သလဲ။

ဦးအောင်မိုးဇော် ။ ။ ကျနော်မြင်တာကတော့ တစုံတရာ တဖက်က စစ်အုပ်စုအနေနဲ့ဖြစ်ဖြစ်၊ အစိုးရအနေနဲ့ ဖြစ်ဖြစ် တစုံတရာ အာမခံချက်ရှိမှ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်ပြီးတော့ တစတစ လွှတ်ပေးမယ်ဆိုတဲ့ သဘောမျိုး ရှိပုံရတယ်။ ကျနော် မြင်တဲ့အမြင်ကတော့ ကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြောဆိုဆွေးနွေးမှုတွေကို ဒီ့ထက်ခိုင်မာအောင် တကယ်ကို အချိန်အကန့်အသတ်နဲ့ သေသေချာချာ ဆက်ပြီးတော့ လုပ်စေချင်တယ်။ တပြိုင်နက်တည်းမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်တဲ့ကိစ္စကို စပြီး စဉ်းစားစေချင်တယ်။

ဦးသန်းလွင်ထွန်း ။ ။ ပြည်ပရောက် လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော် ကို ဆက်သွယ်မေးမြန်းခဲ့တာပါ။

(စက်တင်ဘာ ၂၅၊ ၂၀၁၁ – VOA ဒီမိုကရေစီရေးရာ ဆွေးနွေးခန်း)

No comments:

Post a Comment